စစ်အာဏာရှင်စနစ်ဆီ ပြန်သွားဖို့ ဘာသာရေးကို ခုတုံးလုပ်နေသလား

ဒီအချက်တွေ အားလုံးကို ထောက်ပြပြီးမှ သူရဦးအောင်ကိုက လက်ရှိ မတည်မငြိမ်ဖြစ်အောင် ဆန္ဒပြနေတဲ့ ဘာသာရေး အစွန်းရောက်တွေရဲ့ နောက်ကွယ်မှာ အာဏာရှင် စနစ်ဆီ ပြန်သွားချင်တဲ့ လူပုဂ္ဂိုလ် တစ်စု၊ အဖွဲ့အစည်း တစ်ခု ရှိနေတယ်ဆိုပြီး ပြောလိုက်တာ ဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်က အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ သာသနာရေးဝန်ကြီး သူရဦးအောင်ကို နှုတ်ထွက်ပေးဖို့ ထောင်နဲ့ချီရှိတဲ့ လူတွေ ဆန္ဒပြကြပါတယ်။ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကြီး ကျင်းပဖို့ ၄ ရက်အလိုမှာ ဆန္ဒပြပွဲ လုပ်ကြတာပါ။

ဒီလူတွေဟာ နေပြည်တော်က မဟုတ်ဘဲ တခြား ပြည်နယ်နဲ့တိုင်းတွေကနေ စုဝေးရောက်ရှိလာပြီး ဆန္ဒပြကြတာပါ။ ဆန္ဒပြပွဲပြီးတဲ့နောက် ပွဲဖြစ်မြောက်အောင် လုပ်တဲ့သူတွေဟာ ဆန္ဒပြမယ့်သူတွေကို နေ့စားခ ဘယ်လောက်ပေးပြီး ခေါ်လာတယ်၊ တချို့ကတော့ ပေးမယ်လို့ ပြောထားတဲ့ နေ့တွက်ခတွေ မရဘူး၊ နေပြည်တော်ကနေ ကိုယ့်မြို့ကိုယ့်ရွာ ပြန်ဖို့ စရိတ်မရှိဘူး စတဲ့ အသံတွေ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ထွက်ပေါ်လာပါတယ်။

မေလ ၂၄ ရက်မှာတော့ ပင်လုံညီလာခံ အစည်းအဝေး တက်လာတဲ့ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကို အဲဒီကိစ္စ မေးမြန်းကြပါတယ်။ သူရဦးအောင်ကိုကတော့ ခပ်ပြတ်ပြတ်ပဲ၊ ဒီလူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေဟာ အရင် အာဏာရှင်ခေတ်ကို ပြန်သွားချင်တဲ့သူတွေ ဆိုပြီး စွပ်စွဲလိုက်ပါတယ်။

သူရဦးအောင်ကိုရဲ့ စွပ်စွဲချက် ဘယ်လောက် မှန်နိုင်မလဲ၊ မျိုးချစ်အဖွဲ့တွေလို့ နာမည်အမျိုးမျိုးတပ်ပြီး မူဆလင် မုန်းတီးရေး၊ အကြမ်းဖက်မှု ဖန်တီးရေး လုပ်ကိုင်နေကြသူတွေရဲ့ တကယ့် ရည်ရွယ်ချက်ဟာ ဘာဖြစ်နိုင်မလဲ၊ မြန်မာ့နိုင်ငံရေးအပေါ်ကိုရော ဘယ်လို အကျိုးသက်ရောက်နိုင်မလဲ ဆိုတာ လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကတော့ အဲဒီဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ကုန်ကျခဲ့တဲ့ စရိတ်တွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲသားပြည်သူတွေ များတဲ့အတွက် ဒီအထဲက ပြည်သူတချို့ လမ်းပေါ်ထွက် ဆန္ဒပြလာအောင်ဆိုရင် နေ့တွက်စရိတ် ပေးတဲ့နည်းနဲ့ လုပ်နိုင်တဲ့အကြောင်း၊ အခု နေပြည်တော်မှာလုပ်တဲ့ ဆန္ဒပြပွဲဆိုရင် မန္တလေး၊ မော်လမြိုင်တို့လို တခြားဒေသအသီးသီးက ကားတွေနဲ့ လာရောက် ဆန္ဒပြရတာ ဖြစ်လေတော့ စားစရိတ်၊ ကားခ၊ နေထိုင်စရိတ် အစရှိသဖြင့် ခန့်မှန်းခြေ သိန်းထောင်နဲ့ချီ ကုန်ကျမှာဖြစ်ကြောင်း သတင်းမီဒီယာတွေကို ပြောဆိုပါတယ်။ တစ်ဆက်တည်း ဒီငွေတွေကို နောက်ကွယ်ကနေ ပံ့ပိုးပေးတဲ့သူတွေ ရှိနေတဲ့အကြောင်း ဝန်ကြီးက သတင်းမီဒီယာတွေကို ပြောပါတယ်။

သူ့အနေနဲ့ ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းတွေ လှုပ်ရှားနိုင်ဖို့ နောက်ကွယ်ကနေ ငွေကြေးပံ့ပိုးသူတွေ ရှိနေတယ်ဆိုတာ ၂၀၁၆ ခုနှစ်ကတည်းက သတိပြုမိတဲ့အကြောင်း၊ ဒါကြောင့် အဲဒီဇစ်မြစ်တွေကို သိနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဗဟိုဘဏ်ကို အကူအညီ တောင်းခဲ့ကြောင်း၊ ဒါပေမဲ့ ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို ထပ်ဆင့် ညွှန်ကြားတာမျိုး အပါအဝင် ပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်းတဲ့ အတွက် အခု သမ္မတရုံးဆီကို ဆက်ပြီးတင်ပြထားကြောင်း၊ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အစွန်းရောက် ဘာသာရေးအဖွဲ့တွေ လှုပ်ရှားဖို့ ကျပ်ငွေ သန်း ၅,၀၀၀ လောက် ရှိတယ်လို့ ခန့်မှန်းရကြောင်း၊ အဲဒီမှာ အရင် စစ်အာဏာရှင်ခေတ်က တန်ခိုးထွားခဲ့တဲ့ ဝန်ကြီးဟောင်း တစ်ယောက်ရဲ့ သားပိုင် ဘဏ်တစ်ခုလည်း ပတ်သက်နေတဲ့အကြောင်း ပြောပါတယ်။ (ဝန်ကြီးရဲ့ ပြောကြားမှုတွေဟာ လုံးဝမှန်ကန်မှုမရှိဘူးလို့ သက်ဆိုင်ရာဘဏ်ဘက်က ကြေညာချက်ထုတ် ငြင်းဆိုခဲ့ပြီးနောက်ပိုင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဘက်က ပြန်လည်တောင်းပန်ခဲ့တယ်လို့ သတင်းဌာနတချို့က ဖော်ပြခဲ့ပါတယ်။ အယ်ဒီတာ)

မျိုးချစ်တွေလို့ နာမည်ခံထားတဲ့ အဖွဲ့တွေကနေ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ တစ်ခုပြီး တစ်ခု ဖြစ်လာအောင် ကြိုးစားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက ဖြစ်ခဲ့တဲ့ သာကေတ က ပြဿနာ၊ မင်္ဂလာတောင်ညွန့်က ပြဿနာတွေမှာ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေ မအောင်မမြင် ဖြစ်ခဲ့ပြီး တချို့ ဖမ်းဆီး အရေးယူတာ ခံရပါတယ်။ 

ဒီအချက်တွေ အားလုံးကို ထောက်ပြပြီးမှ သူရဦးအောင်ကိုက လက်ရှိ မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့ ဆန္ဒပြနေတဲ့ ဘာသာရေး အစွန်းရောက်တွေရဲ့ နောက်ကွယ်မှာ အာဏာရှင် စနစ်ဆီ ပြန်သွားချင်တဲ့ လူပုဂ္ဂိုလ် တစ်စု၊ အဖွဲ့အစည်း တစ်ခု ရှိနေတယ်ဆိုပြီး ပြောလိုက်တာ ဖြစ်ပါတယ်။

နောက်ကြောင်းကို နည်းနည်းပြန်ကြည့်လိုက်ရင် ၂၀၁၂ ခု နှစ်လယ် ရခိုင်ပြည်နယ်မှာ လူသတ်မုဒိန်းမှု တစ်မှုကို အကြောင်းခံပြီး ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပါတယ်။ နောက်ပိုင်း အဲဒီ အကြမ်းဖက်မှုတွေဟာ ပြည်မက မိတ္တီလာ၊ လားရှိုး၊ မန္တလေး၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းအထိ ပျံ့နှံ့ခဲ့ပါတယ်။အကြမ်းဖက်မှုတွေနဲ့ တစ်ပြိုင်နက်တည်း မူဆလင် မုန်းတီးရေး လှုပ်ရှားတဲ့အဖွဲ့တွေ၊ လှုပ်ရှားမှုတွေ၊ အကြမ်းဖက်ဖို့ လှှုံ့ဆော်မှုတွေပါ ပေါ်ပေါက်ခဲ့တာပါ။

ဒီပြဿနာတွေနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ ကောင်းကောင်း ကိုင်တွယ်တာမျိုး မလုပ်ခဲ့ပါဘူး။ အဲဒီအချိန်ကတည်းက ဘာသာရေး အစွန်းရောက် ဘုန်းတော်ကြီး တချို့နဲ့ တရားမဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတချို့ကို နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တာမို့ အဲလို ငွေကြေးထောက်ပံ့မှုတွေဟာ လှူဒါန်းမှု ခေါင်းစဉ်အောက်မှာ ပျောက်ကွယ်သွားလေ့ ရှိပါတယ်။ ထူးခြားတာကတော့ အဲလို လှူဒါန်းမှု လုပ်သူတွေထဲမှာ တပ်မတော် အရာရှိဟောင်းတွေ ပါဝင်နေတာပါ။

အဲလို ဘာသာရေး အမုန်းတရား ဖြန့်ဖြူးတဲ့သူတွေဟာ နောက်ပိုင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နီးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဆန့်ကျင်ရေး၊ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံရေးကို ပြောင်ပြောင်တင်းတင်း လုပ်လာတာ အားလုံး မြင်တွေ့ကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင် အစိုးရဟောင်း လက်ထက်ကတည်းက ဘာသာရေး လူမျိုးရေး အမုန်းတရား ဖြန့်ဖြူးသူ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေနဲ့ သူတို့ကို နောက်ကွယ်က ပံ့ပိုးသူတွေမှာ နိုင်ငံရေး ရည်မှန်းချက် ရှိတယ်ဆိုတာ ထင်ထင်ရှားရှား မြင်ခဲ့ကြရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာချိန်မှာတော့ လက်ရှိ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုဟာ ငြိမ်းချမ်းရေးကို လိုလားပြီး၊ မေတ္တာတရားနဲ့ ထုံမွှမ်းထားတဲ့ ဗုဒ္ဓဘာသာ ပုံရိပ် ပြန်ကောင်းလာစေဖို့အတွက် တရားဝင် ဖွဲ့စည်းထားတာ မဟုတ်တဲ့၊ အင်အားလည်း ကောင်းတဲ့ မဘသ အဖွဲ့ကြီးရဲ့ လုပ်ရပ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားပါတယ်။ အမုန်းတရားတွေ ဟောပြောတဲ့ နာမည်ကြီး ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဦးဝီရသူကို သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းတွေကနေ အရေးယူအောင် လျှောက်ထားတင်ပြပါတယ်။ ဒီကြားထဲမှာကိုပဲ စစ်ဗိုလ်ဟောင်းတချို့က ငွေကြေးထောက်ပံ့ စီစဉ်တဲ့ အင်န်အယ်လ်ဒီ ဥပဒေအကြံပေး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှု ပေါ်ပေါက်ပါတယ်။

မျိုးချစ်တွေလို့ နာမည်ခံထားတဲ့ အဖွဲ့တွေကနေ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ တစ်ခုပြီး တစ်ခု ဖြစ်လာအောင် ကြိုးစားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက ဖြစ်ခဲ့တဲ့ သာကေတ က ပြဿနာ၊ မင်္ဂလာတောင်ညွန့်က ပြဿနာတွေမှာ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေ မအောင်မမြင် ဖြစ်ခဲ့ပြီး တချို့ ဖမ်းဆီး အရေးယူတာ ခံရပါတယ်။

ထူးခြားချက်အနေနဲ့ အခုရက်ပိုင်း ဖွဲ့စည်းလိုက်တဲ့ မျိုးချစ် အဖွဲ့အစည်းတစ်ခုမှာ အလွန်ထင်ရှားတဲ့ ခရိုနီ စီးပွားရေးသမားကြီး တစ်ယောက် ပါဝင်လာခြင်းပါ။ သူဟာ အရင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် အရင်စစ်အုပ်စု ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို နာမည်ခံပေး လုပ်ပေးနေရသူပါ။

ဒါတွေ အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင် အာဏာမဲ့သွားတဲ့ အရင်စစ်အာဏာရှင် အသိုင်းအဝိုင်းက လူတချို့ဟာ ဘာသာရေး လူမျိုးရေးကို အသုံးချပြီး တိုင်းပြည် မတည်မငြိမ် ဖြစ်အောင်၊ အဲလို ဖြစ်လာရင် စစ်တပ်က အာဏာ ပြန်သိမ်းပါတော့လို့ တောင်းဆိုနိုင်အောင် ကြံစည်ကြိုးစားလာကြခြင်းပဲလို့ ကောက်ချက်ချနိုင်ပါတယ်။

အခြားတစ်ဖက်မှာလည်း အာဏာမဲ့သွားတဲ့ နိုင်ငံရေး အုပ်စုတွေဟာ ရွေးကောက်ပွဲနည်း၊ လူထုက ရွေးချယ်တင်မြှောက်တဲ့ နည်းလမ်းနဲ့ဆိုရင် တိုင်းပြည်အာဏာကို နောက်ထပ် ဘယ်တော့မှ ရတော့မှာ မဟုတ်ဘူးဆိုတာ သဘောပေါက်သွားတဲ့အတွက် အခုလို ဘာသာရေး အစွန်းရောက်နည်း၊ တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် လုပ်တဲ့နည်း၊ အရင်စစ်အာဏာစနစ်လို ခေတ်ဟောင်းပြန်သွားတဲ့ နည်းလမ်းကို အသုံးပြုလာတာ ဖြစ်တယ်လို့လည်း တွက်ဆ နိုင်ပါတယ်။ ဒါကြောင့် လက်ရှိ မျိုးချစ်အမည်ခံ အုပ်စုတွေရဲ့ လှုပ်ရှားမှု တကယ်ရည်ရွယ်ချက် အစစ်အမှန်ဟာ ဘာသာရေး မဟုတ်၊ နိုင်ငံရေးသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar