စစ်ပွဲတပွဲနှင့် ကြီးမားလှသည့် ပေးဆပ်မှုများ

မြန်မာနိုင်ငံသည် နောက်ဆုံးတွင် ရေရှည်ခိုင်မြဲသည့် တစ်နိုင်ငံလုံး ငြိမ်းချမ်းမည့်လမ်းစကို အမှန်တကယ် စတင်လျှောက်လှမ်းနိုင်ခဲ့ပြီဆိုသော်လည်း ရှေ့ဆက် လျှောက်လှမ်းရမည့် လမ်းမှာ မရေရာသေးပါ။

RENATA LOK-DESSALLIEN ရေးသားသည်။

သြဂုတ်လ ၃၁ရက်နေ့ နံနက်တွင် ကျွန်မသည် နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားကြီးအား တက်ရောက်ခွင့် ရရှိခဲ့ပါသည်။ နိုင်ငံထိပ်တန်းခေါင်းဆောင်များဖြစ်ကြသော အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်တို့က တစ်လှည့်စီ မိန့်ခွန်းပြောကြားနေကြသည်ကို နားထောင်ရင်း ဤသမိုင်းဝင် အခါသမယတွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေရပါလားဟူသော ခံစားချက်သည် ရင်ထဲတွင် ပေါ်ပေါက်ခဲ့ရပါသည်။ ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်ပေးနေသည်ကို ကြည့်ရှုနေကြသည့် သန်းနှင့်ချီသော ပြည်သူများနှင့်အတူ မျှဝေခံစားခွင့်ရခဲ့သော  ဤအခါသမယလေးက လှစ်ဟပြသလိုက်သည်မှာ မြန်မာနိုင်ငံသည် နောက်ဆုံးတွင် ရေရှည်ခိုင်မြဲသည့် တစ်နိုင်ငံလုံး ငြိမ်းချမ်းမည့်လမ်းစကို အမှန်တကယ် စတင်လျှောက်လှမ်းနိုင်ခဲ့ပြီဆိုသည့်အချက်ပင် ဖြစ်ပါသည်။ ရှေ့ဆက်လျှောက်လှမ်းရမည့် လမ်းမှာ မရေရာသေးပါ။ သို့သော် ဤညီလာခံကြီး ကျင်းပခဲ့ခြင်းသည် တစ်နိုင်ငံလုံး၊ ပြည်သူတစ်ရပ်လုံး နှစ်ပေါင်းများစွာ မျှော်မှန်းတမ်းတခဲ့သည့် အမြင့်မားဆုံးဆန္ဒကို အထွတ်အထိဋ်ထိ ဖော်ဆောင်ပေးခဲ့သည်ဟု သုံးသပ်မိပါသည်။          

ယနေ့ စက်တင်ဘာလ ၂၁ ရက်နေ့သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ထားသော နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ဖြစ်ပါသည်။ ဤနေ့သည် နိုင်ငံများအားလုံးနှင့် ပြည်သူများအားလုံးအတွက် မိမိနိုင်ငံတွင်းနှင့် ကမ္ဘာ့နိုင်ငံများကြား ငြိမ်းချမ်းရေး၏ အကောင်းဆုံးစံများကို သုံးသပ်ဆင်ခြင်ရန် အကောင်းဆုံး အချိန်အခါဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးကို ရရှိစေမည့် အလားအလာများကို အလေးအနက် တွေးတောချင့်ချိန်ရမည့် အချိန်အခါ ဖြစ်ပါသည်။ နိုင်ငံတကာငြိမ်းချမ်းရေးနေ့အား ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှ ၁၉၈၁ ခုနှစ်တွင် စတင် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဤနေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ ကုလသမဂ္ဂသည် ယင်း၏ မိတ်ဖက်များဖြစ်သည့် သက်ဆိုင်ရာ အစိုးရများ၊ အခြားအဖွဲ့အစည်းများနှင့်အတူ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်မြဲ ဖြစ်ပါသည်။ 

၂၀၁၆ ခုနှစ် နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် မြန်မာနိုင်ငံလောက် စိတ်အတွေးနှင့် ခံစားချက်ပေါင်းများစွာ လှုပ်ခတ်ပျံ့နှံ နိုင်မည့်နေရာ ကမ္ဘာပေါ်တွင် ရှိနိုင်မည်မထင်မိပါ။ ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းတစ်ခုမှာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြည်တွင်းပဋိပက္ခသည် ကမ္ဘာပေါ်ရှိ အရှည်ကြာဆုံး ပြည်တွင်းစစ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာပြည်သူများ အပေါ် နှစ်ပေါင်း ၆၀ ကျော်ကြာ ထိခိုက်ခံစားစေခဲ့သောကြောင့်ပင် ဖြစ်ပါသည်။ လူပေါင်းထောင်သောင်းချီ သေဆုံး ကြရကာ လူပေါင်းသိန်းချီ၍ နေရပ်စွန့်ခွာထွက်ပြေးခြင်း၊ သို့မဟုတ် နယ်စပ်ဖြတ်ကျော်ကာ ဒုက္ခသည်ဘဝ ရောက်ခဲ့ခြင်းများရှိခဲ့ပြီး တရားမျှတခြင်းကင်းသည့်၊ ဂုဏ်သိက္ခာ ကင်းမဲ့စေသည့် ဆင်းရဲဒုက္ခများ မရေမတွက်နိုင်အောင် သက်ရောက်မှု ရှိစေခဲ့ပါသည်။ ထိုအဖြစ်အပျက်များအား ကိုယ်တိုင်တွေ့ကြုံခံစားရသူများအဖို့ “စစ်ပွဲဆိုသည်မှာ ငရဲပါ” ဟူသည့် ရှေးဆိုရိုးစကားကို ငြင်းပယ်နိုင်စရာ ရှိမည်မဟုတ်ပါ။ သို့သော် ဤလက်နက်ကိုင်ပဋိပက္ခသည် ရန်ကုန်နှင့် အချို့သော တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြည်သူများအဖို့ အထူးအဆန်း ဖြစ်နေသလို ထိုငရဲသည်လည်း အမှန်တကယ် ရှိနေသော်ငြား မမြင်သာဘဲ မှုန်ဝါးမှောင်မိုက်လျက် ရှိနေပါသည်။

သို့သော် လွတ်လပ်ရေးရပြီးကတည်းက စတင်၍ ကာလရှည်ကြာ ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ၏ ထိုပဋိပက္ခကြောင့် ပေးဆပ်ခဲ့ရသည့် တန်ဖိုးသည် အမှန်တကယ် ကြီးမားလွန်းလှပါသည်။ ပဋိပက္ခဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ကြရသူများသည် စစ်ပွဲများအတွင်း ၎င်းတို့၏ သားသမီးများ သေဆုံးကြ၊ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရကြသည်ကို မြင်တွေ့ခဲ့ရပြီး အခြား သူများမှာ ရုတ်တရက်ချက်ချင်း နေအိမ်များမှ စွန့်ခွာထွက်ပြေးခဲ့ကြရပါသည်။ သို့သော် စစ်ပွဲ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ထိုမျှလောက် သိသာထင်ရှားခြင်းမရှိသော်လည်း မိမိတို့ဘဝများအပေါ် ဂယက်ရိုက်ခဲ့မှုများသည် မြန်မာပြည်သူများ အားလုံးအပေါ် သက်ရောက်မှုများရှိခဲ့သည်မှာ ထင်ရှားလျှက်ရှိပါသည်။   

နောက်ဆက်တွဲဆိုးကျိုးများထဲမှ တစ်ခုမှာ မြန်မာနိုင်ငံ၏ အကန့်ွှအသတ်ရှိသော ဘဏ္ဍာရေးအရင်းအမြစ်များအား အသုံးပြုနေပုံနှင့် ဆက်နွယ်နေပါသည်။ မည်သည့်နေရာတွင်ဖြစ်စေ စစ်ပွဲတစ်ခုကို တိုက်နေရပြီဆိုလျှင် ထိုစစ်ပွဲအတွက် အလွန်တရာကြီးမားသော ရင်းနှီးမြုပ်နှံမှုတစ်ခုကို ပြုလုပ်ရမည်ဖြစ်ရာ မြန်မာနိုင်ငံသည်လည်း ထို့အတူပင် ဖြစ်ပါလိမ့်မည်။ စစ်ပွဲနှင့် ယင်းအတွက် ပေးဆပ်ရသော တန်ဖိုးများကို ထည့်သွင်းစဉ်းစားကြည့်မည်ဆိုလျှင် နှစ်ပေါင်း ၆၀ ကြာမြင့်ခဲ့သော လက်နက်ကိုင်ပဋိပက္ခတစ်ခုသည် မြန်မာပြည်သူများအတွက် အလွန်ကြီးမားသော ယိုပေါက်ကြီးတစ်ခု ဖြစ်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံအတွက် လက်ခံရန်ခက်ခဲမည့် ဖြစ်ရပ်မှန်တစ်ခုမှာ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ၏ လူသား ဖွံဖြိုးမှုအညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အောက်ဆုံးအုပ်စုတွင် ပါဝင်နေခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်၌ နိုင်ငံပေါင်း ၁၈၈ နိုင်ငံ အနက် ၁၄၈ နေရာမြောက်တွင် ရောက်ရှိနေခြင်းပင် ဖြစ်ပါသည်။ ရိုးရိုးရှင်းရှင်းပြောရမည်ဆိုလျှင် လူပေါင်းများစွာ ဆင်းရဲ ခြွတ်ခြုံကျကာ လူတန်းစေ့ နေထိုင်စားသောက်နိုင်မည့် နည်းလမ်းမရှိဘဲ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ အခြေခံ ဝန်ဆောင်မှုများကို လုံလောက်စွာ လက်လှမ်းမီ အသုံးပြုနိုင်ခြင်းမရှိ ဖြစ်နေကြပါသည်။ မိခင်ပေါင်းများစွာ ကလေးမီးဖွားရင်း သေဆုံးနေကြသလို ငယ်ရွယ်စဉ်မှာပင် ကြိုတင်ကာကွယ်နိုင်သော ရောဂါများဖြင့် သေဆုံးနေသော ကလေးများ၏ အရေအတွက်မှာလည်း များပြားလွန်းလှပါသည်။ ဆောက်လုပ်ထားခြင်းမရှိသော ကျောင်းများ သို့မဟုတ် ကျန်းမာရေးဆေးခန်းများကို ကျွန်ုပ်တို့ သတိမမူမိကြသော်ငြားလည်း ဤသို့မဆောက်လုပ်ခဲ့၍ နောက်ဆက်တွဲအကျိုးဆက်များမှာ အမှန်တကယ်ပင် တည်ရှိနေပါသည်။ အခြေခံအားဖြင့် မြန်မာနိုင်ငံသည် လက်နက်ကိုင်ပဋိပက္ခများအတွက် အသုံးပြုခဲ့သော အရင်းအမြစ် များအား မြန်မာနိုင်ငံကို ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ကယ်တင်ရာတွင် လွဲှပြောင်းအသုံးပြုနိုင်မည့် နည်းလမ်းကိုရှာဖွေရန် လိုအပ်ပါလိမ့်မည်။ ငြိမ်းချမ်းရေးကို ရယူခြင်းသည် ဆက်လက်လျှောက်လှမ်းရမည့် ဤလမ်းခရီးအတွက် အလွန်အရေးကြီးသော ခြေလှမ်းတစ်ရပ်ပင် ဖြစ်ပါသည်။   

ရှေ့သို့လှမ်းမျှော်ကြည့်မည်ဆိုလျှင် အားတက်ဖွယ်ရာများစွာ ရှိနေပါသည်။ ကျွန်မသည် မြန်မာပြည်သူများ၏ ကြံ့ကြံ့ခံ နိုင်သည့်စွမ်းပကားနှင့်  လက်စားချေလိုစိတ်နှင့် တုံ့ပြန်ဒဏ်ခတ်လိုစိတ်များ ကင်းမဲ့မှု၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေးစားနှစ်သက်ဖွယ်ကောင်းလှသည့် စိတ်ဓါတ်ထက်သန် ပြင်းပြမှုများကို အံ့သြဝမ်းမြောက်ဖွယ်ရာ အကြိမ်ကြိမ် တွေ့မြင်ခဲ့ရပြီးဖြစ်ပါသည်။ ရန်ကုန်မြို့နှင့် နိုင်ငံ၏ အခြားသောနေရာဒေသများရှိ ပြောင်းလဲတိုးတက်မှုများ၏ အရှိန်အဟုန်မှာ ရင်သပ်ရှုမောဖွယ်ရာဖြစ်နေပြီး မော်တော်ယာဉ်များ၊ မိုဘိုင်းဖုန်းများ၊ အဆောက်အဦများနှင့် စီးပွားရေးလုပ်ငန်းများ ရုတ်ခြည်းတိုးတက် များပြားလာမှုမှာ အလွန်မြင်သာထင်ရှားလျက်ရှိပါသည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့အလျှင်မြန်ဆုံး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများထဲမှတစ်ခုကို မြန်မာနိုင်ငံတွင် တစ်ကမ္ဘာလုံးက တွေ့မြင်ခဲ့ကြရပါသည်။ ထို့အပြင် နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာနိုင်ငံနှင့် ပုံမှန်ဆက်ဆံလာသည်နှင့်အမျှ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အခွင့်အလမ်းများလည်း ပိုမိုအားကောင်းလာမည်ဖြစ်ပါသည်။   

သို့သော် နိုင်ငံ၏ ဒေသအသီးသီးတွင် ကြာလရှည်ကြာ ဖြစ်ပွားလာခဲ့သော ပဋိပက္ခများကို အဆုံးမသတ်နိုင်ပါက မြန်မာ နိုင်ငံသည်  အလားအလာရှိသလောက် အပြည့်အဝ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် မဟုတ်ပေ။ သမိုင်းကို ပြန်ကြည့်လျှင် ပြည်တွင်းပဋိပက္ခကို ဆင်နွှဲရင်း တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးစည်ပင်မှုတို့ကို တစ်ချိန်တည်းရယူနိုင်သည့် နိုင်ငံဟူ၍ မရှိသလောက်ပင် ဖြစ်ပါသည်။ မကြာသေးခင် ရက်သတ္တပတ်များက တောင်အမေရိက နိုင်ငံတစ်နိုင်ငံဖြစ်သော ကိုလံဘီယာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော ပြည်တွင်းစစ်အား ရပ်တန့်ရန်အတွက် အတိုက်အခံအင်အားစုများနှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်နိုင်ပြီ ဖြစ်ပါသည်။ ယင်းသည် အတော်များများက ဖြေရှင်းရန် အလွန်ခက်ခဲလိမ့်မည်ဟု သတ်မှတ်ခြင်းခံခဲ့ရသည့် ပဋိပက္ခတစ်ခု ဖြစ်ပါသည်။ သို့သော် နောက်ဆုံးတွင် စစ်ရေးအရ အနိုင်အရှုံးအဆုံးအဖြတ်ပေးနိုင်မည် မဟုတ်ကြောင်း အဖွဲ့များအားလုံးက တဖြည်းဖြည်း နားလည် သဘောပေါက်လာခဲ့ပါသည်။ မပြီးဆုံးနိုင်သော စစ်ပွဲဖြင့် တိုင်းပြည်အား ဆက်လက် နစ်နာဆုံးရှုံးစေမည်လား၊ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေး အဖြေရှာမည်လားဟူသည့် ရွေးချယ်စရာ လမ်းနှစ်လမ်းသာရှိရာ ၎င်းတို့သည် အမြော်အမြင်ကြီးစွာ ဒုတိယလမ်းကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပါသည်။      

မြန်မာနိုင်ငံရှိ နှစ်ပေါင်း ၆၀ ကျော်ကြာ စစ်ပွဲကို ပြန်ကြည့်ကာ ဆုံးရှုံးခဲ့သော အခွင့်အလမ်းများကို စာရင်းကောက် ကြည့်မည်ဆိုလျှင် အလေးအနက် ဆင်ခြင်စဉ်းစားဖွယ်ရာများစွာကို တွေ့ရှိရမည် ဖြစ်ပါသည်။ မိသားစုကို ဦးဆောင်ရှာဖွေ ကျွေးမွေးနေသူကို ဆုံးရှုံးခဲ့ခြင်း သို့မဟုတ် အတင်းအကြပ် ပြောင်းရွှေ့နေထိုင်စေခြင်းကြောင့် မိသားစုပေါင်းမည်မျှ ဆင်းရဲ တွင်းနက်ခဲ့ရပြီးပြီနည်း။ ကျေးလက်ဒေသများ၏ စီးပွားရေးကို ပွင့်လင်းတိုးတက်စေမည့် လမ်းများ သို့မဟုတ် ဓာတ်အား လိုင်းများ မိုင်ပေါင်းမည်မျှသည် ဆောက်လုပ်သွယ်တန်းခွင့်မရဘဲ ရှိခဲ့ကြသနည်း။ ကလေးပေါင်းမည်မျှသည် ပညာသင်ကြားခွင့်မရဘဲ ကြီးပြင်းခဲ့ရပြီး ယနေ့ခေတ်၏ ခေတ်မီတိုးတက်သော စီးပွားရေးကဏ္ဍတွင် လူကြီးများအဖြစ် မည်မျှ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေကြရရှာသနည်း။ အစောပိုင်းက နိုင်ငံခေါင်းဆောင်များကသာ စစ်ပွဲကို အတူတကွ ရှောင်ရှား ပေးနိုင်ခဲ့ကြလျှင် မြန်မာနိုင်ငံကြီးသည် ယခုအခါ မည်မျှ ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောလျက် ရှိနေမည်နည်း။ နိုင်ငံရေးအရ အဖြေရှာမှုကိုသာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လျှင် မည်သို့ ဖြစ်နေမည်နည်း။ ဤအတွေးများမှာ လွယ်ကူလှသည်တော့ မဟုတ်ပါ။ သို့သော် ကျွန်မတို့၏ သားသမီးမြေးများအား ကျွန်မတို့ကဲ့သို့ ထိုသို့သော အတွေးများကို တွေးတောမနေကြ ရစေဖို့ ကျွန်မတို့အားလုံး ကြိုးပမ်းသွားကြရမည်သာ။          

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် ယခုထက်ပို၍ အခွင့်သာသော အခြေအနေ အချိန်အခါကို ထပ်မံ ရရှိနိုင်တော့မည်မဟုတ်ပါ။ ဤအခါသမယ၏ အရေးပါမှုကို အသိအမှတ်ပြုတန်ဖိုးထားကြရန် အလွန်အရေးကြီးပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် ရှုပ်ထွေးနက်နဲလှစွာ ပေါင်းစည်းချိတ်ဆက်နေသော အချက်အလက်များက ငြိမ်းချမ်းရေးအတွက် အသင့်တော်ဆုံးအခြေအနေတစ်ရပ်ကို ဖန်တီးပေးလျက် ရှိနေပါသည်။ သို့သော် ငြိမ်းချမ်းရေးသည် အလိုအလျှောက် ရရှိလာမည်မဟုတ်ပါ။ မြန်မာ့ခေါင်းဆောင်များသည် နိုင်ငံတကာမှ ကူညီပံ့ပိုးမှုများနှင့်အတူ ဤရှည်လျား ကြမ်းတမ်းလှသည့် လက်နက်ကိုင်ပဋိပက္ခကြီးအား အဆုံးသတ်သွားစေရန်အလို့ငှာ အားလုံးအကျုံးဝင်ပြီး ရေရှည်အတွက် ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများကို ရဲဝံ့စွာဖြင့် ဆန်းသစ်တီထွင်ကြံဆကာ ရှာဖွေဖော်ဆောင်ပေးကြရမည် ဖြစ်ပါသည်။

Renata Lok-Dessallien သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနညှိနှိုင်းရေးမှူးဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar