စစ်တုရင် ပွဲသိမ်းပြီလား

မြန်မာ့ရိုးရာ စစ်တုရင်ကစားနည်းမှာ လူသိမများလှသော်လည်း စိတ်ပါဝင်စားသူ လူတစ်စုက ဤရှေးဟောင်းကစားနည်းကို ပြန်လည်ဖော်ထုတ်ရန် ကြိုးပမ်းအားထုတ်လျက် ရှိသည်။

ကယ်လီ မက်နာမာရာ ရေးသားသည်။

ဓာတ်ပုံ - ရဲအောင်သူ/ အေအက်ဖ်ပီ

ဓာတ်ပုံ – ရဲအောင်သူ/ အေအက်ဖ်ပီ

မျောက်မျက်နှာပုံ စစ်တုရင်ရုပ်ကို ဆုပ်ကိုင်ထားသော ဦးသိန်းဇော်က ၎င်း၏လက်ကို စစ်တုရင်ခုံပေါ် လှစ်ခနဲ ရွေ့လျားလိုက်ပြီး ရှေ့တက်လာသော ပြိုင်ဘက် ဘီလူးရုပ်ကို ဖြိုခွင်းလိုက်ခြင်းအားဖြင့် မြန်မာ့ရိုးရာ ချစ်မြတ်နိုးသူများက ပြန်လည်ဖော်ထုတ်ရန် အားထုတ်ကြိုးပမ်းလျက်ရှိသည့် ရှေးဟောင်းကစားနည်းတစ်ရပ်ကို သရုပ်ပြလိုက်သည်။

ထူးခြားသည့် မြန်မာ့မူပိုင် စစ်တုရင်ကစားနည်းဟု လူသိများသော မြန်မာစစ်တုရင်မှာ ခေတ်သစ် ကစားနည်းများနှင့် ဆင်တူသော်လည်း တစ်မူထူးခြားသော စစ်တုရင်ရုပ်များသာမက တကယ့်စစ်မြေပြင်မှ စစ်မဟာဗျူဟာများကို စစ်တုရင်ခုံပေါ်၌ ကစား၍ရစေရန် အနည်းငယ် ပြင်ဆင်ကာ တချိန်က စစ်သည်တော်များ အော်ဟစ်သံများကိုပါ ပဲ့တင်ရိုက်ခတ်သော ရွေ့လျားမှုများကိုလည်း ပိုင်ဆိုင်ထားသည်။

ဆင်ရုပ်များက ထောင့်ကွက်များကို ရှေ့တိုးနောက်ငင် ဆုတ်တက်ရွေ့လျားပြီး စစ်ကဲကမူ ကမ္ဘာ့စစ်တုရင်(Chess) ကစားနည်းမှ ဘုရင်မ(Queen)နေရာကို ယူထားကာ မြန်မာစစ်တုရင် ကစားသမားများသည် ရှေ့တန်းရှိ နယ်ရုပ်များနောက်ဝယ် စစ်ကဲ၊ ဆင်၊ မြင်း၊ ရထားနှင့် မင်းကြီးရုပ်များကို မိမိတို့ စိတ်တိုင်းကျ ထားရှိပြီး စစ်ဆင်နိုင်သည့် စစ်ဗျူဟာ ခင်းကျင်းမှုပိုင်းဆိုင်ရာ လွတ်လပ်စွာ ဖန်တီးခွင့် ရှိသည်။

“ဒီကစားနည်းမှာ ခင်ဗျားက စစ်ပွဲတစ်ပွဲ ဆင်နွှဲနေတဲ့ပုံစံမျိုးကို ခံစားနိုင်ပါတယ်” ဟု ငါးထပ်ကွမ်း မြန်မာ့စစ်တုရင် ချန်ပီယံတစ်ဦးဖြစ်သူ ဦးသိန်းဇော်က ရန်ကုန်မြို့လယ်တွင် များမကြာမီက ကျင်းပခဲ့သည့် မြန်မာစစ်တုရင်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားစဉ်က ပြောကြားခဲ့သည်။

၎င်း၏ပြိုင်ပွဲမှာ အစပိုင်းမှာပင် အကြိတ်အနယ် အသေအကြေ တိုက်ခိုက်ကြရာ အစားခံရသော စစ်တုရင်ရုပ်များမှာ စစ်တုရင်ခုံဘေးတွင် လျင်လျင်မြန်မြန်ပင် စုပုံလာတော့သည်။

သို့သော် နှစ်ဖက်စလုံးရှိ တပ်အခင်းအကျင်းကို မကြာခင် ခံစစ်ပိုင်းအတွက် ပြင်ဆင်လာကြပြီး ပြိုင်ပွဲမှာလည်း ပူစပ်ပူလောင်ဖြစ်နေသော အပူပိုင်းဇုန်၏ ညနေခင်းအတွင်း ချဉ်းနင်းဝင်ရောက်သွားကာ ဟင်ကနဲ ဟာကနဲ အာမေဋိတ်သံတို့ ပြု၍လည်းကောင်း၊ ခါးဝတ်လုံချည်ကို တင်းတင်းရင်းရင်း ပြန်ဝတ်၍လည်းကောင်း၊ အတွေးနယ်ချဲ့ရင်း ထူးထူးခြားခြား တိတ်ဆိတ်သွား၍လည်းကောင်း ခေတ္တတုံ့ဆိုင်း တန့်ရပ်သွားတတ်သည်။

ဤမြင်ကွင်းမျိုးမှာ အားကစားတစ်ရပ်အသွင် ပြန်လည်ဖွံ့ဖြိုးလာသည့် မြန်မာစစ်တုရင် ကစားနည်း ထွန်းကားရာ နိုင်ငံတစ်နိုင်ငံတွင် ကြုံတောင့်ကြုံခဲဖြစ်သည်။

ရိုးရာအစဉ်အလာ မြန်မာစစ်တုရင်ရုပ်နှင့် စစ်တုရင်ခုံများ ရှားပါးလာမှု၊ မြန်မာစစ်တုရင် ကစားနည်းဆိုင်ရာ အသိပညာများ မှေးမှိန်ပျောက်ကွယ်လာမှုတို့သည် မြန်မာစစ်တုရင်ကို စိတ်ပါဝင်စားမှုကို လျော့ကျစေသဖြင့် ကစားသမား ၁၀၀ မျှသာ ပြိုင်ပွဲများသို့ တက်တက်ကြွကြွ ဝင်ရောက်ဆင်နွှဲခဲ့ကြသည်။

“ဒါက ရှေးရိုးရာ ကစားနည်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒါကို ပြန်လည်ရှင်သန်စေလိုပါတယ်” ဟု  ဦးသိန်းဇော်က အေအက်ဖ်ပီကို ပြောကြားသည်။

ဓာတ်ပုံ - ရဲအောင်သူ/ အေအက်ဖ်ပီ

ဓာတ်ပုံ – ရဲအောင်သူ/ အေအက်ဖ်ပီ

စစ်ပွဲနှင့် စစ်တုရင်ရုပ်များ

ဦးသိန်းဇော်၏ လက်ဖြင့် ထွင်းထုပုံဖော်ရသည့် မျောက်နှင့် ဘီလူးပုံစစ်တုရင်ရုပ်များမှာ အိမ်နီးချင်းအိန္ဒိယနိုင်ငံရှိ ရှေးဟောင်းဒဏ္ဍာရီလာ ရာမမင်းနှင့် ဟာနုမန် မျောက်စစ်သည်တို့က ဒဿ     ဂီရိနတ်ဘီလူး ရာဝဏဘုရင်ကို တိုက်ခိုက်သည့် လူဆိုးနှင့် လူကောင်းတို့အကြား တိုက်ပွဲ တစ်ပွဲ ဖြစ်သည်။

ဤအနေအထားအရ မြန်မာ့ကစားနည်းမှာ နှစ် ၁,၀၀၀ ကျော်ပြီဟု ယူဆရကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

မြန်မာစစ်တုရင် ကစားနည်းမှာ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံများရှိ ရိုးရာကစားနည်းများနှင့် ဆင်တူပြီး ကမ္ဘာ့စစ်တုရင်(Chess) ကစားနည်းမျိုးစုံ စုစည်းမှုအတွက် အရေးပါသော ဖြည့်စွက်မှုတစ်ရပ် ဖြစ်သည်ဟု စစ်တုရင် ကစားနည်းသမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားထားပြီးဖြစ်သည့် မစ္စတာယန်း-လူးဝစ် ကာဇိုးက ဆိုသည်။

“မတူကွဲပြားခြားနားမှုတွေကို စုစည်းနိုင်တာလည်း ပြည့်စုံကြွယ်ဝမှုပါပဲ။ ဒီကစားနည်းတွေကိုသာ ထိန်းသိမ်းနိုင်မယ်ဆိုရင် ဒါတွေကို မဖြစ်မနေ ထိန်းသိမ်းစောင့်ရှောက်ရမှာပါ” ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။

ဆင်မှာ ကြောက်မက်ဖွယ် ထိုးစစ်လက်နက် ဖြစ်ခဲ့သည့် ရှေးခေတ် တကယ့်တိုက်ပွဲများကို မဆင်နွှဲမီ မြန်မာဘုရင်များ စစ်ပြင်ရာ၌ မြန်မာစစ်တုရင်ကို သုံးခဲ့ရာ ယင်းကာလများမှ အားမာန်တက်ကြွသော ဝင့်ဝါသည့်ဟန်ပန်အချို့ကို မြန်မာစစ်တုရင်က ပိုင်ဆိုင်ထားဆဲဖြစ်သည်။ “စစ်” ဆိုသည်မှာမြန်မာဝေါဟာရတွင် “စစ်ပွဲ” ကို ဆိုလိုခြင်းပင် ဖြစ်သည်။

“မြန်မာဘုရင်တွေက စစ်ပွဲတိုင်းရဲ့ ရှေ့ဆုံးတန်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီအတိုင်းပဲ မြန်မာစစ်တုရင် ကစားနည်းရဲ့ ရလဒ်ကလည်း မင်းကြီးရုပ်ရဲ့ လှုပ်ရှားတက်ကြွမှုပေါ်မှာ မူတည်နေပါတယ်” ဟု မြန်မာစစ်တုရင်အဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်က ဆိုသည်။

ရိုးရာကစားနည်းများတွင် စစ်တုရင်ရုပ်များကို သစ်သားစစ်တုရင်ခုံပေါ်၌ ဒုန်းကနဲ ဒိုင်းကနဲ ဆောင့်ချကာ အားမာန်ပါပါ ကစားခဲ့ကြသည်။

“ကျွန်တော့်အဖိုးနဲ့ အဖွားတို့က ဒီလိုပုံစံမျိုးနဲ့ ကစားခဲ့ကြတာပါ” ဟု ဦးဝင်းအောင်က စားပွဲပေါ်ရှိ နယ်ရုပ်တစ်ရုပ်ကို ဒုန်းကနဲ ပစ်တိုက်ဖယ်ရှားကာ သရုပ်ပြကစားခဲ့သည်။ “ကျွန်တော်တို့တွေ လန့်ဖျပ်သွားခဲ့ရပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

ဤအစိတ်အပိုင်းများမှာ ယခုအခါတွင် ယုယမြတ်နိုးစွာ သိမ်းဆည်းထားရသော အမွေအနှစ်တစ်ခု ဖြစ်နေပြီး ခန့်ငြားထည်ဝါသည့် အနီနှင့် အနက်ရောင်ဆင်များ၊ ရထားများ၊ ကဆုန်ပေါက်ဟန် မြင်းများမှာ ရာစုနှစ်တစ်စုကျော်မျှ စားပွဲပေါ်၌ စစ်ပွဲများ ဆင်နွှဲလာခြင်းဖြင့် ပွတ်တိုက်မှုဒဏ်ကြောင့် ချောမွတ်နေကြသည်။

သရုပ်ပြပုံများကို မြန်မာစစ်တုရင် ဂိမ်းအက်ပလီကေးရှင်း စမ်းသပ်နေသည့် တီထွင်သူတစ်ဦး၏ မိုဘိုင်းဖုန်းဘေးတွင် ပြသထားသည်။ ဓာတ်ပုံ - ရဲအောင်သူ/ အေအက်ဖ်ပီ

သရုပ်ပြပုံများကို မြန်မာစစ်တုရင် ဂိမ်းအက်ပလီကေးရှင်း စမ်းသပ်နေသည့် တီထွင်သူတစ်ဦး၏ မိုဘိုင်းဖုန်းဘေးတွင် ပြသထားသည်။ ဓာတ်ပုံ – ရဲအောင်သူ/ အေအက်ဖ်ပီ

လူအများအတွက် မြန်မာစစ်တုရင်

လက်ရာမြောက်စွာ ထွင်းထုထားသော ရိုးရာမြန်မာစစ်တုရင်ရုပ်များကို တန်ဖိုးကြီး ဇိမ်ခံပစ္စည်းများအဖြစ်သို့ ပြောင်းသွားစေခဲ့သည့် ယဉ်ကျေးမှုပိုင်း ထိခိုက်ကျဆင်းစေမှုများနှင့် ဆင်းရဲနွမ်းပါးမှုတို့ကို ဆောင်ကြဉ်းပေးခဲ့သော ကြမ်းကြုပ်ရက်စက်သည့် စစ်အုပ်ချုပ်ရေးစနစ်၏ နှစ်ငါးဆယ်ကျော်ကာလကို ရင်ဆိုင်ခဲ့ရသော မြန်မာနိုင်ငံတွင် ရှေးလက်ရာများမှာ ရှားပါးသွားကြတော့သည်။ ထိုအရုပ်များကို တစ်ခုချင်းစီလည်း ရောင်းချခဲ့ကြသည်။

“နိုင်ငံခြားသားတွေ ဒီလာပြီဆိုရင် ရှေးဟောင်းစစ်တုရင်ရုပ်တွေကို နှစ်နှစ်ခြိုက်ခြိုက် ဝယ်ကြပါတယ်။ မြန်မာတွေကလည်း ဒါတွေကို ရှေးဟောင်းအနုပညာဖန်တီးမှု နမူနာပစ္စည်းတွေအဖြစ် ကမ္ဘာလှည့် ခရီးသွားတွေကို ရောင်းကြပါတယ်။ ခုဆိုရင်တော့ အားလုံးနီးပါး ပါသွားပါပြီ” ဟု ဦးဝင်းအောင်က အေအက်ဖ်ပီကို ပြောသည်။

အရုပ်သစ်တစ်စုံအတွက် ကျပ်ငွေ ၃၅၅,၀၀၀ (ကန်ဒေါ်လာ ၃၀၀) ကုန်ကျသောကြောင့် ဆင်းရဲနွမ်းပါးသော နိုင်ငံအဖြစ်သာ ရှိနေသေးသည့် မြန်မာပြည်တွင် သာမန်ပြည်သူများ လက်လှမ်းမီရန် အလှမ်းဝေးလှရာ မြန်မာစစ်တုရင် ကစားသူအုပ်စုများက ကစားသမားများ အလုံးအရင်းဖြင့် ထွက်ပေါ်လာစေရန် ခေတ်မီဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိသည်။

ဈေးပေါသော ပလတ်စတစ်ရုပ်များနှင့် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရနိုင်သော မြန်မာစစ်တုရင် ကစားနည်း စည်းမျဉ်းစာအုပ် တစ်အုပ်ကို ယခုအခါ ဈေးကွက်တင်လိုက်ပြီ ဖြစ်သကဲ့သို့ နည်းပညာမြတ်နိုးသူ မျိုးဆက်သစ်များကလည်း ဤရှေးဟောင်းကစားနည်းကို မိုဘိုင်းဖုန်းပေါ်တွင် ကစားနိုင်ပြီဖြစ်ကာ တိုင်းပြည်မှာလည်း ဆယ်စုနှစ်များစွာ တင်းကြပ်ခဲ့ပြီးနောက်ပိုင်း ပြန်လည်ပွင့်လင်းလာခဲ့ပြီဖြစ်၍ ယခုအခါ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ပြီ ဖြစ်သည်။

ဝက်ဘ်ဆိုက် အက်ပလီကေးရှင်းကုမ္ပဏီ Total Game Play က ၂၀၁၃ ခုနှစ် နှောင်းပိုင်းတွင် မိုဘိုင်းဗားရှင်းတစ်ခု ထုတ်လုပ်ခဲ့ရာ ထိုအချိန်မှစ၍ အကြိမ်ပေါင်း ၂၀၀,၀၀၀ အထိ ဒေါင်းလော့လုပ်ယူခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

ယင်းကုမ္ပဏီမှ အသက် ၂၅ နှစ်အရွယ် ဈေးကွက်မန်နေဂျာ ကိုစိုင်းပြည့်ဖြိုးဟန်က ပြည်တွင်းမှ ဂိမ်းကစားသူများသည် အရောင်အသွေး စုံလင်သောဇာတ်ကောင်များနှင့် “ပုံမှန်တပ်မတော်၊ ထိုင်းတပ်မတော်နှင့် နတ်ဘီလူးတပ်မတော်” တို့ကို စိတ်ကြိုက်ရွေးချယ်သုံးစွဲနိုင်မှုကိုလည်း နှစ်သက်ကြကြောင်း ဆိုသည်။

“မြန်မာ့မူပိုင်ဖြစ်တဲ့ မိုဘိုင်းဖုန်းဂိမ်းတွေကို ကျွန်တော် ပိုထုတ်ချင်ပါတယ်။ ယဉ်ကျေးမှုအရ ဖျော်ဖြေတာမျိုးတွေကိုလည်း ပိုလုပ်ချင်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မြန်မာစစ်တုရင် နည်းပြနှင့် ချန်ပီယံဟောင်းဦးသိန်းဇော်အားရန်ကုန်မြို့ရှိမြန်မာစစ်တုရင် အဖွဲ့ချုပ်တွင် တွေ့ရှိရစဉ်။ဓာတ်ပုံ – ရဲအောင်သူ/ အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar