မြန်မာနိုင်ငံရှိ KK Park ဝင်းအတွင်းမှ ထိုင်းနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်လာသူများ၏ ဖုန်းများကို ထိုင်းအရာရှိများက အောက်တိုဘာလ ၂၄ ရက်တွင် ယာယီသိမ်းဆည်းနေစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ရွှေကုက္ကိုလ် KK Park အတွင်းက စစ်ကော်မရှင်၏ ဟန်ပြစီးနင်းမှုများ

မြန်မာစစ်တပ်က ထိုင်းမြန်မာနယ်စပ်ရှိ ကေကေပါ့ခ် ကျားဖြန့်စခန်းများကို ဝင်ရောက်စီးနင်းခဲ့ပြီး လူထောင်ပေါင်းများစွာကို ဖမ်းဆီးကာ တရားမဝင်ပစ္စည်းများ သိမ်းဆည်းခဲ့သည်။ သို့သော် ထိုစီးနင်းမှုသည် အွန်လိုင်းကတဆင့် ငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို ထိရောက်စွာ နှိမ်နင်းနေကြောင်း ပြသလိုသည့် စစ်ကော်မရှင်၏ ဟန်ပြလုပ်ရပ်တစ်ခုသာ ဖြစ်သည်ဟု ဝေဖန်ခံနေရသည်။

ဖရွန်တီးယား

အသက် ၁၈ နှစ်အရွယ် ကိုခန့်ခန့်သည် ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ရှိ ကျားဖြန့်ဟု လူသိများသော အွန်လိုင်းကတဆင့် ငွေလိမ်သည့် လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၆ လခန့်ရှိပြီ ဖြစ်သည်။ စစ်ကော်မရှင်တပ်များက ကေကေပါ့ခ်ရှိ ကျားဖြန့်စခန်းများကို ဝင်ရောက်စီးနင်းကြောင်း ကြားသိရသည့်အခါ ၎င်း၏ လုပ်ငန်းပါ စက်ကွင်းမလွတ် ဖြစ်လာမည်ကို စိုးရိမ်ပူပန်ခဲ့ရသည်။

၎င်းလုပ်ကိုင်နေသည့် ကျားဖြန့် စခန်းဝင်ရောက်စီးနင်းခံရပါက ဖမ်းဆီးခံရနိုင်သော်လည်း ဝင်ငွေကောင်းသော အွန်လိုင်းလိမ်လည်သူအလုပ်ကို ချက်ချင်း ရပ်နားရန် ဆန္ဒမရှိပေ။ သို့သော် ထိုသို့ ကြုံလာပါက သူ၏ဇာတိ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်သို့ အမြန်ပြန်ပြေးနိုင်ရန် အစီအစဥ် ဆွဲထားခဲ့ပြီး ဖြစ်သည်။

“အိမ်ပြန်ဖို့ကိုတော့ စီစဉ်နေတယ်။ အခုက ဆိုက်အကြီးတွေမှာတော့ ပိတ်သိမ်းနေပြီ။ ပြန်ကုန်ကြတယ်။ ကျနော်တို့က ဆိုက်အသေးဆိုတော့ အခုထိ လည်ပတ်နေတုန်း” ဟု သူက ဆိုသည်။ 

အောက်တိုဘာ ၁၉ရက် ကေကေပါခ့် စီးနင်းမှုတွင် အလုပ်သမား ၂,၁၉၈ ဦးဖမ်းဆီးရမိပြီး စတားလင့်ခ် ဂြိုဟ်တုအင်တာနက်စက် အလုံး ၃၀ သိမ်းဆည်းရမိကြောင်း​ စစ်ကော်မရှင်ပိုင် မီဒီယာများက ဖော်ပြခဲ့သည်။

သို့သော်လည်း ကျွမ်းကျင်သူများနှင့် မျက်မြင်သက်သေများကမူ ဤလုပ်ရပ်သည် စစ်ကော်မရှင် အနေဖြင့် ဆိုက်ဘာ ရာဇ၀တ်မှုပြဿနာကို ဖြေရှင်းနိုင်စွမ်းမရှိခြင်း သို့မဟုတ် ဆန္ဒမရှိခြင်း ဆိုသည့် နိုင်ငံတကာ၏ ဝေဖန်မှုများကို ကာကွယ်ရန် ရည်ရွယ်သည့် ဟန်ပြလုပ်ရပ်တစ်ခုသာ ဖြစ်သည်ဟု ထောက်ပြသည်။

ဟားဗတ်ဒ်တက္ကသိုလ်၊ အာရှစင်တာ၏ ဧည့်ပညာရှင် ဂျေကော့ဘ်ဆင်မ်က ယင်းစီးနင်းမှုအပြီး တစ်ပတ်အကြာဖြစ်သည့် အောက်တိုဘာလ၂၆ မှ ၂၈ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ကြုံရနိုင်သည့် ဝေဖန်မှုများကို လမ်းလွှဲရန် ရည်ရွယ်၍ “လူထုအမြင် ပြောင်းလဲစေရန် အစီအစဥ်တကျ ဖန်တီးပုံဖော်ခြင်း နည်းဗျူဟာ“ အနေဖြင့် လုပ်ဆောင်ချက်သာ ဖြစ်ပုံရကြောင်း ပြောသည်။

ဆင်မ်က စတားလင့်ခ် ချိတ်ဆက်မှုများကို ပိတ်ပင်တားဆီးခြင်းသည် လိမ်လည်မှုလုပ်ငန်းများကို အနှောင့်အယှက်ပေးနိုင်သော်လည်း သက်ရောက်မှုမှာ အကန့်အသတ်သာ ရှိမည်ဟု မှတ်ချက်ပြုသည်။

“သိသာထင်ရှားတဲ့ သက်ရောက်မှု ရှိနိုင်ပေမဲ့ ကျနော်တို့ မြင်ရသလောက်ကတော့ အကျိုးသက်ရောက်မှုဟာ တစိတ်တပိုင်းသာဖြစ်ပြီး စခန်းအချို့မှာသာ သက်ရောက်မှုရှိပုံရတယ်” ဟု ၎င်းက ဖရွန်တီးယားကို ပြောသည်။ 

“ဒီလုပ်ငန်းတွေက ရနေတဲ့ အကျိုးအမြတ်က အလွန်များပြားတဲ့အတွက် အခုလို အပေါ်ယံ နှိမ်နင်းရုံလောက်နဲ့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။ 

၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်တွင် မလေးရှား၌ ကျင်းပသည့် အာဆီယံမီဒီယာဖိုရမ်၌ အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ကာအိုကင်မ်ဟိုရင် က အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများသည် “မတူညီသော သက်ဆိုင်သူများ၊ အေဂျင်စီများ ပါဝင်ပူးပေါင်းဆောင်ရွက်မှု ပိုမိုလိုအပ်သည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာ” ဖြစ်ပြီး ဥပဒေစိုးမိုးရေးကဏ္ဍထက် ကျော်လွန်လုပ်ဆောင်ရမည့် ကိစ္စတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အာဆီယံအနေဖြင့် မည်သို့ဖြေရှင်းမည်ကိုမူ ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ ဖြတ်ကျော်ဝင်ရောက်လာပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးစစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံရန် စောင့်ဆိုင်းနေသူများကို ထိုင်းစစ်သားတစ်ဦးက စောင့်ကြည့်နေသည်ကို အောက်တိုဘာလ ၂၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

မဖြေရှင်းနိုင်သေးသော စိန်ခေါ်မှုများ

မြန်မာစစ်တပ် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်များ စိုးမိုးသည့် မြဝတီမြို့သည် ရာဇဝတ်မှုလုပ်ငန်းများ၏ ဗဟိုချက်မ ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။ ကျားဖြန့် အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ အခြေပြုရာ အဆိုပါ စီးပွားရေးဇုန်ကို တရုတ်ရင်းနှီးမြှုပ်နှံမှု အများစုဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုနေရာတွင် နိုင်ငံခြားသား အလုပ်သမားများကို လိမ်လည်ခေါ်ဆောင် ဖမ်းဆီးချုပ်နှောင်ပြီး အွန်လိုင်းလိမ်လည်မှုများကို အတင်းအကြပ် စေခိုင်းသည့် ကျားဖြန့်လုပ်ငန်းများ ရှိနေသည်။

ဩစတြေးလျ မဟာဗျူဟာ မူဝါဒအင်စတီကျူ၏ အချက်အလက်များအရ ထိုင်းမြန်မာ နယ်စပ်တလျှောက်ရှိ ကျားဖြန့်လုပ်ငန်းအရေအတွက်သည် ၂၀၂၁ ခုနှစ်တွင် ၁၁ ခုသာရှိခဲ့ရာမှ ယခုနှစ်တွင် အခု ၃၀ အထိ တိုးလာခဲ့သည်။  

မြန်မာနိုင်ငံတွင်းအပါအဝင် အရှေ့တောင်အာရှတွင် အခြေစိုက်သည့် ကျားဖြန့်လုပ်ငန်းများက အရှေ့အာရှနှင့် အရှေ့တောင်အာရှရှိ ပြည်သူများထံမှ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံ မှ ၃၇ ဘီလျံကြား လိမ်လည်ရယူခဲ့သည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်

ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရန် သို့မဟုတ် တစုံတရာ အရေးယူသယောင် ဟန်ပြလုပ်ဆောင်မှု များစွာသည် ၎င်းတို့ နာမည်ကောင်းရရှိစေရန် လုပ်ဆောင်ချက်များသာ ဖြစ်ခဲ့သည်။

ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံက အင်တာနက်နှင့် လျှပ်စစ်မီးကို ဖြတ်တောက်ခဲ့ရာ ယာယီသက်ရောက်မှု ရှိခဲ့သော်လည်း စခန်းများက မီးစက်၊ ဆိုလာစွမ်းအင်နှင့် စတားလင့်ခ်များကို အသုံးပြုကာ လိုက်လျောညီထွေ လုပ်ကိုင်ခဲ့ကြသည်။

အေအက်ဖ်ပီ သတင်းအေဂျင်စီ၏ သတင်းအရ ထိုသို့ ဖြတ်တောက်ပြီးနောက်ပိုင်း မြဝတီရှိ ကျားဖြန့်လုပ်ငန်းများ ပိုမိုတိုးချဲ့လာကြောင်း သိရသည်။ ကေကေပါ့ခ် စီးနင်းမှုသည် အေအက်ဖ်ပီ သတင်းထုတ်ပြန်ပြီး တစ်ပတ်မပြည့်မီ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ စစ်ကော်မရှင်က စခန်းရှိ အဆောက်အအုံများကို ဖျက်ဆီးလျက်ရှိသည်။ 

အောက်တိုဘာလ ၂၄ ရက်မှစ၍ ညစဥ် ကေကေပါ့ခ်နေရာမှ ပေါက်ကွဲသံများကြားရပြီး မီးခိုးများ ထွက်ပေါ်လာသည်ကို မြင်တွေ့နေရကြောင်း သောင်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းက မျက်မြင်သက်သေများက ဆိုသည်။

ဒီမိုကရက်တစ်မြန်မာ့အသံ၏ ဖော်ပြချက်အရ ကရင်နယ်ခြားစောင့်တပ်သည် ကေကေပါ့ခ်ရှိ အထပ်မြင့်အဆောက်အအုံများအားလုံးကို ဖောက်ခွဲဖျက်ဆီးရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ ကရင်နယ်ခြားစောင့်တပ်များသည် စစ်ကော်မရှင်လက်အောက်ခံတပ်များဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများတွင် အဓိက တာဝန်ရှိသူများဟု စွပ်စွဲခံထားရသူများဖြစ်သည်။

သို့သော် အဆောက်အအုံများ မဖျက်ဆီးမီကပင် ငွေလိမ်လုပ်ငန်းများတွင် အသုံးပြုသည့် ဖုန်း၊ ကွန်ပြူတာနှင့် အီလက်ထရွန်နစ်ပစ္စည်းများအားလုံးကို နေရာရွှေ့ပြောင်းခဲ့ပြီး ဖြစ်သည်။ ထိုကဲ့သို့ နေရာရွှေ့ပြောင်းခြင်းသည် ယင်းလုပ်ငန်းများ အခြားနေရာသို့ ပြောင်းရွှေ့လည်ပတ်နေပြီဆိုသည့် လက္ခဏာပင် ဖြစ်သည်။

ဆိုင်ခန်း၊ လူနေအိမ်၊ ဂိုထောင်နှင့် အားကစားရုံများအပါအဝင် စုစုပေါင်း အဆောက်အအုံ ၁၄၈ လုံးကို ဖျက်ဆီးခဲ့သည်ဟု စစ်ကော်မရှင်ပိုင် မီဒီယာများက နိုဝင်ဘာလ ၉ ရက်တွင် ဖော်ပြခဲ့သည်။ စစ်ကော်မရှင်နှင့် နယ်ခြားစောင့်တပ်များ၏ ဝင်ရောက်စီးနင်းမှုမှာ ယခင်လုပ်ဆောင်နေကြပုံစံဟောင်းမျိုးပင် ဖြစ်သော်လည်း အဆောက်အအုံများဖျက်ဆီးပြသည်မှာမူ လုပ်ဆောင်ချက်အသစ်ဖြစ်သည်ဟု ကမ္ဘာလုံးဆိုင်ရာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ တိုက်ဖျက်ရေး အကြံပေးအဖွဲ့၏ အကြီးတန်း ကျွမ်းကျင်သူ ဂျေဆင်တာဝါက ဖရွန်တီးယားကို ပြောသည်။

“မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေ နယ်စပ်ဒေသက ကျားဖြန့်လုပ်ငန်းနေရာတွေကို ၀င်စီးတာ အခုတစ်ကြိမ်နဲ့ဆို ‌အနည်းဆုံး ၆ ကြိမ်လောက် ရှိသွားပါပြီ။ ဒီတစ်ကြိမ်မှာ သူတို့ လုပ်နေကျထက် အသစ်တိုးလာတာ ၂ ခု တွေ့ရပါတယ်။ တစ်ခုက သူတို့ တကယ် ထိထိရောက်ရောက် နှိမ်နှင်းနေတယ် ဆိုတဲ့ သဘောဖြစ်‌အောင်လို့ အဆောက်အအုံတွေကို ဖောက်ခွဲ ဖျက်ဆီးတာတွေ လုပ်ပြလာပါတယ်” ဟု တာဝါက ပြောသည်။

“နောက်တစ်ခုက ဒီငွေလိမ် လုပ်ငန်းတွေကို စစ်တပ်က တိုက်ရိုက် ထိန်းချုပ်ဖို့ ကြိုးစားလာတာလည်း တွေ့ရပါတယ်။ အခုဆိုရင် မြန်မာ စစ်တပ်ဟာ သူတို့ ၀င်စီးခဲ့တဲ့ ကေကေပါ့ခ် ထဲက လုပ်ငန်းတွေကို လုယက်တာနဲ့ တင်တိုက်ရိုက် အကျိုးအမြတ်တွေ စပြီး ရနေပြီ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။ 

စတားလင့်ခ် ကွန်ရက်များကို ပိတ်ပင်တားဆီးခြင်းသည် အပြုသဘောဆောင်သော်လည်း ရာဇ၀တ်ဂိုဏ်းများက လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနေပြီဟု တာဝါက ထပ်လောင်းပြောသည်။

“စတားလင့်ခ်က သူ့ရဲ့ကွန်ရက်ပေါ်မှာ လုပ်ဆောင်တဲ့ လိမ်လည်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ မျှဝေမယ်ဆိုရင် အထောက်အကူဖြစ်နိုင်တယ်။ ဒါပေမဲ့ ဂြိုဟ်တုအသုံးပြုခွင့်ကို ဖြတ်တောက်ထားလို့ ဆက်သွယ်ရေးအတွက် စတားလင့်ခ်ကို အားထားနေရတဲ့ မြန်မာပြည်သူတွေကို ပိုပြီး အဆက်အသွယ်ပြတ်တောက်စေတာမျိုး မဖြစ်စေဖို့လည်း သေချာအောင် လုပ်ဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဥပဒေအရ အီလွန်မက်စ်ပိုင်ဆိုင်သော ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုကို အသုံးပြုခွင့်မရှိသော်လည်း ၂၀၂၃ ခုနှစ်လယ်ခန့်မှစ၍ တော်လှန်ရေးအဖွဲ့များက စတားလင့်ခ် ဝန်ဆောင်မှုများကို စတင်သုံးစွဲခဲ့သည်။ မြန်မာအင်တာနက်စီမံကိန်း၏ ပြီးခဲ့သည့်နှစ် ခန့်မှန်းချက်အရ နိုင်ငံအနှံ့တွင် တရားမဝင်တင်သွင်းလာသည့် စတားလင့်ခ် စက်ပေါင်း ၃,၀၀၀ ခန့် အသုံးပြုနေနိုင်သည်ဟု ဆိုသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် စစ်ကော်မရှင်က ပုံစံအမျိုးမျိုးဖြင့် နက်ရှိုင်းစွာ ပါဝင်ပတ်သက်နေခြင်းက အခြေအနေကို ပိုမိုဆိုးဝါးလာစေနိုင်သည်ဟု တာဝါက သတိပေးသည်။

“အခုဆိုရင် ဒီကျားဖြန့် ထိပ်သီးသူဌေးကြီးတွေဟာ ကေကေပါ့ခ်  အပြင်က တခြားနေရာတွေကို အခုလို ၀င်စီးပြီး ဖျက်ဆီးပစ်တာမျိုး မလုပ်ဖို့ စစ်တပ်နဲ့ တိုက်ရိုက် ညှိနှိုင်းနေတာ ဖြစ်နိုင်ပါတယ်။ ဒီလို တိုက်ရိုက် ညှိနှိင်းလာတဲ့ အတွက်လည်း စစ်တပ်အတွက် အရင်က မရှိခဲ့တဲ့ တရားမ၀င် ငွေရလမ်း‌ အသစ်တွေ ရှိလာမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဝေဟင်မှ မြင်ရသော မြဝတီမြို့နယ် KK Park အတွင်းရှိ အဆောက်အအုံများ။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ငွေလိမ်စခန်းများ ဆက်လက်လည်ပတ်နေခြင်း

စီးနင်းခံရပြီးနောက် ကေကေပါ့ခ်မှ ထွက်ပြေးပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ကူးလာသူ အလုပ်သမား ၁,၅၀၀ ကျော်ကို ထိုင်းရဲက ဖမ်းဆီးစစ်ဆေးခဲ့သည်။

၎င်းတို့အနက် အိန္ဒိယနိုင်ငံသား ၄၆၅ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၂၂၀ ဦး၊ တရုတ်နိုင်ငံသား ၁၈၅ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၅၁ ဦးနှင့် အီသီယိုးပီးယားနိုင်ငံသား ၁၃၀ ဦး တို့အပြင် နီပေါ၊ ယူကရိန်း၊ တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှားနှင့် အခြားနိုင်ငံသားများလည်း ပါဝင်သည်ဟု ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်

ကေကေပါ့ခ် စီးနင်းခံရပြီးသော်လည်း ကျားဖြန့်လုပ်ငန်းများသည် မြဝတီမြို့ဝန်းကျင်တွင် ဆက်လက် လည်ပတ်နေဆဲ ဖြစ်သည်ဟု ဒေသခံများနှင့် အလုပ်သမားများက ပြောသည်။

နိုင်ငံခြားသား အလုပ်သမားအများအပြား ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့ကြသော်လည်း ရာနှင့်ချီသော အခြားဝန်ထမ်းများက အနီဝန်းကျင်ရှိ ကျားဖြန့်လုပ်ငန်းများတွင် အလုပ်သစ်များ ရှာဖွေလုပ်နိုင်ခဲ့ကြသည်။

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်စင်တာတစ်ခု၏ အလုပ်သမားတစ်ဦးက ပုံမှန်အတိုင်း လုပ်ကိုင်နေကြောင်းကို “ဒီမှာတော့ တရုတ်တွေကို ပြန်ပို့တယ် ဖမ်းတယ်ဆိုပေမဲ့ လုံးဝ လျော့မသွားဘူး။ ဒီအလုပ် (ကျားဖြန့်) တွေကတော့ အမြဲတမ်း ဆက်လုပ်နေတာပဲ၊ အမြဲတမ်း လည်ပတ်နေတာပဲ။ ဆိုက်က တစ်ခုထဲမှမဟုတ်တာ။ ဆိုက်အသေးတွေကတော့ အများကြီး ကျန်သေးတယ်လေ”  ဟု ပြောသည်။ 

ထိုသို့စီးနင်းမှုများသည် ဟန်ပြသက်သက်သာ ဖြစ်ပြီး တစုံတရာ ပြောင်းလဲမှု မရှိကြောင်းကို  “သူတို့တွေက ၅ ရက်လောက်ပဲ အပိတ်ပြတယ်။ ပြီးတော့ ပြန်ဖွင့်တယ်။ တချို့ လုပ်ငန်းတွေက အပိတ်ပြတယ်။ ပြီးတော့ ညဘက်တွေမှာ အကုန်လုံး အလုပ်ပြန်ဝင်ကြတယ်” ဟု မုံရွာမြို့နယ်မှ လာရောက် အလုပ်လုပ်ကိုင်နေသော အသက် ၃၀ အရွယ် မနီနီ (အမည်လွှဲ) က ဖရွန်တီးယားသို့ ပြောသည်။ 

ကျားဖြန့်လုပ်ငန်းများတွင် လုပ်ကိုင်နိုင်ရန် ကွန်ပြူတာကျွမ်းကျင်ပြီး အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့် စာစီစာရိုက် တက်ရမည်ဖြစ်ရာ ခန့်ခန့်က ရန်ကုန်တွင် ကွန်ပြူတာသင်တန်းတက်ရောက်ပြီး သင်တန်းဆင်း လက်မှတ်ရသည်နှင့် အလုပ်တန်းရခဲ့သည်ဟု ဆိုသည်။

ကိုဗစ်ကပ်ရောဂါ၊ ၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲ ပြည်တွင်းစစ်တို့ကြောင့် စာသင်ကျောင်းများ  ပိတ်လိုက်၊ ဖွင့်လိုက် ဖြစ်နေခဲ့သဖြင့် အလုပ်လုပ်ရန် ဆုံးဖြတ်ပြီး မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းတွင် လုပ်ကိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ 

“ကျနော်တာဝန်က အချက် ၅ ချက်ကိုပဲ ရှာပေးရတာ။ လိမ်မယ့် သားကောင်ရဲ့ နာမည်၊ လိပ်စာ၊ အသက်၊ အလုပ်အကိုင်နဲ့ Whatsapp နံပါတ်ရယ်ရရင် ပြီးပြီ” ဟု သူက ပြောသည်။

ထိုအချက်အလက်များရသည်နှင့် သူ၏ တာဝန် ပြီးဆုံးပြီး တွေ့ရှိသည့် သားကောင်ကို ပိုမိုအဆင့်မြင့်သော လိမ်လည်သူတစ်ဦးထံ လွှဲပြောင်းပေးရသည်။

“ကိုယ်လိမ်မယ့်သူ ဖောက်သည် ရှာရတယ်။ တစ်လကို ဖောက်သည် အနည်းဆုံး ၁၅ ယောက်လောက် ရအောင် လိမ်ရတာ။ မပြည့်ရင် လစာထဲက ဘတ် ၁,၀၀၀ ဖြတ်တာ။ လူရှာမရရင် တရုတ်တွေက တအား ဖိတာ။ စကားပြန်မနဲ့ လာပြီး မတ်တပ်ရပ်ခိုင်းတယ်။ ဆဲတယ်။ ဆိုတယ်” ဟု ခန့်ခန့်က ပြောသည်။

ခန့်ခန့်က တစ်နေ့လျှင် ၁၆ နာရီ အလုပ်လုပ်ပြီး တစ်လလျှင် ဘတ် ၁၇,၀၀၀ ကျော် (မြန်မာငွေသိန်း ၂၀ ကျော်) ရရှိကြောင်း ပြောသည်။ အကယ်၍ ဤမျှဝင်ငွေရရှိမည့် အခြားအလုပ်တစ်ခု ရှာတွေ့ပါက အလုပ်ပြောင်းမည်ဟု ဆိုသည်။

“အပြင်မှာဆို တစ်လမှ နှစ်သိန်း၊ သုံးသိန်းပဲ  ရတာဆိုတော့ မလုပ်ချင်တော့ဘူး။ မြဝတီမှာ တစ်လလုပ်တာနဲ့ အပြင်မှာ တစ်လလုပ်တာက အများကြီးကွာတယ်။ အိမ်ကိုလည်း ပို့နိုင်တယ်။ ကိုယ်လည်း လူလိုသူလို နေရတယ်။ သုံးနိုင်၊ ဖြုန်းနိုင်တယ်။ သူငယ်ချင်းတွေကြား မျက်နှာမငယ်ရတော့ဘူး” ဟု ၎င်းက ပြောသည်။ 

“ပျော်လို့ လုပ်တာတော့ မဟုတ်ပါဘူး။ တခြားရွေးချယ်စရာ မရှိတာနဲ့ နိုင်ငံရေးအခြေအနေအရ အလုပ်ရှာဖို့ ခက်လို့ လုပ်နေရတာပါ” ဟု သူက ဆိုသည်။

ဗစ်တာမောင်နှင့် တင်စိုး ရေးသားသည်။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.