ဇွန်၁၄ရက်က ရန်ကုန်ရှိ ဆန္ဒပြပွဲတစ်ခုတွင် ဆန္ဒပြလူငယ်များက အာဆီယံအလံကို မီးရှို့ကြစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို အမေရိကန်ပယ်ချ၊ ဖိအားပေးဖို့ အာဆီယံကိုတိုက်တွန်း

အေအက်ဖ်ပီ

စစ်အစိုးရသည် နှစ်နှစ်အတွင်း ရွေးကောက်ပွဲအသစ်ပြုလုပ်မည်ဆိုသည်မှာ အချိန်ဆွဲခြင်းသာဖြစ်ကြောင်း အမေရိကန်အစိုးရက ဩဂုတ်၂ရက်တွင် ထုတ်ပြန်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အာဆီယံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာသံတမန်တစ်ဦးခန့်အပ်ရန် တိုက်တွန်းနေသည်။

(နောက်ဆုံးရရှိသော သတင်းများအရ ဘရူနိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး အယ်ရီဝမ်ယူဆွတ်ဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများက ခန့်အပ်လိုက်ပြီဖြစ်သည်။)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်သည် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တစ်ပတ်ခန့် ကြာမြင့်မည့် အွန်လိုင်းအစည်းအဝေးတစ်ခုကို တက်ရောက်နေသည်။​ ယင်းအစည်းအဝေးများတွင်ပါဝင်ခြင်းသည် တရုတ်-အမေရိကန်တို့၏ ဒေသတွင်းအားပြိုင်မှုအတွက် ရှေ့တန်းကပါဝင်သော နိုင်ငံများနှင့် အမေရိကန်က ဆက်ဆံခြင်းလည်းဖြစ်သည်။

အာဆီယံထိပ်သီးဆွေးနွေးပွဲများမတိုင်မီ မြန်မာစစ်အစိုးရခေါင်းဆောင်သည် ၂၀၂၃၊ ဩဂုတ်လတွင် ရွေးကောက်ပွဲကျင်းပပြီး အရေးပေါ်အခြေအနေကို ရုတ်သိမ်းမည်ဖြစ်ကြောင်း ကတိစကားဆိုခဲ့သည်။ ယင်းအချိန်ဇယားအရဆိုလျှင် ဖေဖော်ဝါရီ၁ရက်တွင် အာဏာသိမ်းခဲ့သော မြန်မာစစ်တပ်သည် (အခြေခံဥပဒေပါခွင့်ပြုချက်ထက်) အချိန်တိုးမြှင့်၍ အာဏာလက်ကိုင်ပြုထားဦးမည့် သဘောလည်းဖြစ်နေသည်။

နှစ်နှစ်အတွင်းရွေးကောက်ပွဲကျင်းပမည်ဆိုသည့် ကြေညာခြင်းမှာ စစ်အစိုးရက “၎င်းအတွက် အားသာချက်တစ်ခု ရရှိလာအောင် အချိန်ဆွဲထားလိုခြင်းသာဖြစ်ပြီး” အာဆီယံအသင်းအနေဖြင့် ၎င်းတို့၏ ကြိုးပမ်းမှုများကို အရှိန်အဟုန်မြှင့်တင်ရန် လိုအပ်လာပြီဖြစ်ကြောင်း အမေရိကန်အစိုးရ၊ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

“(အဲဒါကြောင့်) အာဆီယံအနေနဲ့ ဒီကိစ္စမှာပါဝင်ဖို့အားသာနေတာဖြစ်ပြီး မြန်မာနိုင်ငံက သဘောတူလက်မှတ်ထိုးထားတဲ့ အချက်ငါးချက်ကို လိုက်နာဖို့လုပ်ရမှာဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် အကျပ်အတည်းများကို အဓိကထားဆွေးနွေးသည့် အာဆီယံအစည်းအဝေးသို့ ဧပြီလက တက်ရောက်ခဲ့ပြီး အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရန် ကိစ္စရပ်များအပါအဝင် အချက်ငါးချက်ကို သဘောတူခဲ့သည်။

သို့သော် စစ်အစိုးရခေါင်းဆောင်သည် အဆိုပါသဘောတူညီချက်များကို လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်ခဲ့သည်။ ယင်းအချိန်နောက်ပိုင်းတွင် မည်သည့်ကိုယ်စားလှယ်မှ ခန့်အပ်နိုင်ခြင်းမရှိသလို ခြောက်လအတွင်း စစ်အာဏာသိမ်းမှု ဆန္ဒပြသူပေါင်း ၉၀၀ကျော် သတ်ဖြတ်ခံခဲ့ရသည်။

အာဆီယံအသင်းကြီးသည် သံတမန်ရေးရာတွင် စုပေါင်းဩဇာအာဏာမရှိကြောင်းနာမည်ကြီးပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ဩဇာလွှမ်းမိုးရန် တရုတ်နှင့် အမေရိကန်အစိုးရတို့က မကြာခဏ အားပြိုင်လေ့ရှိပြီး ၎င်းအဖွဲ့နှင့်လည်း မကြာခဏ အစည်းအဝေးများပြုလုပ်လေ့ရှိသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က တောင်တရုတ်ပင်လယ်ပဋိပက္ခတွင် တရုတ်အစိုးရက အာဆီယံနိုင်ငံများ အပေါ် အင်အားသုံးခြိမ်းခြောက်သည့်လုပ်ရပ်များ၊ တရုတ်နိုင်ငံအတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားဖွယ်ရှိသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က လွန်ခဲ့သော သီတင်းပတ်က အရှေ့တောင်အာရှသို့ သွားရောက်လည်ပတ်ခဲ့ပြီး တောင်တရုတ်ပင်လယ်က ပိုင်နက်အငြင်းပွားမှုနှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့သည်။ တရုတ်အစိုးရသည် နိုင်ငံတကာဥပဒေများအရ ယင်းကျွန်းများကို ၎င်းပိုင်ဆိုင်သည်ဟု ပြောဆို၍မရကြောင်း ၎င်းက ဆိုခဲ့သည်။

အမေရိကန်ဒုတိယသမ္မတ ကာမလာဟဲရစ်သည် ယခုလအတွင်း သမိုင်းတစ်လျှောက် အမေရိကန်နှင့် မဟာမိတ်အဖြစ် ရပ်တည်လာသည့် စင်ကာပူအပြင် ဗီယက်နမ်သို့လည်း သွားရောက်လည်ပတ်မည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် အတိတ်က အမေရိကန်နှင့် စစ်ဖြစ်ဖူးသည့် သမိုင်းကြောင်းရှိခဲ့သည့်တိုင် ယခုနှစ်များတွင် ဝါရှင်တန်နှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးတည်ဆောက်လာသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်နှင့် ယခုသီတင်းပတ်တွင် အမေရိကန်နိုင်ငံ၊ မြို့တော်ဝါရှင်တန်ဒီစီတွင် တွေ့ဆုံဖို့နေသည်။ မေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်သည် သိပ်မကြာသေးခင်က တရုတ်အစိုးရဘက်သို့ ယိမ်းနေသည်ဟု အများယူဆထားသည့် နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ ထိုင်းနှင့် ကမ္ဘောဒီးယား စသည့် နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့သေးသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.