ငှက်ပျောစိုက်ခင်းဆောင်းပါးနှင့် ပတ်သက်ပြီး သတင်းထောက်များအား ခေါ်ဆောင်အနိုင်အထက်ပြုလုပ်ခဲ့သည့် ကုမ္ပဏီအား အမှုဖွင့်

ဆုမြတ်မွန်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ သတင်းထောက်များအား ခေါ်ယူသွားပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုများအတွက် ကုမ္ပဏီဝန်ထမ်းခြောက်ဦးကို မြစ်ကြီးနားသတင်းဂျာနယ်သတင်းထောက်များက တရားစွဲဆိုလိုက်ပြီဖြစ်သည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် မြစ်ကြီးနားသတင်းဂျာနယ်တွင် ဖော်ပြပါရှိခဲ့သည့် ငှက်ပျောစိုက်ခင်းနှင့် ပတ်သက်သည့် သတင်းတစ်ပုဒ်နှင့် ပတ်သက်ပြီး နောက်တစ်နေ့တွင် သတင်းထောက်နှစ်ဦးကို ကုမ္ပဏီဝန်ထမ်းများက ခေါ်ယူသွားခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြစ်ကြီးနားသတင်းဂျာနယ်ရုံးခန်းသို့ သခင်စစ်သတ္တုတွင်း ကုမ္ပဏီ ဝန်ထမ်းများရောက်ရှိလာပြီး သတင်းထောက်နှစ်ဦးဖြစ်သူ မမွန်းမွန်းပန်နှင့် ကိုအဂျယ်တို့အား ဆွေးနွေးရန်ရှိသည်ဟုဆိုကာ မြစ်ကြီးနားမှ ၇ မိုင်ခန့်ဝေးသည့် ဝိုင်းမော်မြို့နယ်မှ ၎င်းကုမ္ပဏီဝင်းသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ဂျာနယ်၏ အယ်ဒီတာချုပ် မဆိုင်းမိုင်က Frontier ကို ပြောသည်။

သခင်စစ်အပါအဝင် ကုမ္ပဏီနှစ်ခုက ငှက်ပျောစိုက်ပျိုးရန်အတွက် မြေများရှင်းလင်းထားမှုနှင့် ပတ်သက်ပြီး ဒေသခံများက စိုးရိမ်ပူပန်နေသည်ဟု ဖော်ပြထားသည့် ဆောင်းပါးနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသည်ဟု ဝန်ထမ်းများက သတင်းထောက်များကို ပြောကြားခဲ့သည်ဟု ၎င်းကပြောသည်။ တရားမဝင်စိုက်ပျိုးသည့် တစ်ရှုးငှက်ပျောစိုက်ခင်းများသည် ကချင်ပြည်နယ်တွင် မြေယာအငြင်းပွားမှုများနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေသည်။ ထိုစိုက်ခင်းများမှ ထွက်ရှိသည့် ငှက်ပျောသီးများ အားလုံးနီးပါးကို တရုတ်နိုင်ငံသို့ တင်ပို့နေသည်။

ကုမ္ပဏီဝင်းအတွင်းသို့ ရောက်ရှိချိန်တွင် သတင်းထောက်နှစ်ဦးအား သီးခြားစီထားရှိပြီးနောက် ကိုအဂျယ်အား ထိုင်ထ အကြိမ်တစ်သိန်း ပြုလုပ်ရန် စေခိုင်းခဲ့ပြီး မမွန်းမွန်းပန်ကိုမူ မြစ်ကြီးနားသတင်းဂျာနယ်ဖြင့် ပါးရိုက်ခဲ့သည်ဟု မဆိုင်းမိုင်ကပြောသည်။

ထို့နောက် ကိုအဂျယ်က ဂျာနယ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဇော်ခွန်အား ဆက်သွယ်နိုင်ခဲ့သည့်အတွက် ဦးဇော်ခွန်က ဂျာနယ်တိုက်မှ အခြားဝန်ထမ်းများနှင့်အတူ ဝိုင်းမော်မြို့နယ်သို့ လိုက်သွားခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့အား တိုင်ကြားပြီးနောက် ဒေသအုပ်ချုပ်ရေးမှူးနှစ်ဦးနှင့်အတူ ကုမ္ပဏီဝင်းထဲသို့ သွားရောက်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂျာနယ်သတင်းထောက်နှစ်ယောက်အား တရုတ်ကုမ္ပဏီက ထိန်းသိမ်းထားကြောင်းကို မဆိုင်းမိုင်က Facebook စာမျက်နှာ တွင် နံနက် ၁၀ နာရီ ၅၆ မိနစ်၌ ရေးသားခဲ့သည်။ ကုမ္ပဏီဝန်ထမ်းများက ထိုရေးသားထားချက်ကို တွေ့ရှိသွားခဲ့သဖြင့် ဖျက်ပေးရန် သတင်းထောက်များကို တောင်းဆိုခဲ့သည်ဟု ၎င်းကပြောသည်။

ဦးဇော်ခွန်နှင့်အတူ လိုက်ပါသွားခဲသည့် သတင်းထောက်တစ်ဦးဖြစ်သူ ကိုဆလိုင်းက ကုမ္ပဏီဝင်းအတွင်းသို့ ၎င်းတို့ ရောက်ရှိချိန်တွင် ကုမ္ပဏီဝန်ထမ်းများနှင့် ၎င်းတို့ စကားပြောဆိုခဲ့ကြောင်းနှင့် ငှက်ပျောစိုက်ခင်း ထူထောင်ရာတွင် ၎င်းတို့ ကုမ္ပဏီ ပါဝင်ပတ်သက်ခြင်းမရှိဟု ဝန်ထမ်းများက ပြောကြားကြသည်ဟုဆိုသည်။

သတင်းထောက်နှစ်ဦးအား ထိန်းသိမ်းထားခဲ့ပြီးနောက် နှစ်နာရီခန့်အကြာတွင် ပြန်လွှတ်ပေးခဲ့သည်။ ထိုအချိန်တွင် ကိုအဂျယ်က ထိုင်ထ အကြိမ် ၃၀၀ ခန့်ပြုလုပ်ထားပြီးဖြစ်သည်ဟု မဆိုင်းမိုင်က ပြောသည်။ မြစ်ကြီးနားသတင်းဂျာနယ်၏ Facebook စာမျက်နှာတွင် ရေးသားထားမှုကို ၁၂ နာရီ ၁၆ မိနစ်တွင် ဖျက်လိုက်သော်လည်း မဆိုင်းမိုင်က ၎င်း၏ ကိုယ်ပိုင် Facebook အကောင့်တွင် ထိုစာသားအတိုင်း ပြန်လည် ရေးသားထားခဲ့သည်။

သတင်းထောက်များက ပြန်လည်လွတ်မြောက်လာချိန်တွင် ဝိုင်းမော်မြို့နယ်ရဲစခန်းသို့ သွားရောက်ကာ ကုမ္ပဏီအား အမှုဖွင့်လှစ်ခဲ့သည်။

ကုမ္ပဏီဝန်ထမ်း ၆ ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၅၄ အမျိုးသမီး ကာယိအိန္ဒြေ ပျက်ပြားအောင်ပြုလုပ်မှု၊ ပုဒ်မ၂၉၄ ညစ်ညမ်းစွာ ဆဲဆိုခြင်း၊ ပုဒ်မ ၃၄၁ မတရား တားဆီးပိတ်ပင်မှု၊ ပုဒ်မ ၃၂၃ နာကျင်စေမှု၊ ပုဒ်မ ၁၁၄ အားပေးကူညီမှု စသည့်ပုဒ်မများဖြင့် ဝိုင်းမော်မြို့မရဲစခန်းတွင် တရားစွဲဆိုခဲ့သည်ဟု မဆိုင်းမိုင်က ပြောသည်။

ကုမ္ပဏီနှင့် ရဲတပ်ဖွဲအား မေးမြန်းရန် Frontier က ကြိုးပမ်းခဲ့သော်လည်း မေးမြန်းနိုင်ခြင်းမရှိပေ။

“ထိုင်ထ အကြိမ် ၃၀၀ လုပ်ပြီးတဲ့နောက်မှာ ကောင်လေးက လမ်းတောင်ကောင်းကောင်း မလျောက်နိုင်တော့ဘူး” ဟု မဆိုင်းမိုင်ကပြောသည်။ “ကောင်မလေးကတော့ အရိုက်ခံရလို့ ဖုန်းဆက်တော့ ငိုနေတယ်” ဟုလည်း ၎င်းကပြောသည်။

သတင်းထောက်နှစ်ဦးအား ခေါ်ဆောင်အနိုင်အထက်ပြုကျင့်မှုအတွက် မြစ်ကြီးနားရှိ သတင်းထောက်များက သခင်စစ်ကုမ္ပဏီအား ရှုံ့ချသည့် ကြေညာချက်တစ်စောင်ကို ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် သတင်းထောက်များနှင့် သတင်းရယူပိုင်ခွင့်အား ကာကွယ်ပေးရေးအတွက်လည်း ပြည်နယ်အစိုးရကို တောင်းဆိုခဲ့ပြီး သခင်စစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာအား အရေးယူပေးရန်လည်း တောင်းဆိုခဲ့သည်။

အဆိုပါကုမ္ပဏီပိုင်ရှင်က မည်သည့်နိုင်ငံသားဖြစ်သည်ကို မသိရှိရသေးသော်လည်း ဒေသခံများကမူ တရုတ်များဖြစ်သည်ဟု ယုံကြည်ထားကြသည်ဟု မဆိုင်းမိုင်ကပြောသည်။

ထိုသို့ သတင်းထောက်နှစ်ဦး အနိုင်အထက်ပြုကျင့်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် မြန်မာဂျာနယ်လစ်ကွန်ရက်တို့ကလည်း ကြေညာချက်များထုတ်ပြန်ကာ ကန့်ကွက်ရှုံှု့ချခဲ့ကြသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.