ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်မှုကို ကေအန်ယူ ဘာလို့ ယာယီရပ်ဆိုင်းသလဲ

ရဲမွန်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ အကြောင်းအရာတွေ ဖြေရှင်းနိုင်ဖို့ဆိုပြီး နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲအပြီး နှစ်ပတ်အကြာ အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ယာယီရပ်ဆိုင်းတယ်ဆိုပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) က အစိုးရထံအသိပေးတဲ့ စာတစ်စောင် ပေါ်ထွက်လာပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ KNUရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကိုယ်တိုင် လက်မှတ်ရေးထိုးထားပြီး အောက်တိုဘာ၂၇ ရက်နေ့ ရက်စွဲတပ်ထားတဲ့ အဲဒီစာကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တိုက်ရိုက်လိပ်မူထားတာဖြစ်ပြီး ထိပ်သီးဆွေးနွေးပွဲက ရလဒ်တွေအပေါ် အဖွဲ့အတွင်း ဆွေးနွေးဖို့ လိုအပ်တာကြောင့်ဖြစ်တယ်လို့ စာထဲမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု အသစ်ဖြစ်တဲ့ ယန္တရား၊ မူဘောင်နဲ့ ဆုံးဖြတ်ချက်ချမယ့် ပုံစံတွေကို အားလုံးနားလည်ဖို့နဲ့ အဲဒီအပေါ် သဘောတူညီမှု ရယူဖို့လည်းရှိတာကြောင့် လတ်တလော ကျင်းပမယ့် အစည်းအဝေးတွေမှာ KNU ရဲ့ ပါဝင်မှုကို ယာယီရပ်ဆိုင်းတာလို့လည်း စာထဲမှာ ဖော်ပြထားပါတယ်။

အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက KNU ရဲ့ အကြောင်းကြားစာကို ယနေ့ (အောက်တိုဘာ ၂၉ ရက်နေ့)မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ခံရရှိကြောင်းနဲ့ လိုအပ်တဲ့ လမ်းညွှန်မှုတွေ လုပ်ပေးသွားလိမ်မယ်လို့ နေပြည်တော်မှာ ပြုလုပ်တဲ့ ယနေ့ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

”KNU ခေါင်းဆောင်တွေဆီ အစိုးရဘက်က ဖုန်းဆက်မေးပါတယ်။ တောက်လျှောက် ထွက်တာမဟုတ်ပါဘူး။ အခုလောလောဆယ်မှာ အကျေအလည် ဆွေးနွေးဖို့ရှိပါတယ်။ အဲဒါပြီးမှ ပြန်ဆုံးဖြတ်မယ်ဆိုပြီး ကျွန်တော်တို့ကို ပြောပါတယ်”လို့ ဦးဇော်ဋ္ဌေးက ပြောပါတယ်။

KNU ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်ကတော့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဖြစ်ပေါ်လာတဲ့ ရလဒ်အခြေအနေကြောင့် အစိုးရနဲ့ ဆွေးနွေးပွဲတွေကို ယာယီရပ်ဆိုင်းထားတာဖြစ်ပြီး ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းတာ ဖြစ်တယ်လို့လည်း Frontier ကို ပြောပါတယ်။

“ထိပ်သီးဆွေးနွေးပွဲရလဒ်က ကျေနပ်အားရဖို့ မရှိဘူး။ နောက်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ တစ်ခုတည်းသော တပ်မတော်တို့အတွက်ကိုလည်း အဖွဲ့အတွင်း ပြန်ဆွေးနွေးရဦးမယ်”လို့ ပဒိုမန်းငြိမ်းမောင်က ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ( UPDJC)က နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်နဲ့ လုပ်ငန်းလမ်းညွှန်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို နိုဝင်ဘာ ၁ ရက်ကနေ ၃ ရက်နေ့အထိ ရန်ကုန်မြို့မှာ ပြုလုပ်ဖို့ရှိပါတယ်။ ဒါ့အပြင် အပစ်ရပ်အဖွဲ့တွေ ပါဝင်ပြီး KNU ဥက္ကဋ္ဌကိုယ်တိုင် ခေါင်းဆောင်အဖြစ်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးကိုလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၅ ရက်ကနေ ၇ ရက်နေ့အထိ ပြုလုပ်ဖို့ရှိနေပါတယ်။

ဒါပေမယ့် အဲဒီ အစည်းအဝေးနှစ်ခုစလုံးကို KNU က တက်ရောက်မှာ မဟုတ်ဘူးလို့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။ နိုဝင်ဘာပထမအပတ်မှာ ပြုလုပ်ဖို့ရှိတဲ့ KNU အစည်းအဝေးမှာတော့ အစည်းအဝေးတွေ ပြန်လည် တက်ရောက်သင့်၊ မသင့် ဆွေးနွေးဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီရဲ့ မူဘောင်ကို ပြန်လည်သုံးသပ်ဖို့အစည်းအဝေးကို နိုဝင်ဘာ ၁ ရက်နေ ၃ ရက်နေ့အထိ ပြုလုပ်ဖို့ မဆုံးဖြတ်ခင်ကလည်း ပြုလုပ်မယ့်နေ့ရက်ကို ရွှေ့ဆိုင်းခဲ့ပေးရသေးတယ်လို့ သိရပါတယ်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးတစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေကတော့ မူဘောင်ပြန်လည်သုံးသပ်မယ့် အစည်းအဝေးရက်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်တိုင်က ုသဘောတူခဲ့ပြီးဖြစ်တာကြောင့် ရွှေ့ဆိုင်းသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“UPDJC ဘက်ကတော့ အစည်းအဝေးကို ဆက်လုပ်သွားဖို့ရှိပါတယ်။ အစောကြီးကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်လို့ပါ” လို့ သူက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံးဟာ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အစောဆုံး လျှောက်လှမ်းခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့လည်း မကြာခဏ တွေ့လေ့ရှိတဲ့အဖွဲ့ဖြစ်ပါတယ်။

အစိုးရနဲ့ တပ်မတော်တို့ရဲ့ အလေးပေးဆက်ဆံခြင်းကို ခံထားရတဲ့ KNU ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပြီး နောက်ပိုင်းမှာ အဖွဲ့အတွင်း ဆွေးနွေးပွဲတွေကို ပြုလုပ်လေ့ရှိပေမယ့် အခုလို ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ယာယီရပ်ဆိုင်းတာမျိုး တစ်ကြိမ်မှ မလုပ်ခဲ့ပါဘူး။

”ဒါက ယာယီရပ်ဆိုင်းဖို့ ပထမဦးဆုံးအကြိမ် စာပို့တာပါ”လို့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ယာယီရပ်ဆိုင်းတဲ့ KNU ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေက စိုးရိမ်မှုတွေရှိနေကြပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ကြောင်းပြန် လှည့်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

အပစ်ရပ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ရခိုင်လွတ်မြောက်ရေးပါတီက ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် စောမြရာဇာလင်းက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ KNU ရဲ့ ပါဝင်မှု ယာယီရပ်ဆိုင်းတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

“KNU ရဲ့ ဥက္ကဋ္ဌရော၊ ဒုဥက္ကဋ္ဌရော ထိပ်သီးဆွေးနွေးပွဲမှာ တက်ခဲ့တာပဲလေ။ အဖွဲ့အတွင်း ဆွေးနွေးဖို့ ရှိတာလောက်နဲ့တော့ အခုလိုရပ်ဆိုင်းတာမျိုး မဖြစ်နိုင်လောက်ဘူး ထင်ပါတယ်”လို့ သူက ဆိုပါတယ်။

အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့တွေ ပါဝင်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အချက်လေးချက်သာ သဘောတူညီမှုရခဲ့တာဖြစ်ပြီး တပ်မတော်ဘက်က စိုးရိမ်နေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရေးကိစ္စအပြင် တစ်ခုတည်းသော တပ်မတော်ထားရှိရေး ကိစ္စတွေအပေါ်မှာ ခိုင်မာတဲ့ ရလဒ်တွေ မထွက်ခဲ့ပါဘူး။

ဒါ့အပြင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ဘက်မှာလည်း ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်တပ်ပြီး လှုပ်ရှားနေတဲ့ တပ်မတော်နဲ့ KNU ရဲ့ တပ်မဟာ ၅ တို့အကြား စစ်ရေးတင်းမာမှုတွေဖြစ်နေပြီး အဲဒီအချက်အပေါ်လည်း KNU က စဉ်းစား သုံးသပ်နေတာ ဖြစ်နိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြားပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်စိုးက KNU ရဲ့ အဖွဲ့အတွင်း အစည်းအဝေးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဖြေတစ်ခုဖြစ်လာနိုင်ပြီး အဲဒီအဖြေဟာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်၊ မနိုင်ကို ဆုံးဖြတ်ပေးမယ့် အဖြေမျိုးဖြစ်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“နိုင်ငံရေးအရ သဘောထားကွဲလွဲတာတွေကို ရှောင်နေရင်းနဲ့ကို အခု ထိပ်တိုက်ဖြစ်လာတဲ့ အခြေအနေပေါ့။ အခု အခြေအနေက တစ်ဆို့နေတယ်ဆိုတဲ့ အရာတွေကို မဖြေရှင်းလို့ကို မရတော့တဲ့ အခြေအနေမျိုးဖြစ်လာပြီ။ အစိုးရနဲ့ တပ်မတော်က ထားရှိတဲ့ ၂ဝ၂ဝ ငြိမ်းချမ်းရေး ရည်မှန်းချက်ကိုလည်း တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ဆုံးဖြတ်ပေးရတော့မယ့် အခြေအနေဖြစ်နေပြီ”လို့ သူက ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar