ဂျာအေး သူ့အမေရိုက်၊ မုန့်လုံး စက္ကူကပ် ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုးလား

မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့တွေရဲ့ ရှမ်းပြည်နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုက တစ်တိုင်းပြည်လုံး အပစ်ခတ် ရပ်စဲရေးစာချုပ် အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်ဖို့ အထူးတလည် ကြိုးပမ်းဖို့လိုပြီဆိုတာ မီးမောင်းထိုးပြလိုက်တာပါပဲ။

စည်သူအောင်မြင့် ရေးသားသည်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်ကစ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပြန်ဖြစ်ပွားခဲ့ပါတယ်။

အခု တစ်လဝန်းကျင် ကြာတဲ့အချိန်ထိ တိုက်ပွဲအရှိန်တွေ မသေသေးပါဘူး။ ပိုပြီးဆိုးတာက တိုက်ပွဲကြောင့် နောက်ပိုင်း ဆက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေပါ။ ကေအိုင်အေ ဦးဆောင်တဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေရဲ့ တပ်စခန်းတွေ၊ ရဲကင်းစခန်းတွေ၊ ကုန်သွယ်ရေးဇုန်တွေ၊ နယ်စပ်မြို့တွေကို အရှိန်မြှင့် တိုက်ခိုက်တာကြောင့် အဲဒီ လက်နက်ကိုင် တပ်ဖွဲ့တွေအပေါ် တပ်မတော်ဘက်က ပိုပြီး သဘောထား တင်းမာလာတာပါ။

ဒီလို သဘောထား တင်းမာမှုကနေတဆင့် ရှမ်းပြည်နယ် လွှတ်တော်ဟာ ကေအိုင်အေ ဦးဆောင်တဲ့ အဲဒီ လက်နက်ကိုင်အဖွဲ့တွေကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အတည်ပြုလိုက်တာ၊ အဲလို သတ်မှတ်လိုက်တာကို ကေအိုင်အေ၊ ဝ နဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက လက်မခံ၊ ကန့်ကွက်ရှုတ်ချကြတာ စတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။

ခုဆို လူအများပြောဆိုနေတဲ့ စကားတစ်ခွန်းကတော့ အဲဒီဖြစ်ရပ်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မယ် ဆိုတာပါပဲ။ ဒီဖြစ်ရပ်တွေဟာ တကယ်ပဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်နိုင်သလား၊ ငြိမ်းချမ်းရေးအတွက် ဘာတွေ ဆောင်ရွက်နိုင်ဦးမလဲဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

နိုဝင်ဘာ ၂၀ ရှမ်းပြည်အရှေ့မြောက်ပိုင်းက တပ်စခန်းတွေ၊ ရဲကင်းစခန်းတွေ၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ မုံးကိုးမြို့ကို ဝင်တိုက်တာဟာ ကန့်သတ်စစ်ပွဲ ဆင်နွဲှတာပါ ဆိုပြီး ကေအိုင်အေ ဦးဆောင်တဲ့ လက်နက်ကိုင်တပ်ပေါင်းစုက ကြေညာပါတယ်။ တပ်မတော်ဟာ သူတို့နယ်မြေထဲမှာ ထိုးစစ်တွေ ဆင်နေတာ ကြာပြီ၊ အဲဒါကို တုန့်ပြန်တဲ့အနေနဲ့ သူတို့လည်း တိုက်နိုင်၊ ခိုက်နိုင်၊ အစိုးရကို ဒုက္ခပေးနိုင်တယ် ဆိုတာကို အားလုံးသတိပြုမိအောင် ပြသလိုက်တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ကေအိုင်အေ ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ငြိမ်းချမ်းရေးကို လိုလားတယ်လို့ တောက်လျောက် ပြောဆိုနေပေမဲ့ အခု စစ်ရေးလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကို အထောက်အကူ ဖြစ်စေမှာလား၊ အခက်အခဲတွေ့စေမှာလားဆိုတာ တွေးတောမိခဲ့ပုံ မရပါဘူး။

ထုံးစံအတိုင်း တိုင်းရင်းသား လက်နက်ကိုင်တွေက ခုလို စနစ်တကျ ပြင်ဆင် ဝင်တိုက်ခဲ့တော့ အစပိုင်း တပ်မတော်နဲ့ အစိုးရဘက်က အထိနာပါတယ်။ ကုန်သွယ်ရေးဇုန်ကိုတောင် ပိတ်လိုက်ရပြီး  ကူးသန်းရောင်းဝယ်ရေးတွေ ယာယီ ရပ်တန့်ကုန်ပါတယ်။ တရုတ်နယ်စပ် မုံးကိုးမြို့ဟာ စစ်တလင်းပြင် သွားပါတယ်။ တိုင်းရင်းသား ဒေသခံတွေ စစ်ပြေးရှောင် ဘဝ ရောက်ပြီး ဒုက္ခသည် အသစ်တွေ တိုးပွားလာပါတယ်။ နောက်ပိုင်း တပ်မတော်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်တာတွေလုပ်ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးကွန်ရက်အပါအဝင် အင်န်ဂျီအိုတွေ၊ ပြည်သူလူထုတွေကလည်း လက်နက်ကိုင် တိုက်ခိုက်မှုလုပ်လာရင် တပ်မတော်ကို ဖြစ်စေ၊ လက်နက်ကိုင် တိုင်းရင်းသားတွေကို ဖြစ်စေ ကန့်ကွက်ဝေဖန်ရှုတ်ချဖို့ လိုအပ်ပါတယ်။

တဆက်တည်း ခုလို စစ်ဘက် အရပ်ဘက် ပစ်မှတ်တွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး တပ်မတော်ဘက်က ကေအိုင်အေ အပါအဝင် လက်နက်ကိုင်အဖွဲ့တချို့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးဖို့ ပြည်ထောင်စုအဆင့် လွှတ်တော်မှာ ကြိုးစားပါတယ်။ ဒါပေမဲ့ အင်န်အယ်လ်ဒီ အမတ်တွေ လွှမ်းမိုးထားတဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်ဟာ အဲလို ကြေညာလိုက်ရင် အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို သွားထိခိုက်မယ်ဆိုတာ သိတဲ့အတွက် လက်မခံခဲ့ပါဘူး။

ဒီအခါ လက်ရှိ ပဋိပက္ခဖြစ်ပွားနေတဲ့ ပြည်နယ်လည်းဖြစ်၊ ပြည်ခိုင်ဖြိုးအမတ်တွေနဲ့ တပ်မတော်သား အမတ်တွေပေါင်းလိုက်ရင် အမတ်ဦးရေ ထက်ဝက်ကျော် နေရာရထားတဲ့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသား လက်နက်ကိုင် သုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ဖို့ အဆိုတင် မဲခွဲ ဆုံးဖြတ်လိုက်တော့တာပါပဲ။

ပြောရရင် ကေအိုင်အေ ဦးဆောင်တဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကနေ၊ တပ်မတော်ရဲ့ တန်ပြန်ထိုးစစ်၊ နောက် ပြည်နယ်လွှတ်တော်တွင်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ် စတာတွေ ဖြစ်ပေါ်လာရခြင်းပါ။

ဇာတ်လမ်းက ဒီလောက်နဲ့ ရပ်မသွားသေးပါဘူး။ ရှမ်းပြည်နယ် လွှတ်တော်က ကေအိုင်အေ အပါအဝင် လက်နက်ကိုင်သုံးဖွဲ့ကို အဲလို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တာကို သက်ဆိုင်ရာ အဖွဲ့တွေက လက်မခံကြပါဘူး။ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်တယ်ဆိုပြီး ပြောပါတယ်။

အလားတူ ဝ တပ်ဖွဲ့ကလည်း ကြေညာချက်ထုတ်ပြန် ကန့်ကွက်ပါတယ်။ NCA တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း လက်မခံပါဘူး။ ချင်းလက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဆလိုင်းလျံမုန်းဆာခေါင်းက ဒီကြေညာချက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူး ဆိုပြီးတောင် ဝေဖန်ပါတယ်။ ဒါ့အပြင် ပြည်တွင်းက ငြိမ်းချမ်းရေးကွန်ရက် အမျိုးမျိုးကလည်း အဲလို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာတာကို လက်မခံကြောင်း ကြေညာချက်တွေ ထုတ်ကြပါတယ်။

ဒါပေမဲ့ ထူးခြားတာ တစ်ခုက အဲလို ကြေညာချက်ထုတ်တဲ့ လက်နက်ကိုင် အဖွဲ့တွေ၊ ငြိမ်းချမ်းရေးကွန်ရက်တွေဟာ နိုဝင်ဘာ ၂၀ ကေအိုင်အေ ဦးဆောင်တဲ့ လက်နက်ကိုင် တပ်ပေါင်းစုရဲ့ စစ်ဘက်နဲ့ အရပ်ဘက် ပစ်မှတ်တွေကို ဝင်ရောက် တိုက်ခိုက်တာကိုတော့ ကန့်ကွက်တာ၊ ပြစ်တင်ရှုတ်ချတာ၊ ဝေဖန်တာ ဘာတစ်ခုမှ လုပ်တာ မတွေ့ကြရပါဘူး။

ပြောရရင် တိုင်းပြည်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီကလွဲရင် ကျန်အင်အားစု အသီးသီးဟာ ဘက်တစ်ဖက်ဖက်မှာ ရပ်တည်ပြီး တစ်ဘက်ကို တစ်ဘက် တိုက်ခိုက်၊ ပြစ်တင် ဝေဖန် လုပ်နေကြတာ တွေ့ကြရမှာပါ။ ပြဿနာဟာ မြန်မာစကားပုံ ဂျာအေး သူ့အမေရိုက်သလို၊ မုန့်လုံးစက္ကူကပ် ဖြစ်နေမယ့် ကိန်းပါပဲ။

တကယ်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ဖို့ဆိုရင် ပထမဦးဆုံးအဆင့် အပစ်အခတ် ရပ်စဲမှုတွေ လုပ်ကို လုပ်ကြရပါမယ်။ အပစ်အခတ် ရပ်စဲရေး မလုပ်ရင် တိုက်ပွဲကြီးတွေ၊ တိုက်ပွဲသေးတွေ ဘယ်အချိန်မဆို ဖြစ်နိုင်ပါတယ်။ ဒီအတွက် အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်လာအောင် လုပ်ရပါမယ်။

အရင်တုန်းက ကေအိုင်အေ ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တချို့က အားလုံးမပါဝင်နိုင်လို့ NCA ကို လက်မှတ် မထိုးဘူးဆိုရင် အခုအချိန် ဖြစ်သင့်တာက အားလုံးပါဝင်ခွင့်ရအောင် ဘာလုပ်ကြမလဲ ဆိုတဲ့ကိစ္စ ဆွေးနွေး အဖြေရှာကြဖို့ပါပဲ။ တခြားအကြောင်းအရာတွေ တင်ပြပြီး အပစ်အခတ် ရပ်စဲရေးကို အချိန်ဆွဲထားတာမျိုးကတော့ မဖြစ်သင့်တော့ပါဘူး။

ဒါ့အပြင် ငြိမ်းချမ်းရေးကွန်ရက်အပါအဝင် အင်န်ဂျီအိုတွေ၊ ပြည်သူလူထုတွေကလည်း လက်နက်ကိုင် တိုက်ခိုက်မှုလုပ်လာရင် တပ်မတော်ကို ဖြစ်စေ၊ လက်နက်ကိုင် တိုင်းရင်းသားတွေကို ဖြစ်စေ ကန့်ကွက်ဝေဖန်ရှုတ်ချဖို့ လိုအပ်ပါတယ်။

ဘက်တစ်ဖက်ကိုပဲ အပြစ်တင်နေတာ၊ ဘက်တစ်ဖက်ကိုပဲ ထောက်ခံနေတာဟာ ငြိမ်းချမ်းရေးကို သွားရမယ့် မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီအနေနဲ့ ဒီပြဿနာကို ကျော်လွှားနိုင်မှသာ ငြိမ်းချမ်းရေးရဖို့ လမ်းကြောင်းမှန်ပေါ်ကို ရောက်နိုင်မှာ ဖြစ်ကြောင်းပါ။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.