ခွေးနဲ့ ကြောင် တစ်သန်းကို ခွေးရူးကာကွယ်ဆေး ထိုးပေးမည်

မြန်မာနိုင်ငံမှာ နှစ်စဉ် လူထောင်နဲ့ချီ သေဆုံးနေရတဲ့ ခွေးရူးရောဂါ ကာကွယ်နိုင်ဖို့အတွက် ခွေးနဲ့ကြောင် အကောင်ရေတစ်သန်းကို သုံးနှစ်အတွင်းမှာ ကာကွယ်ဆေးထိုးပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ မြန်မာနိုင်ငံမှာ နှစ်စဉ် လူ ၁,၀၀၀ လောက်ဟာ ခွေးရူးရောဂါကြောင့် သေဆုံးနေကြရပြီး ၂၀၃၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို ခွေးရူးရောဂါ လုံးဝကင်းစင်စေဖို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။

ခွေးရူးရောဂါ ကာကွယ်ဖို့အတွက် တိရိစ္ဆာန်အရေး ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ FOUR PAWS ဟာ မြန်မာနိုင်ငံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ခွေးနဲ့ကြောင်တွေကို ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း ခွေးနဲ့ ကြောင်တစ်သန်းကို ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးပေးမှာ ဖြစ်ပါတယ်။ ဆေးထိုးပေးမယ့် ခွေးနဲ့ကြောင် အများစုဟာ ပိုင်ရှင်မဲ့ လှည့်လည်သွားလာနေတဲ့ ခွေးနဲ့ကြောင်တွေဖြစ်တယ်လို့ ဆိုပါတယ်။

“လူသားတွေနဲ့ တိရိစ္ဆာန်တွေအားလုံးအတွက် ခွေးရူးရောဂါကင်းစင်တဲ့ အိပ်မက်ဆီကို မြန်မာနိုင်ငံသားတွေနဲ့အတူ ကျွန်တော်တို့ ပိုမိုနီးကပ်လာပါပြီ။ အဲဒါက ခက်ခဲပြီး ရှည်လျားတဲ့ခရီးစဉ် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လုပ်ရကြိုးနပ်ပါလိမ့်မယ်။ တိရိစ္ဆာန်တစ်သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ဖို့ ကျွန်တော် မစောင့်နိုင်တော့ပါဘူး” လို့ FOUR PAWS က တိရိစ္ဆာန်ဆေးကုဆရာဝန်နဲ့ စီမံကိန်းခေါင်းဆောင် ဒေါက်တာ Amir Khalil က ပြောပါတယ်။

FOUR PAWS က ကာကွယ်ဆေးအလုံး ငါးသိန်းကို ထောက်ပံ့ပေးမယ်အပြင် နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ ဖမ်းဆီးခြင်း၊ မှတ်သားခြင်းနဲ့ အချက်အလက်စုဆောင်းဖို့အတွက် လိုအပ်တဲ့ ကိရိယာတွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ကာကွယ်ဆေးတွေကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက စီစဉ်ပေးမှာဖြစ်သလို တစ်နိုင်ငံလုံးအဆင့် လူ့အရင်းအမြစ်ရရှိဖို့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ လူ ၁၀၀ လောက်ပါဝင်မယ့် အဖွဲ့ဟာ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးတွေနဲ့ ရခိုင်ပြည်နယ်တို့မှာ ကာကွယ်ဆေးခြင်း လုပ်ငန်းတွေ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနအပြင် ပြည်တွင်းမိတ်ဖက်ဖြစ်တဲ့ မင်္ဂလာမြန်မာနဲ့ ပူးပေါင်းပြီးတော့ စီမံကိန်းနှစ်ခုကို FOUR PAWS က မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်နဲ့ မေလတွေက စမ်းသပ်ခဲ့ပါတယ်။ အဲဒါကတော့ မန္တလေးတိုင်းဒေသကြီးထဲက ညောင်ဦးနဲ့ လယ်ဝေးမြို့နယ်တွေက ကျေးရွာ ၅၁၆ ရွာမှာ တိရိစ္ဆာန် ၅၉,၀၅၈ ကောင်ကို ကာကွယ်ဆေးထိုးပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသိ ပညာပေးရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

“ပူပြင်းတဲ့ရာသီရောက်လို့ရှိရင် လေ့လွင့်နေတဲ့တိရစ္ဆာန်တွေက ပိုပြီး ရန်မူတတ်တယ်လို့ လူတွေက မှားယွင်း ယူဆထားကြတယ်။ အဲဒါကြောင့် အဲဒီ ရာသီမရောက်မီ သတ်ဖြတ်ရှင်းလင်း သင့်တယ်လို့ ယူဆကြတယ်။ ကျွန်တော်တို့က ခွေးရူးရောဂါကို ရပ်တန့်စေလိုပါတယ်။ ဒါ့အပြင် တိရိစ္ဆာန်တွေကို မလိုအပ်ပဲ ရက်ရက်စက်စက် သတ်ဖြတ်တာတွေကိုလည်း ရပ်တန့်စေလိုပါတယ်” လို့ FOUR PAWS က စီမံကိန်းဦးဆောင်သူ တိရိစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ Marina Ivanova က ပြောပါတယ်။

မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှ ခွေးကောင်ရေ လေးသန်းလောက်ရှိပြီး အဲဒီထဲက ၇၀ ရာခိုင်နှုန်းက ခွေးလေခွေးလွင့်တွေ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ လူပေါင်း ၆၂,၀၀၀ ဟာ ခွေးကိုက်ခံခဲ့ရပါတယ်။ အဲဒီထဲက ၄၀ ရာခိုင်နှုန်းဟာ အသက် ၁၅ နှစ်အောက် ကလေးတွေ ဖြစ်ပါတယ်။

ဒါ့အပြင် အကိုက်ခံရမှု ၁,၀၀၀ လောက်ကတော့ သေစေနိုင်လောက်တဲ့ ခွေးရူးရောဂါ ကူးစက်မှုကို ဖြစ်ပေါ်စေပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar