ရန်ကုန်စတော့အိတ်ချိန်းတွင် အမည်ပေါက်စာရင်းဝင် မဖြစ်သေးသလို၊ စတော့အိတ်ချိန်း၏ အာဏာပိုင် ဖြစ်သည့် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်(SECM)က ရှယ်ယာ ထုတ်ရောင်းခွင့်ပြုမထားသည့် အများပိုင်နာမည်နှင့် မှတ်ပုံတင်ထားသော ကုမ္ပဏီများအနေနှင့် ရှယ်ယာထုတ်များ ထုတ်မရောင်းရန် ဇူလိုင် ၁၁ ရက်တွင် ကော်မရှင်က ကြေငြာချက်ထုတ်တားမြစ်လိုက်သည်။
ဥပဒေအရ စတော့အိတ်ချိန်းတွင် စာရင်းဝင် အမည်ပေါက်ထားသည့် အများပိုင်ကုမ္ပဏီများနှင့် အများပြည်သူထံ ရှယ်ယာများမရောင်းချမီ ကုမ္ပဏီ၏ အလားအလာအခြေအနေ(Prospectus)ကို ကော်မရှင်ထံ တင်ပြပြီး ကော်မရှင်က အလားအလာကောင်းသည်ဟု ယုံကြည်သဖြင့် ရှယ်ယာထုတ် ရောင်းခွင့်ရှိကြောင်း အတည်ပြုပေးထားသည့် ကုမ္ပဏီများသာ ရှယ်ယာရောင်းခွင့်ရှိသည်။
သို့သော် လက်ရှိအချိန်တွင် စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီလည်း မဟုတ်သေးသလို၊ ကော်မရှင်က ရှယ်ယာထုတ်ရောင်းခွင့် ပေးမထားသေးသည့် အများပိုင်ကုမ္ပဏီအချို့မှာ ရှယ်ယာများကို ထုတ်ရောင်းနေကြသဖြင့် ကော်မရှင်က ယခုကဲ့သို့ တားမြစ်ခြင်းဖြစ်သည်ဟုဆိုသည်။
“အစုရှယ်ယာများ ထုတ်ဝေရောင်းချလျှက်ရှိသည့် (သို့မဟုတ်) ရောင်းချရန် စီစဉ်လျှက်ရှိသည့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီများသည် SECM သို့ ဆက်သွယ်တင်ပြ၍ ကြိုတင်ခွင့်ပြုချက် ရယူကြပါရန်နှင့် ခွင့်ပြုချက်ရယူခြင်းမရှိပဲ ဆောင်ရွက်သည်ကို တွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ အက်ဖ်အမ်အိုင်နှင့် မြန်မာသီလဝါအက်စ်အီးဇက်ကုမ္ပဏီ နှစ်ခုသာ တရားဝင် စာရင်းဝင်အမည်ပေါက်ဖြစ်သေးပြီး ကုမ္ပဏီမှတ်ပုံတင်ဌာနတွင် အများပိုင်အဖြစ် မှတ်ပုံတင်ထားသည့်ကုမ္ပဏီမှာ စုစုပေါင်း ၂၀၀ ကျော်ရှိနေသည်။
သတင်း-ကျော်ဖုန်းကျော်