ချင်းပြည်နယ်က တည်ငြိမ် လုံခြုံမှု မရှိပါ

ချင်းလူမျိုး ဒုက္ခသည်များကို ကာကွယ်ထားပေးမှု ရုတ်သိမ်းရန် ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ၏ ဆုံးဖြတ်ချက်သည် အခြေအနေကို စစ်မှန်စွာ သုံးသပ်ပြီး ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပေ။ ချင်း ဒုက္ခသည်များ နေရပ်ပြန်ရန် အဆင်သင့် မဖြစ်သေးပေ။

Salai Sh Lian နှင့် Ko Thang ရေးသားသည်။ 

မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့တွင် နေထိုင်နေကြသော ချင်းလူမျိုး ဒုက္ခသည် ၃၅,၀၀၀ ခန့်အား နိုင်ငံတကာ၏ ကာကွယ်စောင့်ရှောက်မှု မလိုအပ်တော့ကြောင်း ဇွန် ၁၃ ရက်နေ့က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ရှုပ်ထွေးနေပြီး တည်ငြိမ်မှု မရှိသော်လည်း ချင်းပြည်နယ်ကမူ တည်ငြိမ်ပြီး လုံခြုံနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဆုံးဖြတ်ခဲ့သည်။ 

“ဒီသတင်းကို ကြားတော့ ကျွန်တော်တို့ မိသားစု ငိုကျွေးခဲ့ကြတယ်” ဟု အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ ချင်းဒုက္ခသည်များကော်မတီ (Chin Refugees Committee) ၏ အကြီးတန်း အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ၏ ကာကွယ်စောင့်ရှောက်မှု ရပ်စဲလိုက်ကြောင်း ကြေညာပြီးကတည်းက ဒုက္ခသည် လူ ရှစ်ဦး မိမိကိုယ်ကို သတ်သေရန် ကြိုးစားမှု ဖြစ်ပေါ်ခဲ့ပြီး မလေးရှားနိုင်ငံတွင် တစ်ဦးသေဆုံးခဲ့ကာ တစ်ဦး အဖမ်းခံခဲ့ရသည်။ ၎င်းအချက်က ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် သဘောထား ကွဲလွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေကြောင်း ပြသနေသည်။ 

အလုံးအရင်းနှင့် နေရပ်ပြန်ပို့မှုကို ပေါ့ဆစွာ မလုပ်ဆောင်ရဟူသော စည်းမျဉ်းများဖြင့် ရပ်စဲရေး ကြေညာချက်ကို ထုတ်ပြန်ရမည် ဖြစ်သည်။ ၎င်းတို့တွင် လူ့အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပြန်ပို့မည့်နေရာတွင် တည်ငြိမ်မှုနှင့် လုံခြုံမှုရှိကြောင်း သက်သေအထောက်အထား၊ နေရပ်ပြန်ပို့ရာတွင် သင့်တော်စွာ စီစဉ်ပေးခြင်းတို့ ဖြစ်သည်။ သို့သော် ယခုကိစ္စတွင် လူ့အဖွဲ့အစည်းနှင့် တိုင်ပင်ဆွေးနွေးခဲ့ခြင်း မရှိပေ။ တင်ပြသော အချက်အလက်တစ်ခုတည်းမှာ ပြီးခဲ့သော နှစ်နှစ်အတွင်း ဒုက္ခသည်အဖြစ် လျှောက်ထားခဲ့သော ချင်းလူမျိုးအများစု၏ လျှောက်ထားမှု မအောင်မြင်ခဲ့သည့် အချက်သာ ဖြစ်သည်။ 

အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ UNHCR ရုံးများက ချင်းပြည်နယ်၏ အခြေအနေကို သိရှိရန် နိုဝင်ဘာလတွင် ကွင်းဆင်းလေ့လာမည်ဖြစ်သည်။ ထို့ကြောင့် ဇွန်လတွင် ထုတ်ပြန်ခဲ့သော ရပ်စဲရေး ကြေညာချက်တွင် သတင်းအချက်အလက် မည်မျှရရှိခဲ့သည်ကို သံသယ ဖြစ်နိုင်သော်လည်း ယခုအချိန်တွင် လုပ်ငန်းစဉ်ကို အချိန်ဆွဲရန်သာ လုပ်ဆောင်နိုင်တော့မည်ဖြစ်သည်။   

သို့သော် မလေးရှားနိုင်ငံမှ ရုံးက ဒုက္ခသည်အဖြစ်မှ ရပ်စဲရေး အင်တာဗျူးများကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ မလေးရှားတွင် မှတ်ပုံတင်ထားသော ချင်းလူမျိုး ဒုက္ခသည် ၁၆,၅၂၁ ဦးရှိပြီး ၁၀,၀၀၀ ခန့်သည် ခိုလှုံရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ၎င်းတို့အား အင်တာဗျူးလုပ်ငန်းစဉ်တွင် ထည့်သွင်းသွားမည်ဖြစ်သည်။

အင်တာဗျူးတွင် ချင်းလူမျိုး ဒုက္ခသည်တစ်ဦးချင်းစီအား ရွေးချယ်စရာ လမ်း နှစ်ခု ပေးထားသည်။ ပထမ တစ်ခုမှာ ၎င်းတိုအနေဖြင့် ကာကွယ်စောင့်ရှောက်မှု မလိုအပ်တော့ကြောင်း သဘောတူညီပြီး ၂၀၁၉ ခုနှစ် အကုန်တွင် ချင်းပြည်နယ်သို့ ပြန်ရန် စီစဉ်ရေး ဖြစ်သည်။ ဒုတိယတစ်ချက်မှာ သဘောမတူဘဲ ၎င်းတို့ ကြောက်ရွံ့နေရသေးသော အကြောင်းချက်များကို နှစ်လကြာမည့် သုံးသပ်ရေးကာလတွင် တင်ပြရန် ဖြစ်သည်။ UNHCR က ယခင်ပြုလုပ်ခဲ့ဖူးသော ရပ်စဲရေး သုံးသပ်ချက်ကို လမ်းညွှန်အဖြစ် အသုံးပြုပါက အများစုမှာ စစ်ဆေးချက် ကျရှုံးပြီး ကာကွယ်စောင့်ရှောက်မှု ရရှိတော့မည် မဟုတ်ပေ။  

ရပ်စဲရေး ဆုံးဖြတ်ချက်အတွက် ဒုက္ခသည်များ၏ မူရင်းနိုင်ငံသည် အခြေခံကျကျနှင့် တာရှည်ခံသည့် တိုးတက်မှုရှိရန် လိုအပ်သည်။ ဒုက္ခသည်များသည် နိုင်ငံ၏ အာဏာပိုင်များထံမှ ကာကွယ်စောင့်ရှောက်မှုကို ရရှိရမည် ဖြစ်သည်။ ဒီမိုကရေစီကျသော ရွေးကောက်ပွဲ၊ ရာဇဝတ်မှုများ၌ ကြံရာပါဖြစ်သည့် လုံခြုံရေး ဝန်ဆောင်မှုများကို ဖယ်ရှားလိုက်ခြင်း၊ ငြိမ်းချမ်းရေး သဘောတူညီချက်များနှင့် တိုးတက်လာသည့် မူဝါဒများသည် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းအတွက် အချက်ပြမှုအချို့ ဖြစ်နိုင်ပေသည်။ ၂၀၁၅ ရွေးကောက်ပွဲသည် အရေးပါသော ပြောင်းလဲမှု တစ်ခုဖြစ်သော်လည်း ၎င်းသည် အခြေခံကျကျ ပြောင်းလဲသွားခြင်း မဟုတ်ပေ။ အထူးသဖြင့် လူ့အခွင့်အရေး ရှုထောင့်တွင် ဖြစ်သည်။

ဒုက္ခသည်များ၏ ကြောက်ရွံ့မှုသည် မြန်မာ့တပ်မတော်၏ ဖိနှိပ်မှုများတွင် ဗဟိုပြုနေသည်။ သို့သော်  ထိုအဖွဲ့အစည်းသည် ပြုပြင်ပြောင်းလဲခြင်း မရှိသေးပေ။ ယင်းအဖွဲ့အစည်းသည် အရပ်သား အစိုးရ၏ ထိန်းချုပ်မှုကို မရှိဘဲ လူ့အခွင့်အရေးကို ချိုးဖောက်နေဆဲ ဖြစ်သည်။ မကြာသေးမီက ပြုလုပ်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်က မြန်မာ တပ်မတော်သည် စစ်ရာဇဝတ်မှုများ၊ လူမျိုးတုန်း သတ်ဖြတ်မှုများတွင် တာဝန်ရှိကြောင်း ပြောကြားထားသည်။ UNHCR က ပြုလုပ်သော သုံးသပ်ချက်တွင်ပင် တပ်မတော်၏ ချိုးဖောက်မှုများသည် မြန်မာနိုင်ငံကို မတည်ငြိမ် ဖြစ်စေသည်ဟု ဆိုထားသည်။ ထိုသို့ဆိုပါက ချင်းပြည်နယ်ကရော မည်သို့ထူးခြားမည်နည်း။

တပ်မတော်နှင့် ချင်းတိုင်းရင်းသား လက်နက်ကိုင် အုပ်စုဖြစ်သော ချင်းအမျိုးသားတပ်ဦး (Chin National Front) တို့အကြား ၂၀၁၂ ခုနှစ်တွင် အပစ်ရပ်စဲရေး သဘောတူညီချက် ချုပ်ဆိုနိုင်ခဲ့ခြင်းက လုံလောက်သည်ဟု UNHCR က ယူဆထားသလော။ သို့သော် အခြား တိုင်းရင်းသားများနှင့် သဘောတူညီချက် ချုပ်ဆိုရန် မအောင်မြင်ခဲ့ပေ။ UNHCR ၏ ရပ်စဲရေး လမ်းညွှန်ချက်တွင် အပစ်ရပ်စဲရေး စာချုပ်များကို စောင့်ကြည့်မည်ဟု ပါရှိသည်။ ချင်းပြည်နယ်တစ်ဝန်းမှ လူများနှင့် ဆွေးနွေးပြီး ချုပ်ဆိုခဲ့သော  ၂၀၁၂ ခုနှစ် အပစ်ရပ်ရေး သဘောတူစာချုပ်တွင် ပါဝင်သော အချက်များကိုလည်း ပြီးမြောက်အောင် မလုပ်ဆောင်နိုင်သေးပေ။ အထူးသဖြင့် ဘာသာရေး ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်၊ ပဋိပက္ခနှင့် ဆက်နွယ်နေသော မတော်မတရား လုပ်ဆောင်မှုများအား ကာကွယ်ပေးထားမှုနှင့် ဖွံ့ဖြိုးရေး စီမံကိန်းကြီးများတွင် လူ့အဖွဲ့အစည်းက ပါဝင်ဆောင်ရွက်နိုင်စေခြင်းတို့ ဖြစ်ကြသည်။ 

ချင်းလူမျိုးများက ဘာသာရေးအတွက် မြေနေရာများကို မှတ်ပုံတင်ရာတွင် စစ်တပ်က ထိန်းချုပ်သော အထွေထွေ အုပ်ချုပ်ရေးရုံးများထံမှ ခွင့်ပြုချက် လွယ်ကူစွာ မရရှိပေ။ ဘုရားရှိခိုးကျောင်းအတွက် မြေနေရာ ရှာဖွေသော ချင်းလူမျိုး ခရစ်ယာန်ဘာသာဝင်များသည် ပုဂ္ဂလိက မြေနေရာများကို ဝယ်ယူကြရသည်။ သို့မဟုတ် တာဝန်ရှိသူများကို လာဘ်ထိုးကြရသည်။ ၂၀၁၄ ခုနှစ်တွင် ချင်းပြည်နယ်မြို့တော် ဟားခါးမှ ဘုရားရှိခိုးကျောင်းများ အားလုံးက ပုဂ္ဂလိကပိုင်အဖြစ်မှ အများပိုင်အဖြစ် ပြောင်းလဲရန် လျှောက်ထားခဲ့ကြသော်လည်း တုန့်ပြန်မှု တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိပေ။ 

ထိုသို့သော ကန့်သတ်ချက်များသည် ခရစ်ယာန် ဘာသာဝင် နည်းပါးသော ချင်းပြည်နယ် နယ်စပ်များတွင် တင်းမာမှုများကို ဖြစ်ပွားစေသည်။ ထိုနေရာများတွင် ခရစ်ယာန်ဘာသာဝင်များကို အနောက်တိုင်း ယုံကြည်မှု ကိုးကွယ်သူများ၊ သို့မဟုတ် ကုလား ယုံကြည် ကိုးကွယ်သူများအဖြစ် ရှုမြင်ကြသည်။ ဒေသဆိုင်ရာ အာဏာပိုင်များကလည်း ခရစ်ယာန် သာသနာပြုလုပ်ငန်းများကို တခါတရံတွင် ကြမ်းတမ်းစွာ နှိပ်ကွပ်ပြီး လူ့အဖွဲ့အစည်းများကလည်း တနင်္ဂနွေ ဘုရားရှိခိုးကျောင်းတက်ခြင်းနှင့် အယူဝါဒပြောင်းမှုအဖြစ် ရှုမြင်သည့် လှုပ်ရှားမှုများကို ပိတ်ပင်တားဆီးရန် အကြမ်းဖက် လုပ်ဆောင်လိုကြသည်။

ပညာသင်ကြားခွင့် ရရှိရန် ခက်ခဲသောကြောင့် ချင်းပြည်နယ်မှ ဆင်းရဲသား ကျေးလက်ကလေးများသည် စစ်တပ်က ထိန်းချုပ်သော နယ်စပ်ရေးရာဝန်ကြီးဌာန၏ နတလ ပညာရေးကျောင်းများသို့ တက်ရောက်ကြရသည်။ ၎င်းကျောင်းများတွင် အခမဲ့ပညာရေးစနစ် ပေးထားသော်လည်း ဗမာဘာသာစကားဖြင့်သာ သင်ကြားကြရသည်။ ထို့ပြင် ဗုဒ္ဓဘာသာသို့ အတင်းအကြပ် သွပ်သွင်းခံရသည်။ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများသို့ စေလွှတ်ပြီး ရှင်ပြုခိုင်းကြသည်။ 

ထို့ပြင် ဖွံ့ဖြိုးရေး စီမံကိန်းကြီးများဖြစ်သော ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းသည် ရခိုင်ပြည်နယ်၊ စစ်တွေဆိပ်ကမ်းမှ ချင်းပြည်နယ် တောင်ပိုင်းကိုဖြတ်ပြီး အိန္ဒိယ အရှေ့မြောက်ပိုင်းသို့ ချိတ်ဆက်ထားသည်။ ၎င်းစီမံကိန်းကြောင့် ထိခိုက်ခဲ့သော လူ့အဖွဲ့အစည်းများကို သတင်းအချက်အလက် လုံလောက်အောင်ပေးခြင်း၊ လျော်ကြေးပေးခြင်း မရှိသည့်အပြင် အလုပ်သမားအဖြစ် ခိုင်းစေရာတွင်လည်း ခေါင်းပုံဖြတ်မှုများ ရှိနေသည်။ 

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ပြီးခဲ့သော သုံးနှစ်အတွင်း တပ်မတော်နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်ဖြစ်သော ရခိုင်တပ်မတော် (Arakan Army) တို့ကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ အပစ်အခတ်များနှင့် မြေမြုပ်မိုင်းများကြောင့် အရပ်သားများ သေဆုံးခဲ့ရသည်။ လူပေါင်း ၈,၀၀၀ ခန့်သည် အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့် နယ်စပ်သို့ ထွက်ပြေးခဲ့ကြရသည်။ 

ချင်းပြည်နယ်မှ အခြေအနေသည် မြန်မာနိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားနေသော အခြေအနေကို ထင်ဟပ်နေသည်။ လက်နက်ကိုင် ပဋိပက္ခများ၊ အရပ်သားများ နေရာပြောင်းရွှေ့ရခြင်း၊ စစ်ပုံစံသွင်းခြင်း၊ ဒေသခံများ၏ သဘောတူညီမှု မပါဝင်သော ဖွံ့ဖြိုးရေးစီမံကိန်းများ စသည်တို့ ရှိနေဆဲဖြစ်သည်။ ၎င်းသည် တည်ငြိမ်မှု၊ လုံခြုံမှုနှင့် ဝေးကွာနေပြီး ဘေးကင်းလုံခြုံစွာ သိက္ခာရှိစွာ နေရပ်ပြန်ရန်မှာ မဖြစ်နိုင်သေးပေ။

UNHCR ၏ ဆုံးဖြတ်ချက်သည် ပြန်လည်သုံးသပ်ရန် အရေးတကြီး လိုအပ်နေသည်။ တာရှည်ခံသော အပြောင်းအလဲကို သုံးသပ်ရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမှန်တကယ် တိုးတက်လာမှု၊ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန် တပ်မတော်က ပါဝင်ဆောင်ရွက်ပေးလာခြင်းနှင့် မြန်မာနိုင်ငံတွင် ပိုမိုပွင့်လင်းပြီး သဘောထားကြီးသည့် နိုင်ငံရေး ဖြစ်ထွန်းလာမှုကို စောင့်ဆိုင်းရမည် ဖြစ်သည်။ သို့မှသာ ချင်းအသိုင်းအဝိုင်းအနေဖြင့် လုံခြုံစိတ်ချမှုနှင့် ပါဝင်နိုင်မှုတို့ ခံစားနိုင်မည်ဖြစ်သည်။ 

Salai SH Lian နှင့် Ko Thang သည် ချင်းလူအခွင့်အရေးအဖွဲ့ (Chin Human Rights Organization) တွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည်။ ၎င်းသည် ကနေဒါနိုင်ငံတွင် မှတ်ပုံတင်ထားသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGO) တစ်ခုဖြစ်ပြီး အိန္ဒိယ၊ ထိုင်းနှင့် အမေရိကန်နိုင်ငံတို့တွင် ရုံးခွဲများ ရှိသည်။ 

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.