ချင်းနိုင်ငံရေးပါတီများ တစ်ပါတီတည်းအဖြစ် ပေါင်းစည်းရန် ပြင်ဆင်နေ

ရန်ကုန်၊ သြဂုတ် ၂

လာမည့်ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးနှင့် NLD တို့ကို ယှဉ်ပြိုင်နိုင်ရန်အတွက် အကွဲကွဲအပြားပြား ဖြစ်နေသည့် ပါတီများကို စုစည်းပြီး တစ်ပါတီတည်းအဖြစ်ဖွဲ့စည်းရန် ချင်းနိုင်ငံရေးပါတီများက ပြင်ဆင်လျှက်ရှိသည်။

ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ(Chin National Democratic Party)နှင့် ချင်းတိုးတက်ရေးပါတီ (Chin Progressive Party) တို့က နှစ်ပါတီပေါင်းစည်းရန် ပါတီထိပ်ပိုင်းခေါင်းဆောင်များ သဘောတူ ညီမှုရပြီဖြစ်ကြောင်း သြဂုတ် ၁ ရက်နေ့တွင်ကြေညာခဲ့ကြသည်။

အဆိုပါနှစ်ပါတီအပြင် အခြားချင်းပါတီတစ်ခုဖြစ်သော ချင်းဒီမိုကရေစီအဖွဲ့ချုပ် (Chin League For Democracy) နှင့်လည်း ပေါင်းစည်းရန် ကနဦး သဘောတူညီမှုရထားပြီးဖြစ်ကာ အပြီးသတ်ဆုံးဖြတ်ချက်ချရန် ချင်းဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း အဆိုပါကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထိုသို့ ချင်းနိုင်ငံရေးသုံးပါတီ ပေါင်းစည်းမှုသည် ပထမခြေလှမ်းဖြစ်ပြီး ၎င်းတို့၏ အဓိကရည်မှန်းချက်မှာ ချင်းမျိုးနွယ်စု နိုင်ငံရေးပါတီများအားလုံး ပါဝင်ပေါင်းစည်းပြီး အင်အားကြီး ချင်းပါတီတစ်ခု တည်ထောင်နိုင်ရန်ဖြစ်ကြောင်း ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းမျိုးချစ်က ပြောသည်။

“(ချင်း)ပါတီတွေ ပေါင်းစည်းနိုင်ရင် ဘယ်ပါတီမဆို ကျွန်တော်တို့ စိန်ခေါ်နိုင်မယ်ထင်ပါတယ်”ဟု ဆလိုင်းမျိုးချစ် ကပြောသည်။

၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ပြည်မပါတီဟု တိုင်းရင်းသားများက သတ်မှတ်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီများက ချင်းပြည်နယ်တွင် ချင်းနိုင်ငံရေ;ပါတီများထက် လွှတ်တော်ကိုယ်စားလှယ်နေရာ ပိုမိုရခဲ့ကြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး စသည့် လွှတ်တော် သုံးခုတွင် မဲဆန္ဒနယ် ၃၉ ခုရှိသည့်အနက် NLD က ၂၈ နေရာ၊ ပြည်ခိုင်ဖြိုးက ၅ နေရာ အနိုင်ရခဲ့ပြီး ချင်းပြည်နယ်အခြေစိုက် လူမျိုးစုနိုင်ငံရေးပါတီတစ်ခုဖြစ်သော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ၆ နေရာသာ အနိုင်ရခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုးပါတီနှင့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီတို့သည် ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံလောက်သည့် စွမ်းဆောင်မှုများ မလုပ်နိုင်ခဲ့ကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်းကပြောသည်။

“(ပြည်ခိုင်ဖြိုးနဲ့NLDဟာ) ချင်းပြည်နယ်တိုးတက်မှု နယ်နယ်ရရ တစ်ခုမှမလုပ်နိုင်ဘူး”ဟု ဦးဇိုဇမ်း ကပြောသည်။

ရွေးကောက်ပွဲတွင် ချင်းပါတီများ မဲမကွဲစေရန် ပေါင်းစည်းနိုင်ခဲ့ပါက ရွေးကောက်ပွဲများတွင် ချင်းနိုင်ငံရေးပါတီများက ပြည်မပါတီများကို အစဉ်အဆက် အရေးနိမ့်နေခြင်းကို ကျော်လွှားနိုင်မည်ဟုလည်း တစ်ပါတီတည်းပေါင်းစည်းရေး လှုပ်ရှားနေသည့် ချင်းပါတီများက ယုံကြည်ထားကြသည်။

“မဲပေးတဲ့ ပြည်သူလူထုကလဲ ဒါကိုဘဲ တောင်းဆိုနေကြတာလေ။ ချင်းကို မဲပေးချင်ပါတယ်။ ဒါပေမယ့် ပေါင်းစည်းဖို့ အရင်လုပ်ကြပါ။ အဲ့လိုပြောတဲ့သူတွေက အများစုကိုး” ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းမျိုးချစ်ကပြောသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar