ခေါင်းထောင်ထလာတဲ့ တိုင်းရင်းသား အရေး စိန်ခေါ်မှု၊ အင်န်အယ်လ်ဒီ ကျော်ဖြတ်နိုင်မလား

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ကနေ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းတော့မယ့် ဒီလိုကာလမှာ ခုလို အမျိုးသားရေး လှုပ်ရှားမှုတွေ တန်းစီ ပေါ်ပေါက်လာတာပါ။ 

စည်သူအောင်မြင့် ရေးသားသည်။

အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ တိုင်းရင်းသားတွေရဲ့ အမျိုးသားရေး တောင်းဆိုချက်တွေ၊ လှုပ်ရှားမှုတွေ စတာတွေနဲ့ ဆိုင်တဲ့ သတင်း အတော်များပါတယ်။ ဒီ တောင်းဆိုချက်တွေဟာ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေဆီကရော၊ လက်နက်မကိုင်ရသေးဘဲ အခုမှ ဖွဲ့စည်းမယ်လို့ ဆိုသူတွေနဲ့ နိုင်ငံရေးပါတီ တည်ထောင် လှုပ်ရှားနေသူတွေအဆုံး နယ်ပယ်အားလုံးကနေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဒါတွေဟာ အရင် စစ်အာဏာရှင်ခေတ် အဆက်ဆက်က ဖိနှိပ်ထားခဲ့လို့ အခုလို လွတ်လပ်ခွင့် ရလာကာစ အချိန်ကျမှ ပေါ်ပေါက်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီ လှုပ်ရှားမှုတွေဟာ သိပ်မကြာမီ ပေါ်ပေါက်လာတော့မယ့် အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအဖွဲ့အတွက် စိန်ခေါ်မှုကြီး တစ်ခု ဖြစ်နေမှာကတော့ အသေအချာပါပဲ။ အင်န်အယ်လ်ဒီ အနေနဲ့ ဒီ စိန်ခေါ်မှုကြီးကို ရင်ဆိုင် ကျော်လွှားနိုင်မလား ဆိုတာ လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက သီးခြား လွတ်လပ်တဲ့ ကချင်နိုင်ငံတော် တစ်ခု တည်ထောင်ဖို့ ကချင်ပြည်သူ့ပါတီ Kachin Republic Party-KRP ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းမယ် ဆိုတဲ့ သတင်း ထွက်ပေါ်လာပါတယ်။ KRP ရဲ့ ယာယီ အထွေထွေ အတွင်းရေးမှူးလို့ ခေါ်တဲ့ ဦးလရှီ ယောန သတင်းဌာနတွေကို ပြောတာကတော့ သူတို့အဖွဲ့ဟာ လက်ရှိ KIO, KIA ကချင်ပြည်လွတ်လပ်ရေး အဖွဲ့နဲ့ မတူဘူး၊ KIO, KIA အဖွဲ့ဟာ အရင်က သီးခြားကချင်နိုင်ငံ တည်ထောင်ဖို့ ရည်ရွယ်ချက်ရှိပေမဲ့ နောက်ပိုင်း အဲဒီ ရည်မှန်းချက်ကို စွန့်လွှတ်ပြီး အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတယ်၊ သူတို့ကတော့ အစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးတာ မလုပ်ဘဲ သီးခြား ကချင်နိုင်ငံ တည်ထောင်ဖို့ အစိုးရတပ်ကိုလည်း တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

သူတို့အဖွဲ့ထဲမှာ ကချင်ခရစ်ယာန်အသင်းတော်က ဘာသာရေးခေါင်းဆောင်တွေ၊ KIO က ခေါင်းဆောင်တချို့နဲ့ KIA လက်အောက်ခံ ကချင်ပြည်သူ့စစ် MHH က ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ ပြောပေမဲ့ သီးခြား အတည်ပြုလို့တော့ မရပါဘူး။ ဒီအဖွဲ့ ဖွဲ့စည်းတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး KIO, KIA အပါအဝင် ကချင် ဘာသာရေး အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက ထောက်ခံအားပေးခြင်း မရှိကြပေမယ့်လည်း အမျိုးသားရေးဝါဒ ပြန်ပြီး ခေါင်းထောင်ထလာမှု တစ်ခုအဖြစ်တော့ ရှုမြင်နိုင်ပါတယ်။

အလားတူ ကျင်းပပြီးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာလည်း တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေထဲက ဝ ၊ ရှမ်းနီနဲ့ ပအိုဝ်း တိုင်းရင်းသားတွေက သူတို့ ဒေသကို ပြည်နယ်အဆင့် သတ်မှတ်ပေးဖို့ ရှင်းလင်း တင်ပြတာမျိုးလည်း ရှိခဲ့ပါတယ်။ အရင်က ဝ လက်နက်ကိုင် UWSP, UWSA တစ်စုကပဲ ပြည်နယ်အဆင့် တောင်းဆိုမှု ရှိနေရာကနေ အခု နောက်ထပ် တိုင်းရင်းသားအုပ်စု နှစ်စုရဲ့ တောင်းဆိုမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ညီလာခံအတွင်း ဒီလို တောင်းဆိုနေချိန်နဲ့ တစ်ပြိုင်နက်တည်းမှာပဲ ရခိုင်ပြည်နယ်မှာလည်း ရခိုင်လက်နက်ကိုင်တပ် AA နဲ့ အစိုးရတပ် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ၂၀၁၅ မတိုင်ခင်အချိန်ထိ ရခိုင်ပြည်နယ်မှာ ရခိုင် တိုင်းရင်းသား လက်နက်ကိုင် သူပုန်တပ်ဖွဲ့ မရှိခဲ့ဖူးပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALP ဆိုရင် ကရင်ပြည်နယ်မှာ အခြေစိုက်ပါတယ်။

အပစ်အခတ် ရပ်စဲတာဟာ တိုင်းရင်းသားတွေအတွက် အကျိုးကျေးဇူး အလွန်ရှိတယ် ဆိုတာ လက်တွေ့ သက်သေပြနိုင်ဖို့ လိုပါတယ်။
တစ်ချိန်တည်းမှာပဲ အစိုးရ ယန္တရား ကောင်းမွန်အောင် ကြိုးစားရင်း၊ ဒီမိုကရေစီ ထွန်းကား ကျယ်ပြန့်လာအောင် ကြိုးစားရင်း
ပြည်နယ်နဲ့ တိုင်းအဆင့်တွေကို လုပ်ပိုင်ခွင့် ပို ပိုပြီး ပေးဖို့ပါပဲ။

တစ်ချိန်က ကချင်ပြည်နယ်၊ ချင်းပြည်နယ်ကနေ တဆင့် မြန်မာနိုင်ငံ မြောက်ပိုင်းကို ပတ်ပြီး ရခိုင်ပြည်နယ်ထဲ ပြန်ခြေချဖို့ လုပ်တဲ့ စစ်ဆင်ရေး တစ်ခု အစိုးရတပ်ရဲ့ ချေမှုန်းတာ ခံလိုက်ရဖူးပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ရခိုင်တပ်ဖွဲ့ ပြန်ခြေချဖို့ ကြိုးစားတာဟာ ပြဿ     နာ တစ်ခု မဟုတ်ပါဘူး။ အဲလို ရခိုင်တပ်ဖွဲ့တစ်ဖွဲ့ ရခိုင်ပြည်နယ်ထဲမှာ လာခြေချတာကို ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေက လက်ခံ သဘောကျနေကြတာကသာ ပြဿနာ ဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင်က ဆိုရင် ကရင်ပြည်နယ်မှာ ကရင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ရှိသလို ရခိုင်ပြည်နယ်မှာလည်း ရခိုင်တပ်ဖွဲ့ အခြေချဖို့ ကြိုးစားတာ သဘာဝ ကျတယ်လို့ ပြောဆိုပါတယ်။

အမျိုးသားရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး နောက်ဆုံးပေါ်တဲ့ ပြဿ     နာ တစ်ခုကတော့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ အခုလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်ပါ။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ်လွှတ်တော်အတွက် သူတို့ ANP က အမတ် ၂၃ နေရာ ရခဲ့တယ်၊ အဲလို အမတ်အများစု အနိုင်ရထားတာမို့ ရခိုင်ပြည်နယ်အစိုးရဖွဲ့ရင် ဝန်ကြီးချုပ်ဟာ ANP အမတ်ထဲက ဖြစ်သင့်တယ်၊ အဲဒီ အခွင့်အရေး မပေးရင် အင်န်အယ်လ်ဒီက ဖွဲ့စည်းမယ့် ဘယ် အစိုးရအဖွဲ့အစည်းမှာမှ ပါဝင်မှာ မဟုတ်ဘဲ အတိုက်အခံအနေနဲ့ ရပ်တည်သွားမယ် ဆိုပြီး ထုတ်ပြန်ခဲ့တာပါ။ ဒီ ထုတ်ပြန်ချက်ဟာလည်း အသွင်ကူးပြောင်းရေး အစိုးရ အင်န်အယ်လ်ဒီ အတွက် အနည်းနဲ့ အများဆိုသလို အခက်အခဲ ဖြစ်ပေါ်စေမှာပါ။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ကနေ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းတော့မယ့် ဒီလိုကာလမှာ ခုလို အမျိုးသားရေး လှုပ်ရှားမှုတွေ တန်းစီ ပေါ်ပေါက်လာတာပါ။ ဒီ ပြဿ     နာဟာ အင်န်အယ်လ်ဒီ ရင်ဆိုင်ရမယ့် အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ရင်တော့ အင်န်အယ်လ်ဒီက လုပ်နိုင်တာတွေတော့ ရှိပါတယ်။ အဲဒါကတော့ ပထမအဆင့်အနေနဲ့ တပ်မတော်နဲ့ ညှိနှိုင်းတိုင်ပင် ပူးပေါင်းပြီး တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ သေနတ်သံ တိတ်သွားအောင်၊ အပစ်ရပ်သွားအောင် ကြိုးစားဖို့ပါပဲ။ အဲလို လုပ်နေတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ အပစ်ရပ်ခဲ့ပြီဖြစ်တဲ့ ကရင်ပြည်နယ်နဲ့ မြန်မာပြည် တောင်ပိုင်း တစ်ခွင် ဒေသတွေကို ဖွံ့ဖြိုးတိုးတက်ရေးတွေ မြန်မြန် အကောင်အထည် ဖော်ပေးဖို့ပါ။

အပစ်အခတ် ရပ်စဲတာဟာ တိုင်းရင်းသားတွေအတွက် အကျိုးကျေးဇူး အလွန်ရှိတယ် ဆိုတာ လက်တွေ့ သက်သေပြနိုင်ဖို့ လိုပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရ ယန္တရား ကောင်းမွန်အောင် ကြိုးစားရင်း၊ ဒီမိုကရေစီ ထွန်းကား ကျယ်ပြန့်လာအောင် ကြိုးစားရင်း ပြည်နယ်နဲ့ တိုင်းအဆင့်တွေကို လုပ်ပိုင်ခွင့် ပို ပိုပြီး ပေးဖို့ပါပဲ။ ဒီလို အဘက်ဘက်က တိုးတက်လာမှသာလျှင် ခေါင်းထောင်ထ လာတဲ့ အမျိုးသားရေးဝါဒ ဆိုင်ရာ ပြဿ     နာနဲ့ စိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင် ရင်ဆိုင် ဖြေရှင်းနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.