ခရစ်တိုငွေကြေးအပေါ် လောင်းကြေးထပ်ကြသူများ

လိမ်ညာသူများနှင့် ငွေပေးချေမှုဆိုင်ရာ အခက်အခဲ ပြဿနာများအပြင် အာဏာပိုင်များက သတိပေးမှုများ ရှိနေသော်လည်း bitcoin ကဲ့သို့သော ခရစ်တိုငွေကြေးတွင် ပြည်တွင်းမှ ရင်းနှီးမြုပ်နှံသူများ ရှိနေသည်။

ကျော်ရဲလင်းရေးသားသည်။

မစုမြတ်သန္တာသည် ဆရာဝန်တစ်ယောက်ဖြစ်လာရန် ကိုးနှစ်ခန့် လေ့လာသင်ယူခဲ့ရသည်။ မန္တလေးဆေးတက္ကသိုလ်တွင် ခြောက်နှစ်ခန့် ပညာသင်ကြားခဲ့ပြီး မန္တလေးအထွေထွေဆေးရုံကြီးတွင် အလုပ်သင်အဖြစ် တစ်နှစ်ခန့်လုပ်ကိုင်ခဲ့ပြီးနောက် လားရှိုးတွင် နှစ်နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက်တွင်မူ ဆရာဝန်အလုပ်ကို မစုမြတ်သန္တာတစ်ယောက် လုံးဝလက်လျှော့လိုက်လေတော့သည်။

“ဆရာဝန်တစ်ယောက်ဖြစ်ရတာက ကျွန်မနဲ့ မကိုက်ညီဘူး။ အလွန်ကောင်းလွန်းတဲ့ အလုပ်အကိုင် ဖြစ်နေတယ်။ ကျွန်မက အရမ်းဖြူစင်ရိုးသားတဲ့ မိန်းမတစ်ယောက် မဟုတ်ဘူး။ တခြားလူတွေအတွက် ကျွန်မဘဝကို မစတေးနိုင်ဘူး” ဟု ကလေး နှစ်ယောက်၏ မိခင်ဖြစ်သူ မစုမြတ်သန္တာက ပြောကြားသည်။

လူအများစုကတော့ သူမကို မိုက်ရူးရဲဆန်သည်ဟုသာ မြင်ကြသည်။ လူတိုင်းလုပ်ချင်ကြပြီး ဖြစ်ရန်ခက်ခဲသည့် ဆရာဝန်အလုပ်ကို စွန့်လွှတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

“ဆရာဝန်တွေကိုကြည့်လိုက်ရင် များသောအားဖြင့် အချိန်အပိုမရှိတာက များတယ်။ ကျွန်မက အချိန်လည်း အများကြီး မပေးရဘဲနဲ့ ဝင်ငွေကောင်းကောင်းကို ရချင်တာ။ ဒါကြောင့် ကျွန်မက အလုပ်သစ်ကို လိုက်ရှာနေခဲ့တာ” ဟု သူမက ပြောသည်။

အစောပိုင်းတွင် မန္တလေးမြို့ပေါ်၌ စတိုးဆိုင်တစ်ခုကို နှစ်နှစ်ခန့် ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ သို့သော် လုပ်ငန်းမှာ အလုပ်မဖြစ်ပေ။ ထို့ကြောင့် ဆရာဝန်အလုပ်ကို စွန့်ခွာရသည့် အကြောင်းရင်းကို နားမလည်နိုင်သော သူမ၏ သူငယ်ချင်းများနှင့် ဆွေမျိုးများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။ “ဆရာဝန်အလုပ်အကိုင်ကို လူအများစုက အလုပ်အကိုင်ကောင်း တစ်ခုလို့ မြင်ကြတယ်။ ဒါကြောင့် ကျွန်မဆက်မလုပ်တော့တာကို သူတို့က နားမလည်နိုင်ဘူး” ဟု မစုမြတ်သန္တာက ဆိုသည်။

ထို့နောက်တွင် မလေးရှား၌ နေထိုင်သော သူမ၏ သူငယ်ချင်းတစ်ယောက်က multi-level marketing နှင့် နိုင်ငံခြားငွေ ရောင်းဝယ်ရေးလုပ်ငန်း (Forex) အကြောင်း သူမကို မိတ်ဆက်ပေးခဲ့သည်။ Forex  အရောင်းအဝယ်လုပ်ငန်းသည် မြန်မာနိုင်ငံတွင် အင်တာနက်အမြန်နှုန်းများ နှေးကွေးလွန်းခြင်းနှင့် နိုင်ငံခြားငွေကြေးကို စစ်အစိုးရလက်ထက်က ကန့်သတ်မှုများ ရှိခဲ့သဖြင့် အလုပ်မဖြစ်ပေ။ MLM လုပ်ငန်းကလည်း ဆင်းရဲသားလူတန်းစားများကို လိမ်လည်သော scam တစ်ခုအဖြစ် မစုမြတ်သန္တာက ထင်မြင်သောကြောင့် မလုပ်ကိုင်ဖြစ်ခဲ့ပေ။

၂ဝ၁၂ ခုနှစ်တွင်မူ ထိုသူငယ်ချင်းကပင် သူမကို bitcoin ဟုခေါ်သည့် ခရစ်တိုငွေကြေးအကြောင်း ပြောပြခဲ့သည်။ ထို့နှစ် စက်တင်ဘာလတွင် bitcoin ဈေးနှုန်းမှာ ဒေါ်လာ၁၅ဝ အောက်သာ ရှိနေသေးပြီး သူမက ထိုငွေကြေးတွင် ရင်းနှီးမြုပ်နှံခဲ့သည်။ လေးလအတွင်းမှာပင် bitcoin ဈေးများတက်လာသဖြင့် bitcoin တစ်ခုကို အမေရိကန်ဒေါ်လာ ၁,ဝဝဝ နှုန်းဖြင့် ပြန်လည်ရောင်းချခဲ့ရသည်။ သူမလည်း အမြတ်အစွန်းများစွာ ရရှိခဲ့လေသည်။

မစုမြတ်သန္တာက အချိန်ကောင်းတွင် bitcoin များကို ပြန်လည်ရောင်းထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ bitcoin ဈေးနှုန်းကလည်း ထိုဒေါ်လာ ၁,ဝဝဝ ဈေးနှုန်းကို ထပ်မကျော်သည်မှာ သုံးနှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူမက အရောင်းအဝယ် ဆက်လက်ပြုလုပ်နေပြီး ဝင်ငွေကောင်းကောင်း ရရှိခဲ့သည်ဟု ဆိုသည်။ မကြာသေးမီကာလအတွင်း bitcoin ခရစ်တိုငွေကြေးကို လူသိများလာသောအခါ သူမက ငွေလဲပေးသည့် ကိုယ်စားလှယ်တစ်ဦး (Exchange) ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံ bitcoin ဝယ်ယူလိုသူများသည် အခက်အခဲများစွာ ရှိကြသည်။ ဝယ်ယူရန် နည်းလမ်း လုံးဝမရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် လူအများစုက နိုင်ငံတကာ ငွေပေးချေကတ်များဖြစ်သည့် Visa နှင့် Master ကတ်များကို မကိုင်ဆောင်နိုင်ကြသေးသောကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံတွင်းမှ အကောင့်များသည် ခရစ်တိုငွေကြေးကို ဝယ်ယူခွင့် မရရှိကြပေ။

ထို့ကြောင့် ဝယ်ယူလိုသူများသည် နိုင်ငံခြားတွင် ဘဏ်စာရင်းရှိသော မစုမြတ်သန္တာကဲ့သို့သော exchange များထံမှ တစ်ဆင့် ပြန်လည်ဝယ်ယူရသည်။ ဝယ်ယူလိုသူများက သူမ၏ ဘဏ်စာရင်းထဲသို့ ငွေများပို့ပေးပြီး သူမက တန်ဖိုးနှင့် ညီမျှသော bitcoin များကို ဝယ်ယူသူ၏ e-wallet သို့ ပြန်ပို့ပေးရသည်။ ထိုသို့ဖြင့် သူတို့သည် bitcoin နှင့် တခြား ခရစ်တို ငွေကြေးများကို အရောင်းအဝယ် လုပ်ကိုင်နိုင်လာသည်။ သူတို့က bitcoin များကို ပြန်လည်ရောင်းချလိုပါက မစုမြတ်သန္တာထံ bitcoin များကို ပြန်လည်ပေးပို့ရသည်။ မစုမြတ်သန္တာက ညီမျှသော ဒေါ်လာ၊ သို့မဟုတ် ကျပ်ငွေကို သူတို့၏ ဘဏ်စာရင်းထဲသို့ ပြန်သွင်းပေးသည်။

ထိုလုပ်ငန်းတွင် သူမက နိုင်ငံတကာ ငွေလဲလှယ်နှုန်းဖြင့် အမြတ်အစွန်း ရရှိနေသည်။ ဥပမာ တစ်ဒေါ်လာလျှင် ကျပ် ၁,၃၅ဝ ပေါက်ပါက သူမက ၁,၄ဝဝ ကျပ်ဖြင့် ရောင်းချမည်ဖြစ်သည်။

“အခု ကျွန်မ ဝင်ငွေလည်း ကောင်းကောင်း ရတယ်။ မိသားစုနဲ့ အချိန်ဖြုန်းဖို့ အားလပ်ချိန်လည်း များများရပါတယ်” ဟု မစုမြတ်သန္တာက ဆိုသည်။ “မြန်မာနိုင်ငံက bitcoin နဲ့ ခရစ်တိုငွေကြေးတွေကို အရောင်းအဝယ် လုပ်ချင်တဲ့လူတွေက ကျွန်မတို့က တစ်ဆင့်သွားကြရတာပါ” ဟု သူမကဆိုသည်။

Bitcoin သည် ပထမဆုံး ပေါ်ပေါက်လာသော ခရစ်တိုငွေကြေးဖြစ်သည်။ ၎င်းမှာ virtual သို့မဟုတ် ဒစ်ဂျစ်တယ် ငွေကြေးဖြစ်ပြီး ထိတွေ့ကိုင်တွယ်၍ရသော ငွေကြေးမဟုတ်ပေ။ bitcoin ကို ဗဟိုထိန်းချုပ်မှု မရှိပဲ ecentralized ဖြစ်သည်။ bitcoin အတွက် ဗဟိုဘဏ်၊ သို့မဟုတ်  federal reserve ထားရှိရန် မလိုပေ။ bitcoin ကို blockchain နည်းပညာဖြင့် ဖန်တီးထားသည်။ bitcoin ဖြင့် ငွေပေးချေမှုများကို encrypted public ledger တွင် မှတ်တမ်းတင်ထားသည်။

Bitcoin ၏ ပေါ်ထွန်းလာမှုသည် အုတ်အုတ်သဲသဲပင်ဖြစ်သည်။ ၂ဝဝ၉ ခုနှစ်တွင် 1 bitcoin သည် အမေရိကန်ဒေါ်လာ တစ်ဆင့်၏ ဆယ်ပုံတစ်ပုံသာရှိခဲ့ရာမှ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၉,၅ဝဝ အထိ မြင့်တက်သွားခဲ့သည်။ ထိုသို့ bitcoin နှင့် တခြားခရစ်တို ငွေကြေးတန်ဖိုးများ ခြောက်လအတွင်း အလွန်အမင်း မြင့်တက်လာမှုကြောင့် ၎င်းကို ပေါက်ကွဲထွက်နိုင်သော ပူစီဖောင်း bubble တစ်ခုအဖြစ် ရှုမြင်လာသူများလည်း ရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလလယ်လောက်မှစပြီး bitcoin နှင့် အခြားသော ခရစ်တိုငွေကြေးများ၏ ဈေးနှုန်းသည် ထက်ဝက်ခန့်နီးပါး ပြန်လည်ကျဆင်းသွားခဲ့သည်။ ဇန်နဝါရီ ၂၆ ရက်နေ့တွင် တိုကျိုမြို့အခြေစိုက် ခရစ်တိုငွေကြေး လဲလှယ်မှု ကုမ္ပဏီဖြစ်သော coincheck က ဒေါ်လာ သန်း ၄ဝဝ နှင့်ညီမျှသော XEM ခရစ်တိုငွေကြေးကို ဟက်ကာများက ခိုးယူသွားသည်ဟု အတည်ပြုကြေညာခဲ့သဖြင့် bitcoin နှင့် တခြားခရစ်တိုတန်ဖိုးများ ပိုမိုကျဆင်းသွားခဲ့သည်။

ဥပဒေနှင့် လုပ်ထုံးလုပ်နည်း ထိန်းချုပ်သူများသည် ခရစ်တိုငွေကြေးနှင့် ပတ်သက်ပြီး အမျိုးမျိုးသော ချည်းကပ်မှုများကို ပြုခဲ့ကြသည်။ အချို့နိုင်ငံများက ခရစ်တိုငွေကြေး ရောင်းဝယ်မှုများကို တရားဝင်အဖြစ် သတ်မှတ်ပေးခြင်းများ ရှိသလို တစ်ချို့နိုင်ငံများက ခရစ်တိုငွေကြေး အသုံးပြုမှုကို ကန့်သတ်ခြင်း၊ တားမြစ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

တခြားနိုင်ငံ အများစုနည်းတူ မြန်မာနိုင်ငံတွင်လည်း ခရစ်တိုငွေကြေးနှင့် ပတ်သက်သော တရားဥပဒေများ မရှိသေးပေ။ အဆိုပါငွေကြေးရောင်းဝယ်မှုများအား အစိုးရက တားမြစ်ခြင်းမရှိသော်လည်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဆိုပါက စနစ်တကျ လေ့လာသုံးသပ် ဆင်ခြင်ကြရန် ပြည်ထဲရေးဝန်ကြီးဌာနက ယခုလအစောပိုင်းတွင် သတိပေးခဲ့သည်။

ခရစ်တိုငွေကြေးနှင့် ပတ်သက်သော တရားဝင် exchange များလည်း မြန်မာနိုင်ငံတွင် မရှိသေးပေ။ သို့သော် bitcoin နှင့် အခြားသော ခရစ်တိုငွေကြေးများကို မစုမြတ်သန္တာတို့ကဲ့သို့သော ကိုယ်စားလှယ်များထံမှ ဝယ်ယူရရှိနိုင်သည်။

မြန်မာနိုင်ငံရှိ လူသုံးအများဆုံး လူမှုကွန်ယက်ဖြစ်သည့် Facebook သည် ခရစ်တိုငွေကြေး စိတ်ဝင်စားသူများ၏ ဗဟိုချက်တစ်ခု ဖြစ်လာနေသည်။ ၎င်းတို့က ခရစ်တိုငွေကြေးနှင့် ပတ်သက်သော သတင်းအချက်အလက်များ မျှဝေရန်၊ ဝယ်ယူရန်အတွက် ကိုယ်စားလှယ်ရှာဖွေရန်၊ ခရစ်တိုများ အရောင်းအဝယ် ပြုလုပ်ရန် Facebook ကို အသုံးပြုနေသည်။ ၎င်းတို့ထဲတွင် အသုံးများသော bitcoin၊ ethereum နှင့် Ripple တို့ပါဝင်သည်။

သို့သော် စိတ်ဝင်စားမှု များပြားလာခြင်းကြောင့် လက်တွေ့ တရားဝင်သုံးစွဲကြမည့် အလားအလာ များပြားလာသည်။ ရန်ကုန်မြို့တွင် အများပြည်သူအတွက် ကျင်းပသော ခရစ်တိုငွေကြေးများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများသို့ လူရာပေါင်းများစွာက စိတ်ဝင်စားစွာ တက်ရောက်လာကြသည်။ ဒီဇင်ဘာလလယ်က နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသော ဆွေးနွေးပွဲသို့ လူပေါင်းထောင်ကျော် တက်ရောက်ခဲ့သည်။ ၎င်းစကားဝိုင်းကို Digital Wealth မဂ္ဂဇင်းက စီစဉ်ပေးပြီး Fintech  + Digital Currency ဟု အမည်ပေးထားသည်။ ဝင်ရောက် ပြောဆိုသူများထဲတွင် ယခင်ဘဏ္ဍာရေးဒုဝန်ကြီး ဦးမောင်မောင်သိန်းနှင့် ဘန်ကောက်အခြေစိုက်ဥပဒေ ကုမ္ပဏီဖြစ်သော Silk Legal ၏ စီမံခန့်ခွဲရေးပါတနာ Dr.Jason Corbett တို့ပါဝင်သည်။

dsc_2236.jpg

ဒီဇင်ဘာလလယ်က နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသော ဆွေးနွေးပွဲတွင် ယခင်ဘဏ္ဍာရေးဒုဝန်ကြီး ဦးမောင်မောင်သိန်းနှင့် Silk Legal ၏ စီမံခန့်ခွဲရေးပါတနာ Dr.Jason Corbett တို့ပါဝင် ဟောပြောခဲ့သည်။ ဓာတ်ပုံ-ကျော်ရဲလင်း

Corbett က ခရစ်တိုငွေကြေးများကို ရင်းနှီးမြုပ်နှံရာတွင် သတိကြီးစွာ ထားရှိကြရန် တက်ရောက်သူများကို သတိပေးခဲ့သည်။ ခရစ်တိုငွေကြေးဈေးကွက်၏ အတက်အကျမြန်သော သဘာဝကိုလည်း သူက ထောက်ပြခဲ့သည်။

မြန်မာနိုင်ငံသည် ခရစ်တိုငွေကြေးများကို လုံးဝရှောင်တိမ်း၍ ရမည်မဟုတ်ကြောင်း၊ ထို့ပြင် ရောင်းဝယ်မှုများကို ထိန်းကျောင်းပေးရန် လုပ်ဆောင်နိုင်ကြောင်း သူက Frontier ကို ပြောကြားသည်။

“ကျွန်တော်သိရှိရသလောက်တော့ ခရစ်တိုငွေကြေးတွေဟာ မြန်မာနိုင်ငံအတွက် အသစ်အဆန်းမဟုတ်ပါဘူး။ ထိုနယ်ပယ်ထဲမှာ လူအတော်များများ လုပ်ကိုင်နေကြပါပြီ။ ပြဿနာက အစိုးရအရာရှိတွေနဲ့ လုပ်ထုံးလုပ်နည်း ချမှတ်သူတွေက ခရစ်တိုငွေကြေးအကြောင်း ဗဟုသုတမရှိကြတာဘဲ” ဟု Corbett ကဆိုသည်။

မကြာသေးမီနှစ်များအတွင်း ခရစ်တိုငွေကြေးများကို စိတ်ဝင်စားမှုများ တိုးပွားလာသည့်နည်းတူ လိမ်လည်သူ (Scammers) များလည်း ဒုနဲ့ဒေး ပေါ်ထွက်လာခဲ့သည်။ bitcoin အပြင် တခြားသော Ponzi စနစ်ကို သုံးသည့် ခရစ်တိုငွေကြေး အမြောက်အမြားလည်း ပေါ်ထွက်လာသည်။ ၎င်းမှာ ပထမဦးဆုံးသော ရင်းနှီးမြုပ်နှံသူများကို နောက်လာသည့် ရင်းနှီးမြုပ်နှံသူများ၏ ငွေကြေးဖြင့် အတိုးပေးသော Ponzi စံနစ်ဖြစ်သည်။ ထိုသို့သော coin များသည် သာမာန်မဟုတ်သော နည်းလမ်းဖြင့် တန်ဖိုးများ မြင့်မားနေနိုင်သည်။

ခရစ်တိုငွေကြေး exchange တစ်ခုဖြစ်သော Bitconnect က လုပ်ငန်းကို ပိတ်သိမ်းမည်ဟု ဇန်နဝါရီ ၁၆ ရက်နေ့တွင် ကြေညာခဲ့သည်။

၎င်းမှာ Bitconnect သည် Ponzi စနစ်ကို ကျင့်သုံးနေသည်ဟု စွပ်စွဲချက်များ ထွက်ပေါ်လာအပြီးတွင် ဖြစ်သည်။ ၎င်းတို့က bitconnect coin ဖြင့် ရင်းနှီးမြုပ်နှံသူများကို တစ်လလျှင် ၄ဝ ရာခိုင်နှုန်းအထိ အတိုးများပေးကာ ဆွဲဆောင်နေခဲ့ခြင်း ဖြစ်သည်။ bitconnect ကို မပိတ်သိမ်းမီတွင် ၎င်း၏ bitconnect coin သည် ဈေးကွက်လက်ဝါးကြီးအုပ်ကာ ဒေါ်လာ နှစ်ဘီလျှံအထိ ရရှိခဲ့သည်။ bitconnect ကို တည်ထောင်သူများသည် ငွေကြေးအသစ်ဖြစ်သည့် bit connect x ကို တည်ထောင်ပြီး အရှေ့တောင်အာရှဒေသတွင် ဈေးကွက်ထိုးဖောက်ရန် ကြိုးပမ်းကြပြန်သည်။

ဦးမောင်မောင်သိန်းက Frontier ကို ယခင်နှစ်က ပြောကြားခဲ့ရာတွင် alt-coins များ အားလုံးနီးပါးသည် scam များဖြစ်သည်ဟု ယူဆကြောင်း ဆိုခဲ့သည်။ ဒီဇင်ဘာလက seminar တွင်မူ သူ၏အမြင်သည် သိသိသာသာ ပြောင်းလဲလာခဲ့သည်။

“Bitcoin နဲ့ တခြား coin တွေ အတော်များများကို နိုင်ငံအများအပြားမှာ သုံးလို့ရနေပါတယ်။ ဒီ coin တွေက အဓိက ငွေကြေးယူနစ်ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့က bitcoin အကြောင်းကို လေ့လာကြရမှာ ဖြစ်ပါတယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လာမည့်အနာဂတ်မှာ သူတို့နဲ့ထိတွေ့ကြရမှာပါ” ဟု သူက ထို ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“ဒါပေမဲ့ scams တွေကိုတော့ သတိထားရပါမယ်။ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေတော့ မလုပ်စေချင်ဘူး။ ဈေးကွက်က မတည်ငြိမ်ဘူး။ ပြီးခဲ့တဲ့လတွေအတွင်း bitcoin ရဲ့ ဈေးနှုန်းကိုကြည့်မယ်ဆိုရင် ဘယ်လောက်အထိ အကျမြန်တယ်ဆိုတာ ခင်ဗျားတို့သိနိုင်မယ်” ဟု သူကဆိုသည်။

မြန်မာနိုင်ငံမှ ခရစ်တိုငွေကြေး ဆွေးနွေးပွဲများကို တက်ရောက်သူ အများစုမှာ ဆင့်ပွားရောင်းဝယ်မှုလုပ်ငန်း (Multi Level Marketing) နယ်ပယ်မှ ဖြစ်ကြသည်။ ၎င်းတို့က MLM နယ်ပယ်တွင် ဦးဆောင်သူများဖြစ်ကြသည်။ ၎င်းတို့က MLM လုပ်ငန်းတွင် လူသစ်စုဆောင်းခြင်းဖြင့် ကော်မရှင်များစွာ ရရှိနေကြသူများလည်း ဖြစ်ကြသည်။ ထိုသို့ လူစုဆောင်းခေါ်ယူသော ရင်းနှီးမြုပ်နှံမှု scams များဖြစ်သည့် Ponzi အစီအစဉ်များလည်း ရှိနေသည်။

နိုဗိုတယ်ဟိုတယ်၌ ကျင်းပသော ဆွေးနွေးပွဲသို့ တက်ရောက်သူများထဲတွင် မန္တလေးမြို့မှ ဦးဝင်းကိုလည်း ပါဝင်သည်။ သူက MLM လုပ်ငန်းကို ၁၂ နှစ်ကြာ လုပ်ကိုင်လာခဲ့သူဖြစ်သည်။ သူက ပြီးခဲ့သည့် ခြောက်လအတွင်း First Coin ဟုခေါ်ဆိုသော ခရစ်တိုငွေကြေးကို အရောင်းမြှင့်တင်နေခဲ့သည်။ သူ၏ Facebook စာမျက်နှာတွင် ရေးသားထားမှုအရ သူသည် ခရစ်တိုငွေကြေးများ အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် Firstcoin သို့ အဖွဲ့ဝင်သစ်များ ဆွယ်ပေးခြင်းဖြင့် တစ်လလျှင် ကျပ်သိန်း ၁,ဝဝဝ (ကန်ဒေါ်လာ ၇၅,ဝဝဝ) ခန့် ဝင်ငွေရရှိသည်ဟု ဆိုသည်။

ရင်းနှီးမြုပ်နှံသူများသည် နည်းလမ်း နှစ်ခုဖြင့် ပါဝင်နိုင်ကြသည်။ တစ်ခုမှာ အများပြည်သူ exchange နှစ်ခုတွင် အရောင်းအဝယ် လုပ်နိုင်သော Firstcoins များကို ဝယ်ယူခြင်းဖြစ်ပြီး ကျန်တစ်ခုမှာ First Coin Club သို့ အဖွဲ့ဝင်ရန် ဖြစ်သည်။ နည်းလမ်း နှစ်ခုလုံးသည် အမြတ်အစွန်းများစွာ ရရှိနိုင်သည်ဟု သူကဆိုသည်။

နိုဗိုတယ်ဆွေးနွေးပွဲမတိုင်မီ ရက်အနည်းငယ်တွင် ကိုဝင်းကိုက အလားအလာရှိသော ရင်းနှီးမြုပ်နှံသူ ၁၅ ဦးအား တင်ပြသည့်ပွဲသို့ Frontier က တက်ရောက်ခဲ့သည်။

သူက ရင်းနှီးမြုပ်နှံရန် ရွေးချယ်စရာများကို ရှင်းလင်းပြောပြခဲ့သည်။ Firstcoin club packages လေးခု အကြောင်းကိုလည်း ရှင်းပြခဲ့သည်။ ယင်း packages များတွင် basic package သည် ဒေါ်လာ ၂ဝဝ မှ ၁,၉၉၉ အတွင်း ရင်းနှီးမြုပ်နှံရန် လိုအပ်ပြီး တစ်လလျှင် အကျိုးအမြတ်ခံစားခွင့် သုံးရာခိုင်နှုန်းရရှိမည်ဟု ဆိုသည်။ အမြင့်ဆုံး VIP package သည် ဒေါ်လာ ၂၅,ဝဝဝ နှင့် အထက် ရင်းနှီးမြုပ်နှံရမည်ဖြစ်သည်။ ထို VIP package အတွက် အကျိုးအမြတ်မှာ တစ်လလျှင် ၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် တစ်ကြိမ်သာရယူနိုင်သော ၁ဝ ရာခိုင်နှုန်း ဆုကြေးကို ရယူနိုင်မည်ဖြစ်သည်။

အရင်းငွေကို အကောင့်ထဲတွင် ခြောက်လကြာ အသေထားရမည်ဖြစ်ပြီး အကျိုးအမြတ်ကို Firstcoin ဖြင့် ရှင်းပေးမည ်ဖြစ်သည်။ ယင်း Firstcoin ကို bitcoin အဖြစ်သို့ လဲလှယ်ပြီးမှ သာမန်ငွေသားအဖြစ် ထုတ်ယူနိုင်မည်။ ကိုဝင်းကိုက သြဂုတ်လတွင် VIP package ကို ဝယ်ယူခဲ့သည်ဟုဆိုသည်။ ထိုသြဂုတ်လကတည်းက အကျိုးအမြတ် ရာနှုန်းများကို သူက ပုံမှန်ထုတ်ယူလာခဲ့သည်ဟု ဆိုသည်။ ၎င်းအပြင် Firstcoin သို့ ဝင်ရောက်ရန် ဆွယ်ပေးနိုင်သော လူအများအတွက်လည်း ၁ဝ ရာခိုင်နှုန်း ကော်မရှင် ရရှိသေးသည်ဟု သူက ဆိုသည်။

“ခရစ်တိုငွေကြေးတွေကို အရောင်းအဝယ် လုပ်မယ်ဆိုရင် လိမ္မာပါးနပ်မှုရှိဖို့ လိုတယ်။ ဒါပေမဲ့ Firstcoin Club အဖွဲ့ဝင်အဖြစ် ရင်းနှီးမြုပ်နှံလိုက်ရင် ခြောက်လအတွင်းမှာ ကြီးမားတဲ့ အကျိုးအမြတ်ကို ရရှိမှာသေချာတယ်” ဟု ကိုဝင်းကိုက ပြောသည်။

ခရစ်တိုငွေကြေးများအားလုံး၏ တန်ဖိုးသည် တက်လာရန်သာရှိသည်ဟု သူကဆိုသည်။ အဘယ်ကြောင့်ဆိုသော် အဖွဲ့အစည်း အများအပြားအပြင် အကြမ်းဖက်အဖွဲ့များကပါ သာမာန်ငွေကြေးများအပေါ် အစိုးရ၏ ထိန်းချုပ်မှုကို ကျော်လွှားနိုင်စေရန် ခရစ်တိုငွေကြေးများကို သုံးစွဲနေကြသောကြောင့် ဖြစ်သည်ဟုဆိုသည်။

“Bitcoin နဲ့ အခြား ခရစ်တိုငွေကြေးတွေရဲ့ တန်ဖိုးက ဂျေရုစလင်မြို့ကို အစ္စရေးမြို့တော်အဖြစ် အမေရိကန်သမ္မတ ထရမ့်က ကြေညာလိုက်အပြီး ရက်သတ္တပတ် တစ်ပတ်အတွင်းမှာ မတရားထိုးတက်သွားပါတယ်။ ဒါကဘာကြောင့်လဲဆိုတော့ တိုက်ပွဲတွေ ဖြစ်လာတော့မှာမို့ပါ။ အကြမ်းဖက်အဖွဲ့အစည်းတွေ၊ လက်နက်တွေကို coins တွေနဲ့ ဝယ်ယူနေကြတာမို့ ဝယ်လိုအား အရမ်းများသွားတာပါ” ဟု ကိုဝင်းကို က ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“တကယ်တော့ ကျွန်တော်တို့က coins တွေကို ဖန်တီးထားတဲ့ နောက်ခံကုမ္ပဏီတွေကို လိုက်ကြည့်နေစရာမလိုပါဘူး။ ကျွန်တော်တို့က ရင်းနှီးမြုပ်နှံပြီး အမြတ်ထိုင်ယူနေရုံပါဘဲ။ ဘာလို့လဲဆိုတော့ ခရစ်တိုငွေကြေးတွေက အနာဂတ်ငွေကြေး ဖြစ်တယ်။ coins တွေကို အချိန်ကြာကြာ ရင်းနှီးမြုပ်နှံထားလေလေ အကျိုးအမြတ်များများ ရရှိလေပါပဲ” ဟုလည်း သူက ဆိုသည်။

Firstcoins နှင့် ပတ်သက်ပြီး သတိပေးချက်များက သတင်းများထဲတွင် ပျံ့နှံ့နေသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ Firstcoin သည် ခရစ်တိုငွေကြေးအစစ်တစ်ခု ဖြစ်သော်လည်း ၎င်း၏ရည်ရွယ်ချက်မှာ Firstcoin club ကို အားဖြည့်ရန်၊ တရားဝင်စေရန် ကြိုးပမ်းနေဟန်ရှိသည်။ Firstcoin club သည် Ponzi အစီအစဉ်၏ သွင်ပြင်လက္ခဏာများ ပါဝင်နေသည်။

FirstCoin Club ၏ ဝက်ဆိုက်သည် ဒူဘိုင်းတွင်ရှိသည်ဟုဆိုသော Dynamic Global Marketing Ltd ကုမ္ပဏီ၏ Terence Andres Tirant အမည်ဖြင့် မှတ်ပုံတင်ထားသည်။ ထိုကုမ္ပဏီသည် အပြင်တွင် အမှန်တကယ်မရှိဘဲ စာရွက်ပေါ်မှာသာ ရှိနေပုံရသည်။ Firstcoin ၏ ဝက်ဆိုက်တွင်လည်း Firstcoin ကို ဖန်တီးသူများ၏ နာမည်ကို အပြည့်အစုံ ရေးသား ဖော်ပြမထားပေ။ ကြည့်ရသည်မှာ ဥရောပအရှေ့ပိုင်းမှ ဖြစ်ဟန်ရှိသည်။

nswks-_potrait-2.jpg

Firstcoin သည် မထုတ်ဝေမီကတည်းက အားလုံးနီးပါး Mine ပြီးသားဖြစ်သည်။ ၁၁ဝ,ဝဝဝ,ဝဝဝ Firstcoin တွင် ၁ဝ၉,၉၉၉,၉၉၉ Firstcoin ကို ထုတ်လုပ်ချိန်ကတည်းက လွှဲပြောင်းပြီးဖြစ်သည်။ ၎င်းမှာ အရေးပါလှသည်။ အဘယ်ကြောင့်ဆိုသော် Firstcoin ကို mine ရာတွင် ရရှိနိုင်သော မက်လုံး မရှိသောကြောင့်ဖြစ်သည်။ mine သည်ဆိုသည်မှာ သင်္ချာဆိုင်ရာပုစ္ဆာများကို ဖြေရှင်းပေးပြီး ငွေပေးချေမှုကို အတည်ပြု ပေးခြင်းဖြစ်သည်။ ထိုသို့ဖြင့် ငွေပေးချေမှုကို Firstcoin block chain တွင် မှတ်တမ်းတင်ပေးသည်။ bitcoin ကမူ mine ပါက bitcoin အသစ်များကို ထုတ်ပေးပြီး ဆုချပေးသော စံနစ်ရှိသည်။ သို့သော် Firstcoin တွင်မူ miners များကို ဆုကြေးပေးရန် Firstcoin မရှိတော့ပေ။

Firstcoin club က ရင်းနှီးမြုပ်နှံသူများကို အကျိုးအမြတ်များ ပြန်လည်ပေးအပ်နိုင်ရန် မည်သို့ဝင်ငွေရရှိသနည်းဟု ကိုဝင်းကိုကို တက်ရောက်သူများက မေးမြန်းသောအခါ သူက ပိုင်ပိုင်နိုင်နိုင်သာ ပြန်လည်ဖြေကြားခဲ့သည်။

“ကျွန်တော်လည်းမသိဘူး။ သူတို့ ဘာတွေလုပ်နေတယ်ဆိုတာ ကျွန်တော်တို့ သိစရာလည်း မလိုဘူး။ သေချာတာကတော့ သူတို့က ကျွန်တော်တို့ကို အမြတ်အစွန်းအများကြီး ပြန်ပေးမှာဘဲ။ လူတွေအများအပြားကလည်း လာရောက် ရင်းနှီးမြုပ်နှံကြမှာပဲ။ ဒါဆိုရင် Firstcoin ရဲ့ တန်ဖိုးက တက်သွားပြီ။ ဒီတော့ အမြတ်တွေထိုင်ယူနေရုံသာ ရှိတယ်” ဟုသူက ဆိုလေသည်။

အချို့ကမူ bitcoin ကဲ့သို့သော ခရစ်တိုငွေကြေးများကို အစိုးရက တုံ့ပြန်နိုင်သည်မှာ ၎င်းတို့ကို တရားဝင်ပြုလုပ်ပေးရုံသာ ရှိသည်ဟု ဆိုကြသည်။

Blockchain Development & Research Company မှ ဒါရိုက်တာဖြစ်သူ ဦးအောင်ဘိုဘိုလင်းက bitcoin ကိုဝယ်ယူနိုင်သော လိုင်စင်ရ တရားဝင် exchange များ ပေါ်ပေါက်လာသည် မြင်လိုသည်ဟု ဆိုသည်။ နိုင်ငံခြားငွေလဲလှယ်သည့် ကောင်တာများတွင် နိုင်ငံခြားငွေကြေးများကို ဝယ်ယူနိုင်သကဲ့သို့ ဖြစ်သည်ဟုဆိုသည်။

“ဒါဆိုရင် exchange မှာ အရောင်းအဝယ် ပြုလုပ်တာတွေကို အစိုးရက ထိန်းကျောင်းပြီး အခွန်ပါကောက်ခံလို့ ရနိုင်မယ်။ ခရစ်တိုငွေကြေးကို အစိုးရက လုံးဝပိတ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု သူကဆိုသည်။

“အစိုးရက ဘာမှ မလုပ်ဆောင်ဘဲနေရင်တော့ ခရစ်တိုငွေကြေး အရောင်းအဝယ်တွေက တရားမဝင်ဖြစ်ပေါ်နေဦးမှာပဲ” ဟု သူက ဆိုသည်။

“ခရစ်တိုငွေကြေးတွေက အခုအခါမှာ အမှောင်ဇုန်ထဲမှာ ကျရောက်နေတယ်။ ဒီတော့ Scammers တွေက လူတွေကို လိမ်ဖို့ ပိုမိုလွယ်ကူသွားတာပေါ့။ ဒါကြောင့် ကျွန်တော်တို့က ခရစ်တိုငွေကြေးအတွက် တရားဝင် exchange ကို လိုချင်နေတာပါ” ဟု သူကပြောသည်။

ယခုအချိန်တွင်မူ ခရစ်တိုငွေကြေးများသည် လုပ်ထုံးလုပ်နည်းရေးဆွဲသူများ၏ လက်ထဲသို့ ရောက်ရှိရန် ခဲယဉ်းနေသေးသည်။ ၎င်းတို့က ဘဏ်များအတွက် ဥပဒေများ ပြင်ဆင်ခြင်း၊ မိုဘိုင်းငွေကြေးများကို ချဲ့ထွင်ခြင်း စသည်တို့ဖြင့်သာ အလုပ်များလျက်ရှိကြသည်။

ဗဟိုဘဏ်၏ ဘဏ္ဍာရေး အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာန၏ ဒုညွှန်ကြားရေးမှူးဖြစ်သော ဒေါ်မေတိုးဝင်းနှင့် အင်တာဗျူးရန် ဒီဇင်ဘာ ၇ ရက်နေ့တွင် Frontier က တောင်းဆိုခဲ့သည်။ သူမက မေးခွန်းများကို အီးမေးနှင့် ပို့ပေးရန် အကြောင်းပြန်ခဲ့သော်လည်း သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

သို့သော် အချို့သောလူများက ရုပ်ပိုင်းဆိုင်ရာ ညီမျှသောတန်ဖိုး မရှိသည့် ဒစ်ဂျစ်တယ် ငွေကြေးများသည် အမှန်တကယ် တန်ဖိုး ရှိနိုင်သည်ဟု မယုံကြည်ကြပေ။ စင်ကာပူအခြေစိုက် ငွေပေးချေရေး ဝန်ဆောင်မှုဖြစ်သော 2C2P ကို တည်ထောင်သူလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်သော ဦးအောင်ကျော်မိုးက ခရစ်တိုငွေကြေးများ၏ အနာဂတ်သည် လူအများ အမွှမ်းတင်နေသလောက် မရေရာ မသေချာဟု ဆိုသည်။ 2C2P သည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအတွက် အီလက်ထရောနစ် ငွေပေးချေစနစ်များကို တပ်ဆင်နေသူဖြစ်သည်။

“ခရစ်တိုငွေကြေးတွေကို ရင်းနှီးမြုပ်နှံနေသူတွေက အမှန်တကယ်တော့ ပိုမို ရူးမိုက်သူတွေကို ရှာဖွေပြီး ပြန်ရောင်းဖို့ မျှော်လင့်နေကြတာပါ။ မိမိထက် ရူးမိုက်တဲ့ လူတစ်ယောက်ကို အမြတ်တင်ပြီး ခရစ်တိုငွေကြေးတွေကို နောင်လာမယ့် တစ်ချိန်မှာ ပြန်ရောင်းနိုင်မယ်ဆိုရင် လူတွေက လုပ်ကြမှာပဲ” ဟု သူကဆိုသည်။

“လူတစ်ယောက်က coin တစ်ခုကို ဝယ်လိုက်ပြီဆိုရင် ဒီ coin နဲ့ပတ်သက်ပြီး သူဘာသိသလဲ။ ဘာမှမသိကြပါဘူး။ ဒါကို အမြတ်ရတဲ့အခါ ပြန်ရောင်းဖို့ မျှော်လင့်တာပါဘဲ။ ဒါက လောင်းကစားတစ်မျိုး ပါဘဲ။ ဈေးကစားနေကြတာ သက်သက်ပါ” ဟု သူကဆိုသည်။

ဒီဇင်ဘာလတွင် ခရစ်တိုငွေကြေးများ ဈေးထိုးကျသွားသောကြောင့် ထိုသူများ အထိနာခဲ့သည်။ သို့သော် မစုမြတ်သန္တာကမူ ထိုခရစ်တိုငွေကြေးများ ဈေးကျနေခြင်းက သူမကို မည်သို့မျှ မထိခိုက်စေနိုင်ဟု ဆိုသည်။ အဘယ်ကြောင့် ဈေးကျရသည်ကိုလည်း သူမ အသေအချာ မသိကြောင်းပြောသည်။ “တောင်ကိုရီးယားမှာ ခရစ်တိုငွေကြေး အရောင်းအဝယ်ကို လိုက်လံနှိမ်နှင်းနေလို့ ဈေးကျသွားတာလို့ ပြောကြတာပဲ” ဟု သူမကဆိုသည်။ သို့သော် ဈေးနှုန်းများ ပြန်တက်လာမည်ဟု သူမက ယုံကြည်ထားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar