ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အာဆီယံဦးဆောင်မှုဆုကို မြန်မာ့သြဘာ ရရှိ

၂၀၀၇ ခုနှစ်အတွက် ပေးအပ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဦးဆောင်မှုဆု (ASEAN Leadership Award) ကို မြန်မာနိုင်ငံမှ မြန်မာ့သြဘာလုပ်ငန်းစုက ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့သြဘာသည် ဂုဏ်သိက္ခာ ကြီးမြင့်သည့်ဆုဖြင့် ပထမဆုံး အသိအမှတ်ပြုခံရသည့် တစ်ခုတည်းသော မြန်မာပုဂ္ဂလိက ကုမ္ပဏီဖြစ်သည်ဟု မြန်မာ့သြဘာက သတင်းထုတ်ပြန်သည်။

မြန်မာ့သြဘာသည် NGO/CSO တစ်ခုဖြစ်သည့် Social Vision Services နှင့်အတူ မြန်မာနိုင်ငံကို ကိုယ်စားပြုကာ ၎င်းဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းဆုကို အာဆီယံတစ်ဝန်းတွင် မြန်မာ့သြဘာအပါအဝင် ဆု ၂၀ အထိ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ သက်ဆိုင်ရာနိုင်ငံအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးတွင် ထူးကဲပြောင်မြောက်စွာ ကူညီဖြည့်ဆည်းမှုအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းဆီမှ NGO/CSO တစ်ခုနှင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအား ယင်းဆုကို ပေးအပ်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ကျေးလက်ဖွံ့ဖြိုးရေးမှာ ကျွန်တော်တို့ရဲ့အားထုတ်မှုအတွက် အသိအမှတ်ပြုခံရပြီး ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့ ဒေသတွင်းဆိုင်ရာ ဆုကြီးတစ်ခုကို ရရှိတဲ့အတွက် ကျေးဇူးတင် ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော် ဝင်ရောက်လုပ်ကိုင်နေတဲ့အတွက် လူအများရဲ့အသက်မွေးမှုကို တိုးတက်အောင် ကူညီဖို့ မြန်မာ့သြဘာ လုပ်ငန်းစုဟာ အထူးအခွင့်အရေးရတဲ့ အခြေအနေတစ်ခုမှာ ရှိနေပါတယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု မြန်မာ့သြဘာလုပ်ငန်းစုကို စတင်တည်ထောင်ခဲ့သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသတိုးဟိန်းက ပြောသည်။

“မြန်မာနိုင်ငံ ကျေးလက်ကဏ္ဍရဲ့အလားအလာကို ဖော်ထုတ်နိုင်ဖို့၊ တောင်သူဦးကြီးတွေ ကြွယ်ဝချမ်းသာပြီး ကျေးလက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ ဆောင်ရွက်တဲ့နေရာမှာ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးကြီးတွေ မိတ်ဘက်အဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးစံတွေနဲ့အတူ ပိုမို အရည်အသွေးကောင်းမွန်တဲ့ သီးနှံတွေကို ထုတ်လုပ်မှု မြှင့်တင်ဖို့ လိုမှာဖြစ်ပါတယ်။

“မြန်မာနိုင်ငံက တောင်သူအများစုဟာ လယ်ဧက နည်းနည်းပဲ ပိုင်ဆိုင်ပြီး ရင်းနှီးမြှုပ်နှံနိုင်စွမ်း ချို့တဲ့တဲ့အတွက် သူတို့တွေကို အရင်းအနှီးတွေ ပံ့ပိုးပေးတာ၊ စိုက်ပျိုးရေး နည်းပညာတွေ ဖြန့်ဝေပေးတာတွေ လုပ်ပေးပြီး စိုက်ပျိုးရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆက်လက် ပြောကြားသည်။

The ASEAN Leadership Award ဆုကို နှစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများ အစည်းအဝေး (AMRDPE) နှင့် တိုက်ဆိုင်ကာ ပေးအပ်နေသည်။ ယခုနှစ်အတွက် AMRDPE ကို အောက်တိုဘာ ၆ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ၁၀ ကြိမ်မြောက် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးနှင့်အတူ ကျင်းပခဲ့သည်။

The ASEAN Leadership Awards ဆုသည် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် ပုဂ္ဂလိကကဏ္ဍ၏ ထူးခြားပြောင်မြောက်သည့် အောင်မြင်မှုများနှင့် ဖြည့်ဆည်း ကူညီမှုများကို အသိအမှတ်ပြုရန် ရည်ရွယ်ခြင်းဖြစ်သည်။

၁၉၉၅ ခုနှစ်က တည်ထောင်ခဲ့သော Myanmar Awba Group သည် သီးနှံကာကွယ်ရေး၊ သီးနှံအာဟာရဖြစ်ရေးနှင့် အရည်အသွေးမြင့် မျိုးစေ့များရရှိရေးကို အဓိကထားကာ စိုက်ပျိုးရေးနည်းပညာများကို မြန်မာနိုင်ငံတွင် အကြီးဆုံး ထုတ်လုပ်ဖြန့်ချိနေသူ ဖြစ်သည်။

၎င်းလုပ်ငန်းစုသည် စိုက်ပျိုးရေး လုပ်ကိုင်သည့် မိသားစုပေါင်း ၃ ဒသမ ၅ သန်းကို အကြံပေးလုပ်ငန်းများမှတဆင့် ဝန်ဆောင်မှုပေးရန် စိုက်ပျိုးစီးပွားပညာရှင် ၁,၅၀၀ ကို အလုပ်ခန့်အပ်ထားသည်။ ထို့အပြင် စိုက်ပျိုးရေးပညာရှင်များကို ခန့်ထားသည့် ဒေသတွင်းအကြီးဆုံး ကုမ္ပဏီများထဲမှ တစ်ခုအပါအဝင် အသေးစား ငွေရေးကြေးရေးလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာ ဒစ်ဂျစ်တယ် နည်းပညာများ ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံလျက်ရှိပြီး ကုန်ပစ္စည်းထုတ်လုပ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာ့သြဘာ လုပ်ငန်းစု၏ ကုမ္ပဏီတစ်ခုဖြစ်သော မဟာ မိုက်ခရိုဖိုင်းနင့်စ် Maha Microfinance သည် တောင်သူ ၁၀,၀၀၀ ကျော်ကို တတ်နိုင်သရွေ့ စဉ်ဆက်မပြတ် ဘဏ္ဍာငွေ ထောက်ပံ့ထားသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ကူညီရန် မြန်မာ့သြဘာ လုပ်ငန်းစုသည် လယ်သမားများ၏ စိုက်ပျိုးရေးထုတ်ကုန် တိုးတက်စေရေးနှင့် အမြတ်ငွေ မြင့်မားစေရေးတို့အတွက် ၎င်းတို့အား ကူညီရန် ဘက်ပေါင်းစုံ ချဉ်းကပ်မှုတစ်ခုကို ပုံဖော်ခဲ့သည်ဟု မြန်မာသြဘာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“နောက်ထပ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့ရဲ့ လမ်းပြမြေပုံက အကောင်းဆုံး စိုက်ပျိုးရေးဆိုင်ရာ လက်တွေ့ကျင့်သုံးမှုတွေနဲ့ တတ်နိုင်တဲ့ ဘဏ္ဍာရေးကို သုံးစွဲရေးနဲ့ပတ်သက်လို့ လယ်သမား အသိုင်းအဝိုင်းကို ပညာပေးတာနဲ့ စတင်ပါတယ်။ နောက်ပြီး ကုန်ပစ္စည်းကို သုံးစွဲသူထံ ရောက်ရှိစေဖို့ ကွန်ရက်ရဲ့ထိရောက်မှုအပြင် လယ်သမားတွေရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့ မိုဘိုင်းနည်းပညာရဲ့ အရေးပါမှုကို ကျွန်တော်တို့ သိမြင်အကောင်အထည်ဖော်နေပါတယ်” ဟု ဦးသတိုးဟိန်းက ပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.