ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
ကျေးရွာများများအတွင်း ဒေသခံများနှင့်အတူ နေထိုင်ကာ တောရွာဓလေ့များ လေ့လာနိုင်မည့် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism) ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမဆုံးအဖြစ် တွံတေးမြို့နယ်၊ ကျိုက်သလဲကျေးရွာတွင် စတင်မည်ဖြစ်သည်။
ကျေးရွာများအတွင်း နေထိုင်သူများ၏ နေ့စဉ်လူမှုဘဝများ၊ နေထိုင်စားသောက်ပုံများအတိုင်း နေထိုင်နိုင်မည့် အဆိုပါ ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံတွင် အနည်းငယ်သာမျှသာ လုပ်ကိုင်သေးသည့်လုပ်ငန်း ဖြစ်သော်လည်း အနာဂတ်တွင် ဦးစားပေးလုပ်ငန်းအဖြစ် လုပ်ကိုင်စေမည်ဖြစ်ကြောင်း အဆိုပါကျေးရွာတွင် ယခုလ ၁၇ ရက်နေ့က ကျင်းပသည့် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်း စတင်သည့် အခမ်းအနားတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။
“ငြိမ်းချမ်းရေးမရသေးတဲ့ နယ်မြေတွေမှာ ငြိမ်းချမ်းရေးရလာရင် ဟိုတယ်အကြီးကြီးကို သွားပြီးဆောက်မဲ့အစား ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism) တွေကို ဖောက်ထွင်းဝင်ရောက်ပြီး အဲဒီမှာ ရှိတဲ့လူမျိုးတွေကို အကျိုးကျေးဇူးကို ထိတွေ့ခံစားစေမှာ ဖြစ်ပါတယ်”ဟု ဦးအုန်းမောင်ကပြောသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ကျေးရွာအခြေပြုခရီးသွားလုပ်ငန်း ၂၀ ခန့်သာရှိသေးကြောင်း ၎င်းက ပြောသည်။
“ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းရဲ့ ရည်ရွယ်ချက်က ဆင်းရဲမှုကို လျှော့ချဖို့အတွက် ဦးတည်ပါတယ်”ဟု CBT စီမံကိန်းဒါရိုက်တာ ဦးခင်ဇော်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးသည် အခြေခံအဆောက်အအုံ လိုအပ်ချက်များကြောင့် စီးပွားရေးလုပ်ငန်းကြီးများ လာရောက်ရင်းနှီးမြုပ်နှံရန် အခက်အခဲများ ကြုံတွေ့နေရသဖြင့် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းကဲ့သို့သော လုပ်ငန်းများ ပေါ်ပေါက်လာရန် အရေးကြီးကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသည်။
အဆိုပါကျေးရွာတွင် ခရီးသည်များ တည်းခိုနိုင်မည့် အိမ်လေးလုံးစီစဉ်ပေးထားပြီး ခရီးသည်ရှစ်ဦးခန့် တည်းခိုနေထိုင်နိုင်မည်ဖြစ်သည်။
ရန်ကုန်မြစ်တစ်ဖက်ကမ်းတွင် တည်ရှိပြီး ရန်ကုန်မြို့မှ မိုင်အနည်းငယ်သာကွာဝေးသည့် တွံတေးမြို့သည် ရှေးဟောင်းစဉ့်ဖိုများရှိရာဒေသအဖြစ် ထင်ရှားသည်။
သတင်း-ထွန်းခိုင်