ကျောက်မဲရှိ စစ်ဖြစ်ရာ ဒေသတွင် ကျောင်းပြန်ဖွင့်သော်လည်း ကျောင်းသားအားလုံး မတက်နိုင်သေး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင်းရှိ စစ်ဖြစ်ပွားခဲ့ရာဒေသများတွင် စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်မှာ တလကျော်ပြီဖြစ်သော်လည်း ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းမတက်နိုင်သေးဘဲ အချို့မှာ ယခုအချိန်ထိ မူလနေထိုင်ရာဒေသသို့ မပြန်ရဲကြသေးပေ။

လက်ရှိအချိန်တွင် ကျောက်မဲမြို့ပေါ်၌ နေရပ်မပြန်သေးသဖြင့် ကျောင်းမတက်ရသေးသည့် ကျောင်းသား ၂၀၅ ဦးခန့် ကျန်ရှိနေသေးသည်။

ထို့ကြောင့် ပြန်လည်ဖွင့်လှစ်ခဲ့သည့် ကျောင်းရှိ ကျောင်းသား ၄၀၀ ကျော်ထဲမှ ၉၈ ဦးခန့်သာ ကျောင်းပြန်တက်နိုင်သေးသည်။

ယခုနှစ် ဖေဖော်ဝါရီမှ စတင်၍ ကျောက်မဲမြို့နယ်မှ မိုင် ၄၀ အကွာ တော့စန်ကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ဘေးဒုက္ခသည်ပေါင်း ၄,၀၀၀ ကျော်သည် ကျောက်မဲမြို့ပေါ်သို့ အများဆုံး သွားရောက် ခိုလှုံခဲ့ရကာ အခြားမြို့များသို့လည်း ထွက်ပြေးခဲ့ရသည်။

“အခုတော့ ကျောင်းသား ၁၀၀ လောက် ကျောင်းတက်နေပြီ။ လူစည်နေပြီလို့ ပြောရမယ်။ စစ်ကတော့ မဖြစ်တော့ပေမယ့် လက်နက်ကိုင်တွေကတော့ အဲ့ဒီနေရာတွေမှာ သွားသွားလာလာ ရှိနေတုန်းပဲ” ဟု ရှမ်းပြည်နယ်လွှတ်တော်၊ ကျောက်မဲမြို့နယ်အမတ် ဦးစိုင်းထွန်းဉာဏ်က Frontier ကို စက်တင်ဘာ ၁၉ ရက်နေ့က ပြောသည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် တော့စန်ရွာရှိ အထက်တန်းကျောင်းတွင် ကျောင်းသားပေါင်း ၄၀၀ နီးပါးရှိခဲ့သော်လည်း တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ကျောင်းသား ၁၀၀ ကျော်ခန့် အခြားမြို့နယ်များသို့ ပြောင်းရွှေ့သွားခဲ့သည်။

ဇူလိုင်လတွင် ထပ်မံဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကျောက်မဲမြို့၊ အောင်ဆုပန် ဘုန်းတော်ကြီးကျောင်းသို့ ဒုတိယအကြိမ် ထပ်မံရောက်လာသည့် ကျောင်းသား ၉၅ ဦးထဲမှ ၃၅ ဦးမှာ လွန်ခဲ့သည့် ၁၀ ရက်ခန့်က နေရပ်သို့ ပြန်သွားခဲ့သော်လည်း ရှစ်ဦးမှာ ဘုန်းတော်ကြီးကျောင်းသို့ ပြန်ရောက်လာခဲ့သည်။

စစ်ပွဲများဖြစ်ပွားပြီးနောက် ဒုက္ခသည်အများဆုံးရှိရာ အဆိုပါဘုန်းတော်ကြီးကျောင်းသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်အပါအဝင် အလှူရှင်အများအပြားက လာရောက် လှူဒါန်းမှုများ ရှိခဲ့သော်လည်း ယခုအခါ အလှူရှင်မရှိသလောက် ဖြစ်နေသည်။

“ပူပူနွေးနွေးတုန်းကတော့ လှူကြတာပေါ့။ ခုကျတော့ ရိုးသွားကြပြီလေ။ ကလေးတွေကိုတော့ ဒီလိုပဲ ကျွေးထားရတာပေါ့” ဟု အောင်ဆုပန် ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးခေမကက မိန့်သည်။

အစိုးရတပ်မတော်၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် RCSS/SSA ရှမ်းပြည်တောင်ပိုင်းအဖွဲ့တို့အကြား ယခုနှစ် ဖေဖော်ဝါရီလကတည်းက ဖြစ်ပွားနေခဲ့သည့် စစ်ပွဲများသည် ကြိုကြားရပ်တန့်သွားသည့် လပိုင်များရှိခဲ့သော်လည်း တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်သည့် အခြေအနေကိုမူ မည်သူကမျှ မခန့်မှန်းနိုင်သေးပေ။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar