ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ခုအကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်ဟု ကျောက်မဲမြို့နယ်မှ ရရှိသည့် သတင်းများအရ သိရသည်။
ကျောက်မဲမြို့မှ ၆၄ ကီလိုမီတာခန့် ကွာဝေးပြီး စစ်ရေးအရ အချက်အချာကျသည့် နေရာဖြစ်ကာ ရှမ်းပြည် တောင်ပိုင်း တပ်မတော် (SSA-South) က ထိန်းချုပ်ထားသည့် ကျပ်ကိုင်ကျေးရွာအား တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင် ၇ ရက်နေ့က လာရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလကုန်က စတင်ကာ နှစ်ဖွဲ့ကြား မကြာခဏ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့သည်။
“TNLA အဖွဲ့ဝင် ၄၀၀ လောက်က မွန်းလွဲပိုင်းလောက်မှာ ရွာနားကို ချဉ်းကပ်လာပြီးတော့ လေးနာရီလောက်ကြာအောင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်” ဟု အနီးရှိ သွက်ဆန်ကျေးရွာမှ ဒေသခံ စိုင်းအောင်မောင်းက Frontier ကို တယ်လီဖုန်းမှ တစ်ဆင့် ပြောကြားသည်။
ရွာသူရွာသားများမှာ တိုက်ပွဲမှ လွတ်မြောက်ရန် ထွက်ပြေးခဲ့ကြရပြီး နောက်တစ်နေ့ TNLA များ ပြန်လည်ဆုတ်ခွာမသွားမီ တိုက်ပွဲ ခေတ္တ ဆက်လက် ဖြစ်ပွားခဲ့သေးသည်။
“ရွာသူရွာသားတွေ တစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိပါဘူး။ ဒါပေမယ့် TNLA ၁၂ ယောက် သေဆုံးတယ်လို့တော့ အတည်ပြုနိုင်ပါတယ်” ဟု ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က Frontier ကို တယ်လီဖုန်းမှ တစ်ဆင့် ပြောကြားသည်။
သတင်း- မြတ်ကျော်သူ