ကျောက်ဂွမ်းအန္တရာယ် အထူးသတိပြုရန် ပညာရှင်များ သတိပေး

တိုက်တာအဆောက်အဦများဆောက်လုပ်ရာတွင် ထည့်သွင်းအသုံးပြုလေ့ရှိသည့် ကျောက်ဂွမ်း (Asbestos)သည် ကင်ဆာများဖြစ်သည်အထိ ပြင်းထန်စွာကျန်းမာရေးထိခိုက်နိုင်သောကြောင့် မသုံးကြရန်နှင့် မဖြစ်မနေသုံးရလျှင်ပင် တတ်နိုင်သမျှ ပမာဏလျှော့ချပြီး အထူးသတိပြုသုံးစွဲရန် ကျွမ်းကျင်သူများက သတိပေးပြောကြားလိုက်သည်။

ရန်ကုန်မြို့တွင် အမေရိကန်သံရုံး၏ အထောက်အပံ့ဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် ကမ္ဘာ့အမွေအနှစ် ရန်ပုံငွေအဖွဲ့ (World Monuments Fund – WMF)တို့က ဦးစီးကျင်းပခဲ့သည့် ကျောက်ဂွမ်း၏ အကျိုးအပြစ်ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၈ ရက်က ကျင်းပခဲ့ရာတွင် ပညာရှင်များက ယခုကဲ့သို့ သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။

ကျောက်ဂွမ်းသည် လျှပ်မကူးသလို၊ အပူဒဏ်ခံနိုင်ပြီး အသံလုံကာ ကုန်ကျစရိတ်လည်း သက်သာ သဖြင့် အဆောက်အဦများ၏ အမိုးများ၊ မျက်နှာကြက်များနှင့် နံရံတို့တွင် ထည့်သွင်း ဆောက်လုပ်လေ့ရှိကြသည်။

WMF ၏ လေ့လာချက်အရ မြန်မာနိုင်ငံတွင် ကျောက်ဂွမ်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာမှစ၍ ၁၉၉၀ ပြည့်လွန်နှစ်များအထိ အလွန်တွင်ကျယ်စွာ အသုံးပြုခဲ့သည်ကိုတွေ့ရကြောင်း သိရသည်။

“အမှန်တကယ်တော့ ကျွန်တော်တို့က မော်လမြိုင်မြို့က ပထမနှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း (First Baptist Church) ကို ပြန်လည် ထိန်းသိမ်းမွမ်းမံဖို့ သွားရောက်လေ့လာခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီမှာလေ့လာလိုက်တော့ ပျက်စီးနေတဲ့ အမိုးတွေဟာ ကျောက်ဂွမ်းတွေဖြစ်နေတာ တွေ့ရပြီးတဲ့ နောက်မှာ ဒီလိုအသိပေးဖြန့်ဝေမှုတွေ လုပ်ဖို့ဖြစ်လာတာပါ”ဟု WMF ၏ ပရိုဂရမ်ဒါရိုက်တာ ဂျက်ဖ်အယ်လန်က ဆွေးနွေးပွဲတွင်ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ နှစ်စဉ်ထုတ်ပြန်ချက်အရ ကျောက်ဂွမ်းကြောင့် နာမကျန်းဖြစ်ရ သူ ၁၀၀,၀၀၀ ရှိပြီး အခြားမနည်းလှသော အရေအတွက်မှာလည်း ဥပါဒ်ဖြစ်နိုင်ချေရှိနေကြောင်း သိရသည်။

အခြားတစ်ဖက်တွင်မူ ထိုသို့ အန္တရာယ်များသော ဓာတ်ပစ္စည်းပါဝင်သည့် ပစ္စည်းအားအသုံးပြုမှုကို တားမြစ်ထားသည့် စည်းကမ်းဥပဒေများ မြန်မာနိုင်ငံတွင် ပီပြင်စွာမရှိသေးသဖြင့် ပညာရှင်များက စိုးရိမ်လျှက်ရှိနေကြခြင်းဖြစ်သည်။

“ဒီကိစ္စဟာ တိုင်းပြည်တစ်ခုလုံးအနေနဲ့ကော၊ လူတစ်ဦးချင်းအနေနဲ့ကော ကျန်းမာရေးအတွက် စိုးရိမ်စရာ ကိစ္စဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စဟာ ဖုံးကွယ်နေတဲ့ ကိစ္စတစ်ခုဖြစ်နေလို့ပါ။ မြန်မာနိုင်ငံမှာ ဒါကြောင့် လူဘယ်နှယောက်လောက် ထိခိုက်ပြီး ဘေးဥပါဒ်ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့မသိနိုင်ပါဘူး”ဟု ဂျပန်နိုင်ငံ ကိတကျုရှုမြို့ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခ ကန်တာကာဟရှိဆိုသည်။

ထို့ပြင် ကင်ဆာဖြစ်လျှင်လည်း ကျောက်ဂွမ်းကြောင့်ဖြစ်ခြင်း ဟုတ်မဟုတ် လူများက သတိမူမိရန် ခက်ခဲကြောင်း၊ ရောဂါလက္ခဏာများကလည်း မထင်ရှားကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

“ဂျပန်နိုင်ငံမှာတော့ ကျောက်ဂွမ်းကြောင့် ဥပါဒ်ဖြစ်ခဲ့တဲ့သူတွေကို အစိုးရက ဒီပစ္စည်းကို မတားမြစ်ခင်ကတည်းက လျော်ကြေးတွေပေး၊ အခမဲ့ ဆေးကုသမှုတွေလုပ်ပေးခဲ့ရတယ်။ ခုထိ နှစ်စဉ်လူ ၁,၅၀၀ လောက်ကို ဆေးကုသပေးနေရသေးတယ်။ ဒါတောင်မှ အမှန်တကယ်မှာ လူ ၆,၀၀၀ လောက် ဥပါဒ်ဖြစ်နေတာလို့ ခန့်မှန်းကြတယ်” ဟု ပါမောက္ခ တာကာဟရှိက ပြောသည်။

ဆွေးနွေးပွဲနေ့တွင် ပါဝင်ဆွေးနွေးသူတစ်ဦးဖြစ်သည့် အင်ဂျင်နီယာပညာ မဟာတန်းကျောင်းသား ကိုဝေရာအောင်က ၎င်း၏လေ့လာချက်အရ ရန်ကုန်တိုင်းအား ရေဖြန့်ဝေသည့် ဖူးကြီး ရေလှောင်ကန်တွင် ကျောက်ဂွမ်းပါဝင်သည့်အမိုးများကို အသုံးပြုထားသလို၊ ရန်ကုန်မြို့တော်ခန်းမ၏ မျက်နှာကြက်များတွင်လည်း ကျောက်ဂွမ်းကိုအသုံးပြုထားသည်ဟု ဆိုသည်။

၎င်း၏လေ့လာချက်အရ မြန်မာနိုင်ငံတွင် ကျောက်ဂွမ်းထုတ်လုပ်သည့် စက်ရုံလေးရုံရှိခဲ့ပြီး တစ်ရုံမှာ ပိတ်သိမ်းသွားပြီဖြစ်ကာ အလုံ၊ ဖော့ကန်နှင့် မှော်ဘီမြို့နယ် ဝါးနက်ချောင်းကျေးရွာတို့မှ စက်ရုံသုံးရုံမှာမူ မဖျက်သိမ်းရသေးဘဲ ကျန်ရှိနေသေးသည်ဟု ဆိုသည်။

ကိုဝေရာအောင်က စစ်အစိုးရလက်ထက်က ထုတ်ဝေခဲ့သည့် တိုင်းကျိုးပြည်ပြုမှတ်တမ်းဟူသည့် စာအုပ်များတွင် ဖော်ပြထားချက်များကို လေ့လာခဲ့ရာတွင် ၁၉၉၈၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ အစိုးရစက်ရုံများမှ ကျောက်ဂွမ်းအမိုးနှင့် မျက်နှာကြက်များကို အမေရိကန်ဒေါ်လာ တစ်သန်းကျော်ဖိုးအထိ ထုတ်လုပ်ခဲ့သည်ကို တွေ့ရှိရသည်ဟုဆိုသည်။

သို့သော် မြန်မာနိုင်ငံတွင် ကျောက်ဂွမ်းထုတ်လုပ်မှုကို ၂၀၀၄ ခုနှစ်ခန့်တွင် ရပ်တန့်လိုက်သည်ဟု ယူဆရပြီး တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ အစားထိုး တင်သွင်းလာကြခြင်းကြောင့် ဖြစ်ကြောင်း ကိုဝေရာအောင်ကဆိုသည်။

ပါမောက္ခ တာကာဟရှိကမူ ကျောက်ဂွမ်းသည် ပုံမှန်အားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းတွင်သုံးသည် ဆိုသော်လည်း စက်မှုလုပ်ငန်းနှင့် မော်တော်ကားပစ္စည်းများတွင်လည်း အသုံးပြုကြသဖြင့် နေရာအနှံ့ တွင် ရှိနေနိုင်သည်ဟု ပြောကြားသည်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသိအမှတ်ပြုထားတဲ့ အစားထိုးပစ္စည်းတွေကို ဈေးနှုန်းသိပ်မကွာဘဲ သုံးလို့ရနေပါပြီ။ ဒါတွေကို အစားထိုးသုံးဖို့လိုပါတယ်။ ပစ္စည်းတင်ပို့ ရောင်းချတဲ့သူတွေကတော့ ဒီတားမြစ်ပစ္စည်းပါဝင်တယ်ဆိုပြီး ပြောရောင်းမှာမဟုတ်တဲ့အပြင် မပါဘူးလို့တောင် ပြောရောင်း နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဆွေးနွေးပွဲတက်ရောက်လာသော ကုလသမဂ္ဂအေဂျင်စီများတွင် ၂၀၀၉ ခုနှစ်က စတင်တာဝန်ထမ်း ဆောင်နေသော ရန်ကုန်အခြေစိုက် ဗိသုကာပညာရှင် ဦးအောင်စိုးမြင့်က “အရင်ကမသိလို့ မသိလိုက် မသိဖာသာ သုံးနေခဲ့ပြီး သိလည်းသိလိုက်ရတဲ့အချိန်မှာ လန့်ဖြန့်မသွားကြပါနဲ့။ ဒါကစနစ်တကျ လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ကျိုးပျက်နေတာတွေ၊ အစအနတွေ ထွက်နေတာတွေ၊ ဟောင်းဆွေးပျက်စီးပြီး အမှုန်တွေထွက်နေတာမျိုး မဖြစ်နေရင်တော့ သိပ်မစိုးရိမ်ရပါဘူး။ ဒါမျိုးတွေ ဖြစ်နေရင်တော့ သေချာဖြေရှင်းသင့်ပါတယ်”ဟု မှတ်ချက်ပြုသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar