ကျပ်ငွေတန်ဖိုးကျဆင်းမှု အင်န်အယ်လ်ဒီအစိုးရ ကုစားနိုင်ပါ့မလား

ကျပ်ငွေတန်ဖိုး ကျဆင်းသွားရတဲ့ အခြေခံအကြောင်းရင်း အများအပြားရှိနေပြီး ကျပ်ငွေတန်ဖိုးမကျအောင် ထိန်းထားဖို့ရာ အစိုးရအနေနဲ့ စိန်ခေါ်မှုကြီးကြီးမားမားနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

၂၀၁၈ ဇူလိုင် ၃၁ ရက် ဒေါ်လာငွေ အရောင်းအဝယ်ဈေးကွက်မှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ကောင်တာ ဝယ်ဈေး ၁,၄၃၆ ကျပ်၊ ရောင်းဈေး ၁,၄၄၃ ကျပ် ပေါက်ပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်ဇူလိုင်လကုန်မှာ စံချိန်တင်သွားတဲ့ ဈေးနှုန်းပါ။ ဒါကို ဒေါ်လာငွေဈေးနှုန်း မြင့်တက်တယ်၊ တနည်းအားဖြင့် ဒေါ်လာငွေနဲ့ နှိုင်းယှဉ်ရင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းသွားတယ်ဆိုတဲ့ သဘောပါပဲ။

အခြားတစ်ဖက်မှာတော့ နိုင်ငံတကာမှာကို ဒေါ်လာငွေတန်ဖိုး မာလာတာ ရှိလေတော့ မြန်မာကျပ်ငွေဟာ ဒေါ်လာနဲ့နှိုင်းလို့ ဈေးကျနေတာလား၊ ဒါမှမဟုတ် မြန်မာကျပ်ငွေဟာ သူ့ရှိသင့်တဲ့ တန်ဖိုးအတိုင်းမရှိဘဲ ကျဆင်းသွားတာလားဆိုတဲ့ မေးခွန်းပေါ်ပေါက်လာပါတယ်။ နိုင်ငံတကာမှာ ဒေါ်လာဈေးမာနေလို့ မြန်မာကျပ်ငွေနဲ့နှိုင်းရင် ဈေးတက်တာက ပြဿနာ မရှိပေမဲ့ မြန်မာကျပ်ငွေတန်ဖိုး ရှိသင့်တာထက် ကျဆင်းနေတာ၊ ကျပ်ငွေဈေးနှုန်း မတည်မငြိမ် အလှုပ်အယမ်း များနေတယ်ဆိုရင်တော့ တိုင်းပြည်စီးပွားရေးအတွက်ရော၊ နယ်ပယ်အသီးသီးအတွက်ပါ ပြဿနာ ရှိပါတယ်။ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အလွန်အရေးကြီးလှတဲ့ ကျပ်ငွေတန်ဖိုးတည်ငြိမ်အောင် အစိုးရက ထိန်းနိုင်မလားဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါ်လာနဲ့နှိုင်းယှဉ်ရင် မြန်မာကျပ်ငွေတန်ဖိုးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်က တစ်ဒေါ်လာ ရောင်းဈေး ၁,၃၄၄ ကျပ်၊ ဝယ်ဈေး ၁,၃၄၆ ကျပ် ဈေးပေါက်ပါတယ်။ ဒါဟာ ရန်ကုန်မှာ တကယ်ကိုအရောင်းအဝယ်လုပ်တဲ့ ငွေလဲကောင်တာတွေရဲ့ ဈေးနှုန်းပါ။ ဇူလိုင် ၂၅ ရက်မှာ တစ်ဒေါ်လာ ၁,၄၂၇ – ၁,၄၃၂ နှုန်း ဖြစ်သွားတာမို့ ဒေါ်လာနဲ့နှှိုင်းယှဉ်ရင် မြန်မာကျပ်ငွေ ၆ ဒသမ ၂ ရာခိုင်နှုန်းဝန်းကျင် ကျဆင်းသွားတာတွေ့ရပါတယ်။

တစ်လခွဲအတွင်း ကျပ်ငွေတန်ဖိုး ဒီလောက်ကျဆင်းတယ်ဆိုတာ များတယ်လို့ဆိုနိုင်ပါတယ်။ အဲဒီ ကာလအတွင်း မြန်မာကျပ်ငွေတန်ဖိုးဟာ စင်ကာပူဒေါ်လာနဲ့ဆို ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ယူရိုငွေနဲ့ဆို ၅ ဒသမ ၄ ရာခိုင်နှုန်း၊ ထိုင်းဘတ်ငွေနဲ့ဆို ၁ ဒသမ ၈ ရာခိုင်နှုန်း၊ မလေးရှားရင်းဂစ်နဲ့ဆို ၃ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပါတယ်။

ဒီအချက်အလက်တွေကို ဆန်းစစ်ကြည့်ရင် မြန်မာကျပ်ငွေဟာ ဒေါ်လာတန်ဖိုး တစ်ခုတည်းကြောင့်မဟုတ်ဘဲ အခြားအကြောင်းအချက်တွေကြောင့် တန်ဖိုး အထိုက်အလျောက် ကျဆင်းသွားတာတွေ့နိုင်ပါတယ်။ ပျမ်းမျှ ၃ ရာခိုင်နှုန်းအထက် ကျဆင်းသွားတာမျိုးဖြစ်ပြီး ဒါကလည်း နည်းတဲ့ပမာဏ မဟုတ်ပါဘူး။ ဒီလို မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသွားခဲ့တဲ့အတွက် အင်န်အယ်လ်ဒီအစိုးရ တက်လာကတည်းက မြန်မာကျပ်ငွေတန်ဖိုးကို နှုန်းတစ်ခုမှာ ထိန်းထားနိုင်တယ်၊ အတက်အကျ အလှုပ်အယမ်း နည်းတယ်ဆိုပြီး ပေးထားတဲ့အမှတ် လျော့သွားပြီဖြစ်ပါတယ်။

၂၀၁၇ မှတ်တမ်းတွေအရ ဇန်နဝါရီ ၁ ရက်မှာ ပုဂ္ဂလိကဘဏ်တွေရဲ့ တစ်ဒေါ်လာဝယ်ဈေး ကျပ်ငွေ ၁,၃၅၈ – ရောင်းဈေး ၁,၃၆၂ ပေါက်ပါတယ်။ အဲဒီနောက် သြဂုတ် ၁ ရက်မှာ ၁,၃၅၄ – ၁,၃၅၆၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ ၁,၃၅၂ – ၁,၃၅၄ ကျပ် ပေါက်ဈေး ရှိခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ မြန်မာကျပ်ငွေဈေးနှုန်းဟာ ဒေါ်လာငွေနဲ့နှိုင်းယှဉ်ရင် ၂၀၁၇ တစ်နှစ်အတွင်း တစ်ဒေါ်လာ ကျပ်ငွေ ၁,၃၅၀ နဲ့ ၁,၃၆၀ ကြားမှာ တည်ငြိမ်နေခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကျပ်ငွေတန်ဖိုး တည်ငြိမ်ရတာဟာ နိုင်ငံတကာမှာလည်း ဒေါ်လာဈေးတည်ငြိမ်မှု၊ အစိုးရရဲ့ဘတ်ဂျက်မှာ ဝင်ငွေနဲ့ထွက်ငွေသင့်တင့်အောင် လျာထားသုံးစွဲတတ်မှု၊ ကုန်သွယ်ရေးလိုငွေ သင့်တော်တဲ့ပမာဏရှိမှု၊ ဘဏ္ဍာရေးအခြေအနေနဲ့ ကိုက်ညီတဲ့ပမာဏလောက်ကိုပဲ ငွေစက္ကူ ရိုက်ထုတ်မှု စတာတွေကြောင့် ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဗဟိုဘဏ်က နိုင်ငံခြားငွေ လဲလှယ်တဲ့ဈေးကွက်ကို ကိုင်တွယ်ထိန်းကျောင်းပုံ အလုပ်ဖြစ်နေတာကြောင့်လည်း ပါပါတယ်။

မြန်မာကျပ်ငွေ ရှိသင့်တဲ့တန်ဖိုးတစ်ခုမှာ တည်ငြိမ်နေဖို့ဆိုရင် အစိုးရဘတ်ဂျက်လိုငွေ ရှိသင့်သလောက် ရှိနေတာ၊ ကုန်သွယ်ရေးလိုငွေ ထိုက်သင့်သလောက်ပဲရှိတာ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ရသင့်သလောက် ရနေတာ၊ အစိုးရဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်ကနေ ငွေစက္ကူရိုက်ထုတ်ပြီး မဖြေရှင်းတာ စတဲ့အချက်တွေ ရှိဖို့လိုပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကဘဏ်တွေလို၊ အင်အားကြီးကုမ္ပဏီကြီးတွေလိုမျိုးက ဈေးကစားတာမျိုးကို ဗဟိုဘဏ်က တားဆီးကာကွယ်နိုင်စွမ်းလည်း ရှိဖို့လိုပါတယ်။ လက်ရှိ အဲလိုအခြေအနေတွေ ရှိနေပြီလား ဆန်းစစ်ကြည့်ကြပါမယ်။

အရင်အစိုးရလက်ထက်က ဗဟိုဘဏ်ဟာ ဒေါ်လာအပါအဝင် နိုင်ငံတကာငွေကြေးတွေကို ငွေကြေးလေလံဈေးဖွင့်ပြီး နေ့စဉ်အရောင်းအဝယ်လုပ် သတ်မှတ်ပေးတဲ့စနစ် ကျင့်သုံးပါတယ်။ အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကတော့ တကယ်ပြင်ပမှာမဖြစ်နိုင်တဲ့ နိုင်ငံခြားငွေဈေးနှုန်းအောက်၊ မြန်မာကျပ်ငွေတန်ဖိုးကိုမြှင့်ပြီး သတ်မှတ်တဲ့ဓလေ့ လုပ်ခဲ့တာကြောင့် ပြဿနာအများကြီး ပေါ်ခဲ့ရဖူးပါတယ်။

လာမယ့် ၂၀၁၈ ခုနှစ် အောက်တိုဘာကနေ ၂၀၁၉ စက်တင်ဘာကုန်အထိ တစ်နှစ်တာ အစိုးရဘတ်ဂျက်မှာ ဝင်ငွေကျပ် ထရီလျံ ၂၀ ကျော်လျာထားပြီး သုံးငွေကျပ် ၂၅ ထရီလျံနီးပါး မျှော်မှန်းထားတာမို့ အစိုးရ ဘတ်ဂျက်လိုငွေ ၄ ထရီလျံလောက် ဖြစ်ပေါ်နိုင်တယ်လို့ လျာထားတာတွေ့ရပါတယ်။ အဲဒီဘတ်ဂျက်လိုငွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်နဲ့ညီမျှတဲ့ ကျပ်ငွေ ဘီလျံ ၈၀၀ လောက်ကို ဗဟိုဘဏ်က ဖြည့်ဆည်းပေးရမှာ ဖြစ်ပေမဲ့ ငွေစက္ကူရိုက်ထုတ်တဲ့နည်းနဲ့ ဖြေရှင်းမှာမဟုတ်ဘူးလို့ ဗဟိုဘဏ်တာဝန်ရှိသူတွေက ပြောထားပါတယ်။

ပြည်ပကုန်သွယ်ရေးအပိုင်းကို ပြန်ကြည့်လိုက်ရင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ပို့ကုန် ဒေါ်လာ ၁၂ ဘီလျံနီးပါး၊ သွင်းကုန် ဒေါ်လာ ၁၇ ဘီလျံနီးပါးရှိခဲ့ပြီး ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၅ ဘီလျံကျော် ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၇-၁၈ မှာတော့ ပို့ကုန် ဒေါ်လာ ၁၄ ဘီလျံကျော် ရှိလာပြီး သွင်းကုန်လည်း ဒေါ်လာ ၁၈ ဘီလျံကျော်ဖိုး ရောက်ခဲ့လို့ ကုန်သွယ်ရေး လိုငွေ ၄ ဘီလျံနီးပါးပဲ ရှိပါတော့တယ်။

ကုန်သွယ်ရေးမှာ မြန်မာဘက်က စာရင်းဇယားတွေကို အသုံးပြုထားတာဖြစ်ပြီး သွင်းကုန်အတော်များများဟာ တရားမဝင် ခိုးသွင်းတာတွေ ရှိနေလေတော့ ကုန်သွယ်ရေးလိုငွေ ဒီထက်များနိုင်ပါသေးတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းကတော့ လာမယ့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း သွင်းကုန်ကိုရော ပို့ကုန်ကိုပါ ဒေါ်လာ ၁၅ ဘီလျံကျော်ဖိုးစီ လျာထားပြီး ကုန်သွယ်ရေးလိုငွေ ဒေါ်လာ သန်း ၅၀၀ လောက်ပဲရှိအောင် လုပ်မယ်လို့ဆိုပါတယ်။ သွင်းကုန်ကို အကြီးအကျယ် လျှော့ချမယ်ဆိုတဲ့ သဘောထားပါ။

ပြီးခဲ့တဲ့နှစ်က ငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၅ ရှိခဲ့ပြီး လာမယ့်ဘဏ္ဍာနှစ်မှာလည်း ၅ ဒသမ ၉ ရာခိုင်နှုန်းလောက်ပဲရှိအောင် ဆောင်ရွက်မယ်လို့ဆိုထားပါတယ်။ ဒီအချက်အလက်တွေကိုကြည့်ရင် မြန်မာကျပ်ငွေတန်ဖိုး ခုလို မြန်မြန်ဆန်ဆန်ကျဖို့ မဖြစ်နိုင်သလို၊ မတည်မငြိမ်ဖြစ်ဖို့လည်း အကြောင်းမရှိပါဘူး။ ဒါကြောင့် လတ်တလော ကျပ်ငွေတန်ဖိုးကျဆင်းတာ၊ မတည်မငြိမ်ဖြစ်တာရဲ့ အကြောင်းရင်းကို ရှာဖို့လိုပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ဖြစ်သင့်တဲ့နှုန်းထားတစ်ခုထက် ကျဆင်းရတဲ့အကြောင်းရင်းကတော့ လက်ရှိ မြန်မာပို့ကုန်တန်ဖိုး နည်းနေတာ၊ တရုတ်ဘက်ကို တရားမဝင် တင်ပို့နေတဲ့ ဆန်နဲ့သကြားလို ကုန်ပစ္စည်းတွေ တင်သွင်းမှုနည်းပါးနေတာ၊ ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အဝင်နည်းတာနဲ့ ဗဟိုဘဏ်ရဲ့ကြပ်မတ်မှု အားနည်းလာတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

အရင်အစိုးရလက်ထက်က ဗဟိုဘဏ်ဟာ ဒေါ်လာအပါအဝင် နိုင်ငံတကာငွေကြေးတွေကို ငွေကြေးလေလံဈေးဖွင့်ပြီး နေ့စဉ်အရောင်းအဝယ်လုပ် သတ်မှတ်ပေးတဲ့စနစ် ကျင့်သုံးပါတယ်။ အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကတော့ တကယ်ပြင်ပမှာမဖြစ်နိုင်တဲ့ နိုင်ငံခြားငွေဈေးနှုန်းအောက်၊ မြန်မာကျပ်ငွေတန်ဖိုးကိုမြှင့်ပြီး သတ်မှတ်တဲ့ဓလေ့ လုပ်ခဲ့တာကြောင့် ပြဿနာအများကြီး ပေါ်ခဲ့ရဖူးပါတယ်။

အဲဒီအတွက် ဗဟိုဘဏ် လေလံဈေးကွက်မှာ ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေလဲကောင်တာတွေက နိုင်ငံခြားငွေ ဝယ်ယူလိုမှုပမာဏများပြီး လက်တွေ့ ဗဟိုဘဏ်က ရောင်းမပေးနိုင်၊ အဲဒီအတွက် ခွဲတမ်းနဲ့ရောင်းချပေးရ၊ အခြားတစ်ဖက်မှာလည်း ပြင်ပငွေလဲနှုန်းကို မထိန်းချုပ်နိုင်ဆိုတဲ့ ပြဿနာမျိုး ကာလကြာရှည် ဖြစ်ခဲ့ဖူးပါတယ်။

အင်န်အယ်လ်ဒီလက်ထက်မှာတော့ ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေဈေးနှုန်းကို တကယ့်ပြင်ပပေါက်ဈေး အထက်မှာ သတ်မှတ်လေ့ရှိတာကြောင့် လေလံမှာ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေတွေကို ရောင်းချပေးရတာမျိုး မရှိခဲ့ပါဘူး။ အဲဒီနည်းနဲ့ ကာလတစ်ခု ငွေကြေးဈေးကွက် တည်ငြိမ်မှုကို ထိန်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း အဲဒီနည်းလမ်း သိပ်အလုပ်ဖြစ်ပုံ မရတော့ပါဘူး။

ဒါ့အပြင် ကုန်ပစ္စည်းတန်ဖိုး သတ်မှတ်မှုတွေ၊ ခရီးသွားလုပ်ငန်းအပါအဝင် ဝန်ဆောင်မှုဆိုင်ရာ ပေးချေမှုတွေ၊ ငွေပေးငွေယူကိစ္စတွေမှာ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေနဲ့ တန်ဖိုးသတ်မှတ်တာတွေကိုလည်း ဗဟိုဘဏ် ဥပဒေအတိုင်း စည်းကမ်းကြပ်မတ်နိုင်တာ မတွေ့ရပြန်ပါဘူး။ ဒီအချက်တွေအားလုံး အပေါ်မူတည်ပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေတာ၊ မတည်မငြိမ် ဖြစ်နေတာလို့ မှန်းဆရပါတယ်။ အခြားတစ်ဖက်မှာတော့ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလေလေ၊ လူတွေလက်ထဲ ကျပ်ငွေကိုင်ထားဖို့ စိတ်ဝင်စားမှုနည်းပြီး ဒေါ်လာလို နိုင်ငံခြားငွေ ပြောင်းလဲကိုင်ဖို့ ကြိုးစားလာကြမှာကလည်း ကျပ်ငွေတန်ဖိုးကို ထပ်ဆင့်ကျဆင်းစေတဲ့ အခြေအနေ ဖြစ်ပေါ်စေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီအစိုးရဟာ နိုင်ငံထဲကို ရင်းနှီးမြှုပ်နှံမှုတွေ ဒီထက်ပိုရအောင် မလုပ်နိုင်ဘူးဆိုရင်၊ ဘတ်ဂျက်မှာ ဝင်ငွေကို မျှော်မှန်းသလောက် မရဘူးဆိုရင်၊ ပို့ကုန်များများ မတင်ပို့နိုင်ဘူးဆိုရင်၊ ဗဟိုဘဏ်ဘက်ကလည်း နိုင်ငံခြားငွေကြေးဈေးကွက်ကို ခုထက်ပို ထိထိရောက်ရောက် မကိုင်တွယ် မထိန်းချုပ်နိုင်ဘူးဆိုရင် မြန်မာကျပ်ငွေတန်ဖိုးကျပြီး မတည်မငြိမ်ဖြစ်နေမှုတွေ ရပ်တန့်သွားတာမျိုး မြင်တွေ့ရဦးမှာ မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar