ကုလားတန်စီမံကိန်း နှောင့်နှေးနေမှုအတွက် အိန္ဒိယက မြန်မာကို အပြစ်တင်

ရခိုင်ပြည်နယ်၊ စစ်တွေကနေတစ်ဆင့် အိန္ဒိယ အရှေ့မြောက်ဘက် ပြည်နယ်တွေဆီကို ဆက်သွယ်ပေးမယ့် စီမံကိန်းကို မြန်မာနိုင်ငံက အချိန်ဆွဲနေတယ်လို့ အိန္ဒိယက ပြောကြားကြောင်း အိန္ဒိယသတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

ကုလားတန် ဘက်စုံစီမံကိန်းအတွက် မူဘောင်သဘောတူညီချက်ကို ၂၀၀၈ ခုနှစ်မှာ အိန္ဒိယနဲ့ မြန်မာတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီစီမံကိန်းမှာ ပင်လယ်ရေကြောင်း၊ မြစ်ကြောင်းနဲ့ ကားလမ်းတွေ ပေါင်းစည်းပြီး ကုလားတန်နဲ့ အိန္ဒိယအရှေ့ပိုင်းက ဆိပ်ကမ်းတွေကို ရခိုင်နဲ့ ချင်းပြည်နယ်တွေကနေတစ်ဆင့် မီဇိုရမ်နဲ့ ဆက်သွယ်ပေးဖို့ ပါဝင်ပါတယ်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာတော့ အဲဒီစီမံကိန်းအတွက် ကုန်ကျစရိတ် (ရူပီး ၂ ဒသမ ၉  ဘီလျံ) ဒေါ်လာ သန်း ၄၅၀ ခန့်ကို အိန္ဒိယအစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့ပြီး စစ်တွေမှာ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ခဲ့ပါတယ်။

ဒီစီမံကိန်းဟာ နိုင်ငံရပ်ခြားတိုင်းပြည်တစ်ခုမှာ အိန္ဒိယက ဆောင်ရွက်နေတဲ့ အကြီးမားဆုံးသော ဖွံ့ဖြိုးရေးလုပ်ငန်း ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံထုတ် Business Line သတင်းစာက နိုဝင်ဘာ ၂၃ ရက်နေ့မှာ ရေးသားထားပါတယ်။ စီမံကိန်းမှာ ပါဝင်တဲ့ ကားလမ်းနဲ့ ဆိပ်ကမ်းတည်ဆောက်ရေးတွေ နှောင့်နှေးနေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်၊ ပလက်ဝရှိ ကုလားတန်က ဆိပ်ကမ်းနဲ့ မီဇိုရမ်နယ်စပ်က ဇိုရင်ပူတို့ကို ဆက်သွယ်ပေးမယ့် ၁၀၉ ကီလိုမီတာအရှည် ကားလမ်းတည်ဆောက်ရေးအတွက် မြန်မာဘက်က အတည်ပြုချက်အချို့ကို စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ အိန္ဒိယသံအမတ်ကြီး Mr Vikram Misri က ပြောကြားကြောင်း သတင်းစာက ရေးသားထားပါတယ်။

ရန်ကုန်မြို့မှာ နိုဝင်ဘာ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ India-Myanmar relations: The way forward ဆိုတဲ့ ဆွေးနွေးပွဲမှာ သံအမတ်ကြီးက ပြောကြားခဲ့တာဖြစ်ပြီး နှောင့်နှေးနေရတဲ့ အကြောင်းရင်းတွေကိုတော့ ပြောကြားခြင်း မရှိပါဘူး။ ဒါပေမယ့် လုပ်ငန်းတွေ မကြာမီ ပြန်လည်စတင်နိုင်မယ်လို့ မျှော်လင့်ကြောင်းကိုလည်း သံအမတ်ကြီး ပြောကြားခဲ့တယ်လို့ သတင်းစာက ရေးသားထားပါတယ်။

လမ်းတည်ဆောက်ရေးအတွက် အိန္ဒိယက ပြီးခဲ့တဲ့ဇွန်လမှာ ကန်ထရိုက်လုပ်ငန်းအပ်နှံခဲ့ပြီး မိုးရာသီကုန်ဆုံးချိန် အောက်တိုဘာလမှာ စတင်တည်ဆောက်ဖို့ ဖြစ်တယ်လို့ သတင်းစာက ရေးသားထားပါတယ်။

လမ်းတည်ဆောက်ရေးမှာ နှောင့်နှေးကြန့်ကြာမှုတွေက စစ်တွေဆိပ်ကမ်းရဲ့  လုပ်ဆောင်နိုင်စွမ်းကိုပါ ထိခိုက်နေပါတယ်။ ၂၀၁၆ ခုနှစ်မှာ အိန္ဒိယက တည်ဆောက်ပြီးစီးခဲ့တဲ့ ဆိပ်ကမ်းမှာ ရေစူးခြောက်မီတာရှိဖို့ ဆောင်ရွက်ထားခဲ့တာ ဖြစ်တယ်လို့ သတင်းစာက ဆိုပါတယ်။

စီမံကိန်းအတွက် နှစ်နိုင်ငံ သဘောတူညီချက်အရ ဆိပ်ကမ်းကို ဒေသအစိုးရထံ လွှဲပြောင်းပေးခဲ့ရတယ်လို့ ဆက်လက် ရေးသားထားပါတယ်။

“နှစ်နှစ်ကြာပြီးသည့်အချိန်တွင် ရေစူးမှာ တစ်မီတာအထိ ကျဆင်းသွားသောကြောင့် ဆိပ်ကမ်းတွင် သင်္ဘောများ ဝင်ထွက်နိုင်စွမ်း မရှိတော့ပေ” လို့ သတင်းစာက ရေးသားထားပါတယ်။

အဲဒီလိုဖြစ်ရတာကတော့ အသုံးမပြုတဲ့အချိန် ကြာမြင့်သွားခြင်းနဲ့ မြန်မာဘက်က သောင်တူးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ ပျက်ကွက်လို့ဖြစ်တယ်လို့ အိန္ဒိယနဲ့ မြန်မာနှစ်ဖက်လုံးက ပြောကြားတယ်လို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် ဆိပ်ကမ်းကို နှစ်နိုင်ငံပူးတွဲ အုပ်ချုပ်နိုင်ဖို့အတွက် သဘောတူညီချက်ကို ပြင်ဆင်သွားဖို့ အိန္ဒိယက ကြိုးပမ်းနေတယ်လို့ သတင်းစာက ရေးသားထားပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.