ကုလသမဂ္ဂ သတင်းလွတ်လပ်ခွင့်ဆုကို ရိုက်တာသတင်းထောက်နှစ်ဦး ရရှိ

ရဲမွန်

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲခံရမှုများနှင့်အတူ ထောင်ချခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ၂ဝ၁၉ ခုနှစ်အတွက် Guillermo Cano သတင်းလွတ်လပ်ခွင့်ဆုချီးမြှင့်ရန် ရွေးချယ်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ဧပြီ ၁ဝ ရက်တွင် ကြေညာသည်။

ထောင်ဒဏ်၇ နှစ်အထိ ပြင်းထန်သည့် ပြစ်ဒဏ်ကိုကျခံနေရသော ရိုက်တာသတင်းထောက် နှစ်ဦးရရှိသည့် အဆိုပါသတင်းလွတ်လပ်ခွင့်ဆုကို မေ ၃ ရက်တွင် အီသီယိုးပီးယားနိုင်ငံ၌ ပြုလုပ်မည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

Guillermo Cano သတင်းလွတ်လပ်ခွင့်ဆုသည် အန္တရာယ်များကြားမှ စွန့်စားကာ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ပြီး သတင်းများ ထူးချွန်စွာ ရေးသားဖော်ထုတ်ခဲ့သည့် သတင်းထောက်များကို နှစ်စဉ်ပေးအပ်သည့် ဆုတစ်ဆုလည်းဖြစ်သည်။

ဆုရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ Wojciech Tochman က “ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ လွတ်လပ်စွာ ဖော်ထုတ်ရေးသားမှုအပေါ်မှာ ပြင်းပြတဲ့စိတ်ဓာတ်၊ တော်လှန်နိုင်စွမ်းနဲ့ ရဲစွမ်းသတ္တိများကို ဂုဏ်ပြုတဲ့အနေနဲ့ ရွေးချယ်ရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထိုသို့ ဆုရရှိခဲ့သည့်အပေါ် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးလုံးက ဝမ်းမြောက်လျက်ရှိပြီး မိသားစုဝင်များကမူ ၎င်းတို့နှစ်ဦးကို အစိုးရက အမြန်ဆုံးလွှတ်ပေးခြင်းမျိုးကိုသာ လိုလားနေသည်။

“အစ်မတို့ကတော့ သူတို့ကိုပြန်လွတ်လာတာပဲ မြင်ချင်တော့တယ်” ဟု ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်းအိမွန်က ပြောသည်။

မိသားစုဝင်များ၏ ပြောကြားချက်အရ အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရသည့် သတင်းထောက်နှစ်ဦးလုံး၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပြီး ထောင်ဝင်စာတွေ့ဆုံမှုမှာလည်း အဆင်ပြေသည်ဟု ဆိုသည်။

ကိုဝလုံးသည် ယနေ့ ဧပြီ ၁၁ ရက်တွင် အသက် ၃၃ နှစ်ပြည့်သွားပြီဖြစ်ပြီး ၎င်း၏ မွေးနေ့ကို အကျဉ်းထောင်တွင် းဖြတ်သန်းနေရသည်မှာ ၂ နှစ်ရှိသွားပြီ ဖြစ်သည်။

“ဒီနေ့ ဝလုံးမွေးနေ့ဆိုတော့ သူ့သမီးလေးနဲ့ သံတမန်ခန်းမှာ တွေ့လို့ ရလိုက်တယ်။ သမီးလေးဆိုလည်း မနက်ဖြန်ဆို ၈ လပြည့်ပြီ”ဟု မပန်းအိမွန်က ပြောသည်။

၎င်းနှစ်ဦး၏ အမှုအတွက် နောက်ဆုံးအယူခံကို ပြည်ထောင်စု တရားလွှတ်တော်တွင် ၎င်းတို့၏ရှေ့နေများက မတ် ၂၆ ရက်နေ့တွင် လျှောက်ထားခဲ့ပြီး အမိန့်ချမှတ်မည့်ရက်ကို မသိရှိရသေးပေ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar