ကိုကျော်ဇင်ဝင်းအတွက် လိင်တူချစ်သူများ စုဝေးဆုတောင်းပွဲကျင်းပ

ဟိန်းသာ

လုပ်ငန်းခွင်အတွင်း လိင်တူစွဲလမ်းသူအဖြစ် ခွဲခြားဆက်ဆံခံရမှုကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည့် ကိုကျော်ဇင်ဝင်းအတွက် လိင်တူချစ်သူများက ယနေ့မနက်ပိုင်းတွင် စုဝေးကာ ဆုတောင်းခဲ့ကြသည်။

အသက် ၂၆ နှစ်အရွယ် ကိုကျော်ဇင်ဝင်းသည် Myanmar Imperial University (MIU) တွင် စာကြည့်တိုက်မှူး အဖြစ် နှစ်နှစ်ကျော် လုပ်ကိုင်ခဲ့သည်။ ဇွန်လ ၂၃ ရက်က ဆေးအလွန်အကျွံသောက်ကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပြီး မကွယ်လွန်မီ လူမှုကွန်ရက်ပေါ်၌ ၎င်းသည် လုပ်ငန်းခွင်ခွဲခြားမှုများ၊ ဖိနှိပ်ပြောဆိုမှုများကို ခံခဲ့ရကြောင်း၊ အထက်လူကြီးက ၎င်းမှာ ဂေး gay ဖြစ်သည်ကို ဖိအားပေးပြောစေခဲ့ကြောင်း ရေးသားခဲ့သည်။

၎င်းသေဆုံးမှုအပေါ် Myanmar Imperial University (MIU) နှင့် လိင်တူချစ်သူ အဖွဲ့အစည်းများစုပေါင်း၍ ဝမ်းနည်းကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြသည်။ လူအခွင့်အရေးကော်မရှင်ကလည်း စုံစမ်းစစ်ဆေးသွားမည်ဟု ၂၆ ရက်က မီဒီယာများကို ပြောကြားထားသည်။

ယနေ့ မနက်ပိုင်းတွင် လိင်တူချစ်သူအဖွဲ့အစည်းများနှင့် ဝန်းရံသူ ၅၀ ခန့်က ကိုကျော်ဇင်ဝင်းလုပ်ကိုင်ခဲ့သည့် Myanmar Imperial University (MIU) ရှေ့တွင်စုဝေးကာ ငြိမ်းချမ်းစွာ ဆန္နထုတ်ဖော်ခဲ့သည်။ ထို့ပြင် MIU ကျောင်းမှ ခွဲခြားဆက်ဆံသူများ၊ နှိမ့်ချပြောဆိုသူများအား ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လိင်တူချစ်သူတွေကို အလုပ်ခွင်တွေ၊ ကျောင်းတွေမှာ ခွဲခြားဆက်ဆံခံရတာက အမြစ်တွယ်နေတယ်ဆိုတာ ကိုကျော်ဇင်ဝင်းက သက်သေပြသွားပါတယ်။ ကျွန်တော်တို့ရဲ့ဒီလှုပ်ရှားမှုကလည်း ကိုကျော်ဇင်ဝင်းတစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ ခွဲခြားဆက်ဆံခံနေရတဲ့ လိင်တူချစ်သူ အားလုံးအတွက် ရည်ရွယ်ပါတယ်” ဟု ယခုပွဲကိုဦးဆောင်သူ king & Queen မှ ကိုတင်ကိုကိုကပြောသည်။

ထို့ပြင် လိင်တူချစ်သူများက နိုင်ငံအတွင်း ပြဋ္ဌာန်းထားသည့် ပုဒ်မ ၃၇၇ ( ဓမ္မတာနှင့်ဆန့်ကျင်ပြီး လိင်ဆက်ဆံမှု)ကိုပြင်ဆင်ပြီး ခွဲခြားဆက်ဆံမှု ပပျောက်ရေးဥပဒေ တစ်ရပ်ပြဋ္ဌာန်းအတည်ပြုပေးရန်၊ လိင်စိတ်ကွဲပြားသူများကို အကူညီပေးရန် အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် တောင်းဆိုခဲ့ကြသည်။

Myanmar Imperial University (MIU) ကလည်း ယခုဆန္ဒထုတ်ဖော်ပွဲအတွက် ပါဝင်ကူညီခဲ့သည်။ MIU ကို တည်ထောင်သူ Managing Director မပို့ပို့ကြည်က သေဆုံးသူ ကိုကျော်ဇင်ဝင်းအတွက် ဝမ်းနည်းကြောင်းနှင့် တာဝန်ရှိဌာနများ၏ စုံစမ်းစစ်ဆေးမှုများကိုလက်ခံရန် အသင့်ရှိကြောင်း ပြောသည်။

“ပြဿနာက ကြီးကြီးမားမားဖြစ်လာတော့ ဒါတွေကို ဖြေရှင်းဖို့လည်း အသင့်ရှိပါတယ်။ ကျွန်မတို့ဘက်က လုပ်ပေးနိုင်တာတွေ စနစ်တကျ လုပ်ပေးသွားမှာပါ” ဟု ဆိုသည်။

ကိုကျော်ဇင်ဝင်းအား လုပ်ငန်းခွင်အတွင်း ဖိအားပေးခွဲခြားဆက်ဆံသည်ဟု စွပ်စွဲခံရသူများကို လက်ရှိတွင် အလုပ်မှယာယီရပ်ဆိုင်းထားသည်။ အလုပ်မှထုတ်မပစ်ဘဲ ယာယီဆိုင်းငံ့ထားသည်မှာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ရှိသေးသောကြောင့်ဖြစ်သည်ဟု MIU ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ မဝင့်ဝါရီကပြောသည်။

More stories

Related stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar