ကားလမ်းပေါ်မှ မိခင်များ(ဝါ) ရန်ကုန်မြို့မှ အမျိုးသမီး အငှားယာဉ်မောင်းများ

ရန်ကုန်မြို့တွင် အမျိုးသမီး အငှားယာဉ်မောင်းသမားများသည် အရေအတွက်အားဖြင့် နည်းပါးနေပါသေးသည်။ သို့သော် ၎င်းတို့ထဲတွင် အမှီအခိုကင်းသော ရဲရင့်သည့် မိခင်နှစ်ဦး ပါဝင်လျက်ရှိသည်။ 

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။ ဓာတ်ပုံ – မာရို ဗာလီ

ရန်ကုန်မြို့ရှိ အမျိုးသမီး အငှားယာဉ်မောင်းဖြစ်သည့် မစုမွန်ကျော်က အကယ်၍ ကားပေါ်တွင် ခရီးသည်က သူ့ကို နှောင့်ယှက်ထိပါးလာပါက သူ့မှာ အစီအစဉ် တစ်ခု ရှိသည်ဟု ဆိုသည်။ ယင်းမှာ အကူအညီရစေရန် သူ့ကားကို နီးစပ်ရာ ကားတစ်စီးနှင့် ဝင်ဆောင့်လိုက်ခြင်းပင် ဖြစ်သည်ဟု သူက ဆိုသည်။

ကံကောင်းသည်မှာ မစုမွန်ကျော်သည် သူ အငှားယာဉ်မောင်းအဖြစ် လုပ်ကိုင်သည့် လေးနှစ်တာ ကာလအတွင်း သူ ပြောသော အန္တရာယ် ရှောင်ရှားရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန် မလိုအပ်ခဲ့ပေ။ သို့သော် ထိုသို့ လုပ်ဆောင်ရမည် ဆိုပါကလည်း မကြောက်ရွံ့ကြောင်း သူက ပြောသည်။ သူ့ အလုပ်အကိုင်သည် အမျိုးသားများသာ လုပ်ဆောင်သော အလုပ်အကိုင်သဘာဝ ဖြစ်သည်။ သို့သော် ရန်ကုန်မြို့သည် သူ ကျွမ်းသော မြို့ဖြစ်ကြောင်း၊ လမ်းတိုင်း မြို့နယ်တိုင်းကို သူ သိနေသောကြောင့် မကြောက်ရွံ့ကြောင်း ဆိုသည်။

မစုမွန်ကျော် အငှားယာဉ်မောင်း စတင်လုပ်ဆောင်စဉ်က အမျိုးသားများသာ လုပ်ဆောင်သော ထို လုပ်ငန်းတွင် အမျိုးသမီးများ လုံးဝ မရှိသေးပေ။ သို့ရာတွင် လမ်းပေါ်၌ ကားများ ပိုမိုများပြားလာသည်နှင့်အမျှ အမျိုးသမီး အငှားယာဉ်မောင်းများလည်း အသင့်အတင့် တိုးပွားလာခဲ့သည်။

မစုမွန်ကျော်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် အမျိုးသမီး အငှားယာဉ်မောင်း ၃၅ ဦးကို တရားဝင် မှတ်ပုံတင်ပေးထားပြီးပြီဟု ဆိုသည်။ အမှန်တကယ်ရှိသော အမျိုးသမီး အငှားယာဉ်မောင်း အရေအတွက်မှာ ယင်းထက် အနည်းငယ် ပိုများနိုင်ခြေရှိသည်။

အမျိုးသမီး အငှားယာဉ်မောင်းများသည် ယခုအချိန်တွင်မူ ခေါင်းမော့ကာ ဝံ့ဝံ့ကြွားကြွား မလုပ်ကိုင်နိုင်ကြသေးချေ။ မစုမွန်ကျော်သည် အမျိုးသမီး အငှားယာဉ်မောင်းများကို ကူညီထောက်ပံ့နိုင်မည့် အဖွဲ့အစည်း တစ်ခု တည်ထောင်ကာ အမျိုးသားများသာ လွှမ်းမိုးသော ထိုလုပ်ငန်းကို ပြောင်းလဲပစ်လိုစိတ် ဖြစ်ပေါ်နေသည်။

အမျိုးသမီးမောင်းသော အငှားကားများကို အစိမ်းရောင် သို့မဟုတ် အပြာရောင် တစ်မျိုးမျိုးဖြင့် တပြေးညီ ဆေးခြယ်ထားလျှင် ကားငှားစီးသော ခရီးသည် အမျိုးသမီးများသည် အငှားကားကို အမျိုးသမီးမောင်းကြောင်း အလွယ်တကူ သိနိုင်မည်ဟု သူက ဆိုသည်။ သူသည် အလုံမြို့နယ်တွင် ခရီးသည် ရှာဖွေရင်း ကျွန်တော့် မေးခွန်းများကို ဖြေကြားနေခြင်း ဖြစ်သည်။

ကျွန်တော်နှင့် စကားပြောဆိုနေစဉ် သူသည် အမျိုးသမီး ခရီးသည်တစ်ဦးကို ရရှိခဲ့သည်။ ခရီးသည်က  သူသည် အမျိုးသမီး အငှားယာဉ်မောင်းများကို တစ်ခါမျှ မတွေ့ဖူးကြောင်း၊ ယခုစီးနင်းရသည်မှာ အတွေ့အကြုံသစ် တစ်မျိုးပင် ဖြစ်ကြောင်း ဆိုသည်။ အမျိုးသမီး အငှားကားများကို အရောင်တစ်ခုတည်း သတ်မှတ်ထားမည့် စိတ်ကူးကို သူသည်လည်း နှစ်သက်ကြောင်း၊ သို့မှသာ သူ ခရီးသွားလိုသောအခါ  သူစိမ်းအမျိုးသားတစ်ယောက် မောင်းသောကားကို စီးရခြင်းမှ လွယ်လင့်တကူ ရှောင်ရှားနိုင်မည်ဟု ဆိုသည်။

မစုမွန်ကျော် အငှားကားမောင်းသော ပထမလများတွင် ခရီးသည်များထံမှ တုန့်ပြန်မှုများသည် အံ့သြခြင်း၊ အထင်ကြီး လေးစားခြင်း၊ လိုလိုလားလား လက်ခံခြင်းမျိုး မဟုတ်ကြပေ။ ခရီးသည်များက သူ၏ ဘေးကင်း လုံခြုံမှုအတွက် စိုးရိမ်ပူပန်ခြင်း၊ အမျိုးသမီးက ဘာကြောင့် အငှားယာဉ်မောင်းအလုပ်ကို လုပ်ဆောင် ရသနည်း စသည့်မေးခွန်းများ မေးခြင်းတို့ကိုသာ ကြုံရရှာသည်။

typeof=

လုပ်ငန်းခွင်မှ အမျိုးသမီးများ

အငှားယာဉ်မောင်း အလုပ်ကို လုပ်ကိုင်လာသည်မှာ ခြောက်လ ရှိပြီဖြစ်သော မနေဇာခိုင်ကမူ  လုပ်ဖော်ကိုင်ဖက်များ အချင်းချင်းကြားတွင် အမျိုးသမီး အငှားယာဉ်မောင်းများကို ပိုမို လက်ခံလာကြသည်ဟု သူ ယုံကြည်ကြောင်း ဆိုသည်။ သူက အငှားကား တစ်စီးကို ဝယ်ယူပြီး စတင်မောင်းသောအခါ  အခြားအငှားယာဉ်မောင်းများက သူ့ကို လမ်းပေါ်တွင် တွေ့ရှိပါက သူ့ကားဘေးကို ကပ်လာကာ လက်မထောင်၍ ချီးကျူးထောပနာ ပြုကြသည်ဟု ဆိုသည်။

“ကျွန်မက အမိုက်စား အလုပ်တစ်ခုကို လုပ်နေရသလို ခံစားရပါတယ်” ဟု သူက ဆိုသည်။ ထိုသို့သော အပြုအမူများကြောင့် မိမိကိုယ်မိမိ ယုံကြည်မှုကို သူ ရရှိလာသည်ဟု ဆိုသည်။

လောကအလယ်၌ အမျိုးသမီးများသည် မိမိလမ်း မိမိလျှောက်လှမ်းရာတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို မရရှိနိုင်ဘဲ ဖြစ်တတ်ကြသည်ဟု မနေဇာခိုင်က ဆိုသည်။ ကလေးသုံးယောက်ကို ထောက်ပံ့နိုင်ရန် အလုပ်လုပ်နေသော မနေဇာခိုင်သည် လက်ဖက်ရည်ဆိုင်ဖွင့်၍ ပိုက်ဆံစုကာ ကားဝယ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကားကို အငှားကားလိုင်စင် မရသေးခင်တွင် ပုဂ္ဂလိကပိုင်ကားအဖြစ်ဖြင့်သာ ခရီးသည် သယ်ပို့လုပ်ငန်း လုပ်ခဲ့ရသည်ဟု ဆိုသည်။

အမျိုးသမီးများသည် ကားမောင်းတတ်သင့်သည်။ လမ်းလျှောက်ရမည်ဆိုလည်း ကြံ့ခိုင်သော ခြေထောက်များ ရှိသင့်သည်။ အခြားသူများကို မှီခိုမနေသင့်ပါဟု သူက ပြောသည်။

သို့ရာတွင် သူ၏ အမျိုးသမီး ဖြစ်နေမှုက သူ၏ နေ့တဓူဝ သက်မွေးမှုဘဝကို လာရောက်လွှမ်းမိုးဆဲ ဖြစ်သည်။

အကျိုးဆက်အချို့သည် သိသာပါသည်။ သူက မြို့ထဲရှိ မည်သည့်နေရာကိုမဆို လွတ်လပ်စွာ သွားရောက်လိုပါသော်လည်း မစုမွန်ကျော်နှင့် မတူညီသည်မှာ ညအချိန်တွင် သူ ဘယ်တော့မျှ ကားမဆွဲခြင်းပင် ဖြစ်သည်။

အချို့အချို့သော အကျိုးဆက်များသည်မူ နူးညံ့သိမ်မွေ့သည်။ ဥပမာ ကားထဲတွင် သူ တပ်ဆင်ထားသော ရုပ်မြင်သံကြားစက်လေးပင် ဖြစ်သည်။ အမျိုးသား ခရီးသည်များက သူ၏ ကားမောင်း ကျွမ်းကျင်မှုကို မယုံကြည်၍ စိုးရိမ်နေလျှင်ဖြစ်စေ၊ အမျိုးသမီးတစ်ဦးနှင့် ကားထဲတွင် နှစ်ယောက်တည်း ရှိနေရသဖြင့် အနေရခက်နေလျှင်ဖြစ်စေ ခရီးသည်၏ အာရုံကို ဆွဲဆောင်ထားနိုင်စေရန် ယင်း ရုပ်မြင်သံကြားစက်ကို တပ်ဆင်ထားခြင်း ဖြစ်သည်။

အမျိုးသမီး ခရီးသည်များက သူ့ကို ပိုမိုလွယ်ကူစွာ စကားပြောကြသည်ဟု သူက ဆိုသည်။ သို့သော် ထိုသို့ ရင်းနှီးစွာ စကားပြောဆိုနေလျှင် အနေရခက်သော အခါများလည်း ရှိတတ်ကြောင်း သူက ဆိုသည်။ တစ်ခါက လူချမ်းသာ အမျိုးသမီး ခရီးသည် တစ်ဦးသည် သူ၏ ကလေးများအတွက် ကလေးထိန်းကောင်းကောင်း တစ်ယောက် ရှာရသည်မှာ လွန်စွာခက်ခဲကြောင်း ကားစီးနေစဉ်တစ်ချိန်လုံး ပြောနေသည်ဟု သူက ဆိုသည်။

“ကျွန်မက တွေးနေမိတယ်။ ငါ့မှာဖြင့် တစ်နေ့ကို နှစ်သောင်း သုံးသောင်းလောက်ရဖို့ မနည်းကြီး ရုန်းကန်ရှာဖွေနေရတယ်။ သူက ပိုက်ဆံအကြောင်းချည်း လာပြောနေတာပဲလို့ တွေးမိပါတယ်”ဟု သူက ပြောပြသည်။

မစုမွန်ကျော်သည် သူ၏ ကလေးများအတွက် ကလေးထိန်းငှားရန် မတတ်နိုင်ပါ။ သူသည် ယာဉ်ကြောများထဲတွင် တစ်နေကုန် အချိန်ကုန်ခံ လှုပ်ရှားရုန်းကန်နေရသည်။ သူ၏ လက်မောင်းများသည်လည်း နေပူဒဏ်ကို နာရီများစွာ ခံနေရသဖြင့် ညိုမည်းနေပါသည်။

အငှားကားမောင်းရသည်မှာ လွယ်ကူသည်ဖြစ်စေ မလွယ်ကူသည်ဖြစ်စေ သူသည် လုပ်ကိုင်ရမည် သာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ အမျိုးသမီး အများစုသည် ကျောထောက်နောက်ခံ ကောင်းကောင်း မရှိကြသည်ကသာ များကြောင်း၊ ထိုသို့ မလုပ်ဆောင်ပါက သူ၏ ကလေးများကို ထောက်လည်း မထောက်ပံ့နိုင်၊ ကျောင်းလည်း ထားနိုင်မည် မဟုတ်ကြောင်း ပြောသည်။

သူ အငှားကားမောင်းခြင်းသည် ပိုက်ဆံတစ်ခုတည်းအတွက် မဟုတ်ကြောင်း၊ သူ၏ လမ်းကို သူကိုယ်တိုင် လျှောက်လှမ်းလိုသောကြောင့် ဖြစ်ကြောင်း ဆိုသည်။ သူ့တွင် ခင်ပွန်းရှိသော်လည်း သူသည် ငွေကြေးအတွက် ခင်ပွန်းကို အားမကိုးပေ။ မိဘများကိုလည်း အားမကိုးပေ။ ငွေရှင်ကြေးရှင်ကိုလည်း အမှီခို မပြုပေ။

“အမျိုးသမီးတိုင်းက အလုပ်လုပ်ချင်ကြပါတယ်။ လက်ရှိအချိန်မှာ အလုပ်လုပ်နိုင်သူက ရှားတယ်ဆိုပေမဲ့ အမျိုးသမီးတွေက အလုပ်လုပ်ချင်ကြပါတယ်။ သူတို့တွေ အလုပ်လုပ်နိုင်ဖို့က အရေးကြီးပါတယ်။ အပြင်မှာလည်း အလုပ်အကိုင်တွေ အများကြီးပါ။ သူတို့ ဘယ်မှာ လုပ်ချင်လဲ ဆိုတာပဲ ရွေးရမှာပါ”

သူ့ ကလေးများ၏ မွေးနေ့များသည် သူ့အတွက် အထူးပျော်ရွှင်ဖွယ်ရာနေ့များ ဖြစ်သည်ဟု ဆိုသည်။ ယခင်က သူသည် ကလေးများ၏ မွေးနေ့ကို ခင်ပွန်းသည်ပေးသော ငွေအနည်းငယ်ဖြင့်သာ ကျင်းပခဲ့ရသည်ဟု ဆိုသည်။

သူတို့ ဘာလိုချင်သည်ဖြစ်စေ ထောက်ပံ့ပေးနိုင်သူသည် သူသာ ဖြစ်ကြောင်း ဆိုသည့်အချက်က သူ့အတွက် ခွန်အားကို ဖြစ်စေသည်ဟု ဆိုသည်။

typeof=

ကားလမ်းပေါ်မှ မိခင်များ

မစုမွန်ကျော်ကလည်း ထောက်ခံပါသည်။ မစုမွန်ကျော်သည် ကားမောင်းသင် ဆရာမ အဖြစ်လည်းကောင်း၊ အိမ်ခြံမြေပွဲစားအဖြစ်လည်းကောင်း လုပ်ကိုင်ကာ ဝင်ငွေရရှိနေသေးသည်။ ထိုအလုပ်အကိုင်တို့က သူ၏ သမီးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အထောက်အပံ့ ရရှိစေသည်။ “ကျွန်မရဲ့ကားက ကျွန်မရဲ့ ရုံးခန်းပါပဲ”ဟု သူက ဆိုသည်။

မိမိကိုယ်မိမိ တိုးတက်ကြီးပွားအောင် လုပ်ဆောင်ရန် အချက်တစ်ခုတည်းသာမက ကမ္ဘာကြီးသည်လည်း အမျိုးသမီး ယာဉ်မောင်းများကို အမှန်တကယ် လိုအပ်နေပါသည်ဟု သူက ဆိုသည်။

အမျိုးသမီးများသည် ပိုမို ဂရုတစိုက် မောင်းတတ်ကြောင်း၊ လုပ်ငန်းခွင်၌လည်း အရက်မသောက်ကြကြောင်း သူက ဆိုသည်။ သူ စီစဉ်ထားသော အမျိုးသမီး အငှားယာဉ်မောင်း အသင်းတွင် သူနှင့်အတူ အခြားအမျိုးသမီးယာဉ်မောင်း ၁၀ ဦးခန့် ရရှိထားသည်။ သူက သူ့အသင်းမှ အမျိုးသမီး ယာဉ်မောင်းများသည် တစ်နေ့တွင် ရန်ကုန်မြို့၏ လမ်းမများပေါ်၌ အစိမ်းရောင် သို့မဟုတ် အပြာရောင် တူညီဝတ်စုံများနှင့် မောင်းနှင်နိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။

အမျိုးသမီးသမီးများသည် အငှားယာဉ်မောင်းကောင်းများ ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်တော့ မသိသော်လည်း သူတို့၏ ရလဒ်ကောင်းများကား ရှိနေပေသည်။။ မစုမွန်ကျော်၏ ခရီးသည်များသည် အငှားကားခ မပေးမီ  သူ၏ ဖုန်းနံပါတ်ကို တောင်းလေ့ရှိကြကြောင်း၊ အမျိုးသမီး ခရီးသည်များက ပို၍တောင်းလေ့ရှိကြကြောင်း ဆိုသည်။

တစ်ခါတစ်ရံ အမျိုးသား ခရီးသည်များက သူတို့၏ ဇနီးအတွက် တောင်းလေ့ရှိကြသည်ဟု ဆိုသည်။ သူတို့သည် မစုမွန်ကျော်၏ ဖုန်းနံပါတ်ကို သူတို့၏ ဖုန်းအဆက်အသွယ် စာရင်းတွင် သိမ်းဆည်းထားကြသည်။ သို့ဖြင့် ညဘက်အချိန်မတော် လမ်းမပေါ် တစ်ဦးတည်း ဖြစ်နေပါက အမျိုးသားယာဉ်မောင်းများအား ရှောင်ရှားပြီး ဖုန်းလှမ်းဆက်လိုက်ပါက မစုမွန်ကျော်ကဲ့သို့သော အမျိုးသမီး တစ်ဦးမောင်းသော အပြာရောင် အငှားကားလေး ရောက်လာကောင်း ရောက်လာလိမ့်မည် ဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar