ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲအပြီးမှာ စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားခဲ့တဲ့ စစ်ကိုင်း-ကချင်အစပ်က ကသုံးလုံးဒေသလို့သိကြတဲ့ ကသာ၊ ကောလင်း၊ ကန့်ဘလူခရိုင်ထဲက မြို့တွေကိုလည်း လေကြောင်းက တစ်ဖုံ၊ မြေပြင်က တစ်မျိုး မနားတမ်း ထိုးစစ်ဆင်နေပါတယ်။
တော်လှန်ရေးတပ်တွေ သိမ်းယူထားခဲ့တဲ့အင်းတော်၊ မော်လူးမြို့တွေကို ဧပြီနဲ့မေလတွေမှာ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်က ကြေညာခဲ့ပါတယ်။ အလားတူ စစ်ကိုင်းတိုင်း အတွင်းပိုင်းဒေသတွေဖြစ်တဲ့ ရွှေဘိုခရိုင်နဲ့ ယင်းမာပင်ခရိုင်ထဲက မြို့ရွာတွေကိုလည်း ထိုးစစ်အရှိန်မြှင့်နေသလို အိန္ဒိယ-မြန်မာနယ်စပ်က စစ်ကိုင်းဒေသ၊ ကလေးကဘော် ချိုင့်ဝှမ်းဒေသ၊ ခမ်းပတ်၊ တမူးမြို့တွေကိုလည်း ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။
စစ်ကိုင်းတိုင်းတွင်းက တရုတ်စီမံကိန်းတွေနဲ့ဆက်စပ်ဒေသတွေနဲ့ အရေးကြီးတဲ့ကုန်သွယ်ရေးလမ်းပိုင်းတွေကို အဓိက ထိုးစစ်တွေလုပ်ဆောင်နေတာလို့ စစ်ရေး နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်ဖို့နဲ့ ခြေကုပ်နေရာတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်သွားမယ်လို့ ယူဆကြပါတယ်။
စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်သစ်လက်ထက် ကျင့်သုံးနေတဲ့ စစ်ရေးဗျူဟာ အလှည့်အပြောင်းတွေက ဘာလဲ။ စစ်ကိုင်းတိုင်းက ထိုးစစ်တွေအကြောင်းကို စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့ဝင်ဖြစ်သလို စစ်ကိုင်းအညာ- အခြေစိုက် နိုင်ငံရေးလေ့လာသူ – ကိုစိုးဝင်းဆွေနဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI တာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးတို့ကို သီးခြားစီ တွေ့ဆုံမေးမြန်းထားပါတယ်။