ကာကွယ်ဆေးထိုးခြင်းကို ဖွံ့ဖြိုးရေးဆွေးနွေးပွဲ၌ အဓိက အာရုံစိုက်မည်

ပြီးခဲ့သည့်လနှောင်းပိုင်းက ကျင်းပခဲ့သည့် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံခြင်း ရက်သတ္တပတ် (World Immunization Week) နှင့် ကမ္ဘာ့ငှက်ဖျားတိုက်ဖျက်ရေးနေ့ (World Malaria Day) ပွဲများက မြန်မာအပါအဝင် အရှေ့တောင်အာရှရှိ ပြည်သူများ ရင်ဆိုင်နေရသော အရေးကြီးသည့် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို မီးမောင်းထိုးပြလျက်ရှိသည်။

၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်ကို ပြည့်မှီစေရေးတွင် လူသားများကို ရောဂါများ အန္တရာယ်မှ ကာကွယ်ပေးမည့် ဆေးဝါးများနှင့် ကာကွယ်ဆေးများ၏ အခန်းကဏ္ဍက အရေးပါပုံကို ဧပြီ ၂၄ မှ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ကာကွယ်ဆေးထိုးနှံခြင်း ရက်သတ္တပတ်က မီးမောင်းထိုးပြနေသည်။

ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံရေး လုပ်ဆောင်ချက်အစီအစဉ် Global Vaccine Action Plan (GVAP) ၏ ခရီးတစ်ဝက်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုအစီအစဉ်က ၂၀၂၀ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်နှင့် ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်နိုင်သော ရောဂါများကြောင့် လူသန်းပေါင်းများစွာ သေဆုံးခြင်းမှ ကာကွယ်နိုင်ရန် ရည်ရွယ်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် နှစ်စဉ်လူ သုံးသန်းခန့်အား သေဆုံးခြင်းမှ ကာကွယ်ပေးနိုင်သည်။ သို့သော်လည်း ကမ္ဘာတစ်ဝန်းရှိ ခန့်မှန်းခြေ ကလေး ၁၉ ဒသမ ၄ သန်းမှာ အခြေခံကာကွယ်ဆေး ထိုးနှံနိုင်ခြင်းမရှိသေးပေ။

ကာကွယ်ဆေးထိုးနှံခြင်း ရက်သတ္တပတ်မှာ ဧပြီ ၂၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ငှက်ဖျားတိုက်ဖျက်ရေးနေ့နှင့် တိုက်ဆိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်က ငှက်ဖျားရောဂါကြောင့် လူ ၄၂၉, ၀၀၀ ဦး သေဆုံးခဲ့ပြီး နှစ်မိနစ်တိုင်း ကလေးတစ်ဦးမှာ ငှက်ဖျားကြောင့် သေဆုံးခဲ့ရသည်။

ကမ္ဘာ့ငှက်ဖျားအစီရင်ခံစာ ၂၀၁၆ အရ ငှက်ဖျားရောဂါအသစ် ဖြစ်ပွားမှုမှာ ၂၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ငှက်ဖျားကြောင့် သေဆုံးမှုနှုန်းမှာလည်း ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း ၂၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ငှက်ဖျားရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးနှုန်း လျော့ကျမှုတွင် အရှေ့တောင်အာရှဒေသက တိုးတက်မှုအရှိဆုံးဖြစ်ပြီး ငါးနှစ်အတွင်း ရောဂါဖြစ်ပွားမှုတွင် ၄၆ ရာခိုင်နှုန်းကျဆင်းခဲ့ကာ သေဆုံးနှုန်းမှာ ၅၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

ကာကွယ်ဆေးထိုးနှံခြင်းနှင့် ငှက်ဖျားတိုက်ဖျက်ရေး ကိစ္စရပ်များမှာ တတိယနှစ်မြောက် ကျင်းပမည့် Aid & Development Asia Summit ထိပ်သီးဆွေးနွေးပွဲ၏ အစီအစဉ်တွင် ပါဝင်မည်ဖြစ်သည်။ ယင်းဆွေးနွေးပွဲက တီထွင်ဆန်းသစ်ခြင်း၊ ကဏ္ဍစုံမိတ်ဖက်အဖြစ် လုပ်ဆောင်ခြင်းတို့ကတဆင့် ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံရေး တိုးတက်လုပ်ဆောင်ခြင်းနှင့် အသက်ကယ် ကြိုတင်ကာကွယ်မှု၊ ကုသမှုရရှိအောင် ဆောင်ရွက်ခြင်းတို့ဖြင့် အရှေ့တောင်အာရှတွင် ကျန်းမာကြံ့ခိုင်မာမှုရှိရေးတို့အတွက် ရည်ရွယ်မည်ဖြစ်သည်။

ဇွန် ၁၄ မှ ၁၅ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပမည့် အဆိုပါ ဆွေးနွေးပွဲတွင် အရပ်ဘက်အဖွဲ့အစည်းများမှ ကျန်းမာရေးကျွမ်းကျင်သူများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ အစိုးရများ၊ ဖွံ့ဖြိုးရေးဘဏ်များ၊ သုတေသနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်သူများ တက်ရောက်မည်ဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအစီစဉ်များတွင် အကောင်းဆုံးလုပ်ဆောင်နိုင်ရေးနှင့် တီထွင်ဆန်းသစ်မှုများ အဆင့်မြင့်တင်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းက အဓိကအချက်အလက်များပါဝင်သည့် မိန့်ခွန်းကို ပြောကြားမည်ဖြစ်ပြီး Community Partners International မှအဖွဲ့ ဒု-အကြီးအကဲနှင့် နည်းပညာအကြံပေး ဒေါက်တာယဉ်မင်း၊ PSI Myanmar မှ နိုင်ငံလုံးဆိုင်ရာညွှန်ကြားရေးမှူး ဒယ်နီယယ်ခရက်ပါ၊ ဂျပန် နိုင်ငံတကာ ပူးပေါင်းကူညီရေး အေဂျင်စီ (JICA) မှ ကျန်းမာရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုနှင့် ကျန်းမာရေးစနစ်များအတွက် အကြီးတန်းအကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ တိုဘေးမာကိုတို၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့မှ ကျန်းမာရေးနှင့် အာဟာရ၊ ကလေးငယ်များ ရှင်သန်ဖွံ့ဖြိုးရေးဋ္ဌာနအကြီးအကဲ ပင်နီလုပ်ကမ်ဘဲလ်၊ Ipas Myanmar မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာနီနီနှင့် ဂျာမနီ နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (GIZ) ၏ Fit for School အစီအစဉ်၏ အကြီးတန်းအကြံပေး ဒေါက်တာဘယ်လာမွန့်စ်တို့ကလည်း မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ကျန်းမာရေးစနစ်များ အားကောင်းအောင်ပြုလုပ်ခြင်းနှင့် အခြား ကျန်းမာရေးဝန်ဆောင်မှုများနှင့် ပေါင်းစည်းခြင်းမှတဆင့် ကာကွယ်ဆေးထိုးနှံမှုတွင် ကွာဟမှုမရှိရေးတို့မှာ ဒေသတွင်းရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂလူဦးရေ ရံပုံငွေအဖွဲ့ (UNFPA)၊ ကမ္ဘာ့ဘဏ် (World Bank)နှင့် ကုလသမဂ္ဂ ခုခံအားကျဆင်းမှု ကူးဆက်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းအစီအစဉ် တို့၏ အဓိကဦးစားပေး လုပ်ဆောင်မှုများတွင် ပါဝင်သည်။

နည်းပညာများ၊ အစိုးရ ပုဂ္ဂလိကပူးပေါင်းလုပ်ဆောင်ခြင်းတို့ကတဆင့် ကူးစက်နိုင်သောရောဂါများကို ကိုင်တွယ်ခြင်း၊ မိခင်နှင့် ကလေးကျန်းမာရေး ကောင်းမွန်တိုးတက်အောင် လုပ်ဆောင်ခြင်းတို့အတွက် WHO မှ နိုင်ငံလုံးဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာစတီဖင်ပေါလ်ဂျို့စ်၊ ပြည်သူ့ကျန်းမာရေးအကြီးတန်းအရာရှိ ဒေါက်တာအေးယုစိုး၊ Three Millennium Development Goal (3MDG), United Nations Office for Project Services (UNOPS) နှင့် Charles Nelson၊ Malaria Consortium တို့မှ အမှုဆောင်အရာရှိချုပ် ချားလ်စ်နယ်လ်ဆင်တို့လည်း ပါဝင်မည်ဖြစ်သည်။

Aid & Development Asia Summit ထိပ်သီးဆွေးနွေးပွဲက အစိုးရ၊ အကူအညီပေးရေး အေဂျင်စီများ၊ ကုလသမဂ္ဂ၊ ရင်းနှီးမြုပ်နှံသူများနှင့် ပုဂ္ဂလိကကဏ္ဍတို့ကြား ဆန်းသစ်တီထွင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ကာ လုံလောက်မှုမရှိသော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကာကွယ်ရေးတို့တွင် ကွာဟမှုမရှိစေရန် ရည်ရွယ်ထားသည်။

ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါက Aid & Development Asia Summit ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

Frontier Myanmar သည် 2017 Aid & Development Asia Summit ၏ မီဒီယာပါတနာဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar