ကရင်ပြည်နယ်က လူထုလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေသူများ

လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို အစိုးရကိုယ်စား ဖြည့်ဆည်းပေးရန်အတွက် စေတနာဝန်ထမ်းအဖွဲ့များအား ဒေသအသီးသီးတွင် ဖွဲ့စည်းဆောင်ရွက်နေကြရာ ဘားအံမြို့မှ လူငယ်များဖွဲ့စည်းထားသည့် မာဃလူမှုကူညီရေးအသင်းလည်း ပါဝင်သည်။

Eva Hirschi ရေးသားသည်။ 

အသက် ၂၂ နှစ်အရွယ် ကိုသူစောဦးတစ်ယောက် ကရင်ပြည်နယ်မြို့တော် ဘားအံတွင်ရှိသည့် မာဃလူမှုကူညီရေးအသင်း (Marga Society) ၏ ရုံးတွင် အခြားလုပ်အားပေးများနှင့် စကားပြောဆိုနေချိန် အရေးပေါ် ဖုန်းတစ်ခု လက်ခံရရှိခဲ့သည်။ ထို့နောက်သူတို့အားလုံး လူနာတင်ယာဉ်ဆီ အမြန်ပြေးသွားကြပြီး ဥသြမီးများ ဖွင့်ကာ လူနာရှိရာ နေအိမ်သို့ အလျှင်အမြန် ထွက်ခွာသွားကြတော့သည်။ 

ဆေးရုံတွင်လည်း လူနာတင်ယာဉ်များ ရှိသော်လည်း မာဃအသင်းကို လူသိများပြီး ၎င်းတို့၏ လူနာတင်ယာဉ်က ပိုမိုမြန်ဆန်သည်။ “ဒီတော့ လူတွေက ဆေးရုံးကို ဖုန်းမခေါ်တော့ဘဲ ကျွန်တော်တို့ဆီ တိုက်ရိုက်ဆက်သွယ်တယ်။ ကျွန်တော်တို့က ဆေးရုံကိုယ်စား လူနာကို ပို့ဆောင်ပေးတယ်” ဟု ကိုသူစောဦးက Frontier ကို ပြောသည်။ 

လူနာ၏အိမ်သို့ ရောက်ရှိချိန်တွင် ကိုသူစောဦးနှင့် လုပ်အားပေး နှစ်ယောက်က လူနာထမ်းစင်ကို ထုတ်ယူလိုက်ပြီး အိမ်တွင်းသို့ ဝင်သွားကြသည်။ “ကျွန်တော်တို့ တစ်ယောက်မှ ဆရာဝန် မဟုတ်ဘူး။ ဒါပေမဲ့ အစိုးရက အခြေခံ ပြုစုကုသနည်း သင်တန်းပေးထားတယ်။ တစ်ချို့က ထိုင်းနိုင်ငံမှာ နှစ်ပတ်သင်တန်းတက်ခဲ့ကြတယ်” ဟု သူက ပြောသည်။ 

ထိုင်းနိုင်ငံရှိ ဆေးရုံများက သင်တန်းများ အခမဲ့ပို့ချပေးလေ့ရှိပြီး သင်တန်းသွားတက်ရန် ခရီးစရိတ်ကို မာဃအသင်းက ကျခံပေးသည်။ သင်တန်းတက်ရောက်ပြီးသူများက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန်တွင် သူတို့ရရှိလာသည့် အသိပညာသစ်များကို အခြားလုပ်အားပေးများထံ လက်ဆင့်ကမ်းသင်ကြားပေးကြသည်။

ကိုသူစောဦးသည် မာလအသင်းတွင် လုပ်အားပေးတစ်ဦးအဖြစ် လုပ်ကိုင်နေသည်။ ဓာတ်ပုံ-Eva Hirschi

ကိုသူစောဦးသည် မာလအသင်းတွင် လုပ်အားပေးတစ်ဦးအဖြစ် လုပ်ကိုင်နေသည်။ ဓာတ်ပုံ-Eva Hirschi

တချိန်တည်းမှာပင် လူနာတင်ယာဉ်က ဘားအံအထွေထွေဆေးရုံကြီးသို့ ရောက်ရှိလာသည်။ ကိုသူစောဦးနှင့် လုပ်အားပေးများက လူနာကို ဆေးရုံ၏ ဆေးဝန်ထမ်းများထံ အပ်နှံလိုက်ကြသည်။ ထို့နောက် စာရွက်စာတမ်းများ ဖြည့်ပြီးနောက် မာဃအသင်းရုံးသို့ ပြန်လာကြသည်။ အသင်းက အရေးပေါ် လူနာတင်ယာဉ် ဝန်ဆောင်မှုကို ၂၄ နာရီ ကူညီ ဆောင်ရွက်ပေးနေသည်။ ဖုန်းလာချိန်တွင် အဆင်သင့်ရှိနေရန်အတွက် လုပ်အားပေးအချို့က ရုံးတွင် ညအိပ်ကြလေ့ရှိသည်။ ထိုအထဲတွင် ကိုသူစောဦးလည်း အပါအဝင် ဖြစ်သည်။ 

အတွေးအခေါ်သစ်

တတိယနှစ် ဓါတုဗေဒကျောင်းသားတစ်ဦးဖြစ်သူ ကိုသူစောဦးသည် အသင်းတွင် လုပ်အားအဖြစ် လုပ်ကိုင်ခဲ့သည်မှာ ငါးနှစ်ရှိနေပြီ ဖြစ်သည်။ သို့သော် ထိုသို့လုပ်အားပေးတစ်ဦးဖြစ်လာရန် မူလက သူတွင် စိတ်ကူးမရှိခဲ့ပေ။

“ကျွန်တော် ဆယ်ကျော်သက်တုန်းက ဘယ်တော့မှ အိမ်ပြင်မထွက်ဘူး။ တစ်နေ့ သူငယ်ချင်း တစ်ယောက်က ကျွန်တော် အခန်းထဲနေပြီး အိမ်တွင်းပုန်းနေတာ မကောင်းဘူးလို့ ပြောတယ်။ သူနဲ့ လိုက်ခဲ့လို့လည်း ခေါ်တယ်။ ဒါနဲ့ အသင်းထဲကို ရောက်လာတာ” ဟု ကိုသူစောဦးက ပြောသည်။ 

“အစတုန်းကတော့ အဲဒါကို သိပ်မကြိုက်ဘူး။ လုပ်အားပေးလည်း မလုပ်ချင်ဘူး။ ဒါပေမဲ့ မာဃအသင်းက လုပ်ဆောင်ပေးတာတွေ မြင်လာရတော့ စိတ်ဝင်စားသွားတယ်” ဟု သူက ဆက်လက်ပြောကြားသည်။ 

“လုပ်အားပေးရတာ ပျော်လာတယ်။ လူတွေကို ကူညီပေးချင်လာတယ်။ ဒါက ဘဝအတွက် အတွေးအခေါ်သစ် ရရှိလာတာပဲ” ဟု သူကပြောသည်။ 

ဘားအံမြို့တွင် မာဃလူမှုကူညီရေးအသင်းမှ လုပ်အားပေးများက အဓိက လုပ်ငန်းလေးခုကို ဖြည့်ဆည်းပေးနေကြသည်။ လူနာတင်ယာဉ်နှင့် ကယ်ဆယ်ရေး၊ သွေးလှူခြင်း၊ ပညာရေးအတွက် သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် အသုဘချပေးခြင်းတို့ ဖြစ်ကြသည်။ အစိုးရက လုပ်ဆောင်ပေးရမည့် လုပ်ငန်းများကို တခြား လုပ်အားပေး အဖွဲ့အစည်းများနည်းတူ မာဃအသင်းက ကူညီဆောင်ရွက်ပေးနေသည်။

လုပ်အားပေးအဖွဲ့အစည်းအနေဖြင့် ထိုကဲ့သို့အလုပ်များအား မည်သည့်အတွက်ကြောင့် လုပ်ကိုင်ပေးနေသနည်းဟု မေးကြည့်သောအခါ မာဃအသင်းဥက္ကဋ္ဌဖြစ်သူ အသက် ၅၀ နှစ်ရှိ ဦးအောင်သန်းလွင်က “ကျွန်တော်တို့ နိုင်ငံက မဖွံ့ဖြိုးသေးဘူး။ ကျွန်တော်တို့က ကျွန်တော်တို့ ပြည်နယ်နဲ့ လူ့အဖွဲ့အစည်းကို ကူညီဖို့ လိုအပ်တယ်” ဟု ဖြေကြားသည်။ 

မြန်မာနိုင်ငံတွင် အစိုးရက ဆောင်ရွက်ပေးရမည့်တာဝန်များကို လူမှုအဖွဲ့အစည်းများက ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည်မှာ ဆယ်စုနှစ် သုံးခုခန့်ရှိနေပြီဖြစ်သည်။ ၁၉၈၈ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်း၏ ဆိုရှယ်လစ် အစိုးရ ပြုတ်ကျအပြီးတွင် အလှူအသင်းအဖွဲ့များ၊ လုပ်အားပေးအဖွဲ့များက ဘာသာရေး၊ လူမှုရေးအလုပ်များကို ၎င်းတို့ ကိုယ်ပိုင်ငွေကြေးဖြင့် စတင်လုပ်ဆောင်လာခဲ့ကြသည်။  

မာဃလူမှုကူညီရေးအသင်းက နာရေးကိစ္စများကိုလည်း ကူညီပေးနေသည်။ ဓာတ်ပုံ-Eva Hirschi

မာဃလူမှုကူညီရေးအသင်းက နာရေးကိစ္စများကိုလည်း ကူညီပေးနေသည်။ ဓာတ်ပုံ-Eva Hirschi

ဗိုလ်ချုပ်နေဝင်းအစိုးရအပြီး အာဏာရရှိလာသည့် စစ်အစိုးရက တိုင်းပြည်၏ ရင်းမြစ်များကို စစ်တပ်အတွက်သာ အသုံးချပြီး ဆင်းရဲသောလူထုကမူ အစိုးရ၏ဝန်ဆောင်မှုများကို အလုံအလောက် မရရှိကြသဖြင့် အခြေခံဝန်ဆောင်မှု လိုအပ်ချက်များကို အရပ်ဘက် အသင်းအဖွဲ့များက လုပ်ဆောင်ပေးလာကြခြင်းဖြစ်သည်။ 

သဘာဝကပ်ဘေးများကြောင့်လည်း အရပ်ဘက် အဖွဲ့အစည်းများ ပေါ်ထွန်းလာသည်။ ၂၀၀၈ ခုနှစ်တွင် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းအပြီး ပြည်သူများအား ကူညီရန် အရပ်ဘက် အဖွဲ့အစည်းအများအပြား ပေါ်ထွက်လာပြီး အင်အားလည်း ကောင်းလာခဲ့ကြသည်။ 

“မိသားစုလိုပါပဲ”

မကြာသေးမီနှစ်များအတွင် လုပ်အားပေးအရေအတွက် တိုးတက်လာသလို အလှူရှင်များလည်း များပြားလာသည်ဟု ဦးအောင်သန်းလွင် ပြောသည်။ “ဒါက ကျွန်တော်တို့ရဲ့ အလုပ်ကို အသိအမှတ်ပြုတာပဲ” ဟု ၎င်းက ဆိုသည်။ မာဃအသင်းထံ တစ်လလျှင် ကျပ် ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိ ပုံမှန်လှူဒါန်းနေသော အလှူရှင် ၁၇၀ ခန့်ရှိသည်ဟု ဆိုသည်။ 

ဘားအံအထွေထွေဆေးရုံတွင် သွေးလိုအပ်ချက်ရှိနေပါက မာဃအသင်း၏ အကူအညီကို ရယူနေရသည်။ “ဆေးရုံမှာ အရံထားတဲ့ သွေးတွေထဲမှာ သွေးအမျိုးအစားတစ်ခုခုပဲ ရှိတာ့တယ်။ လတ်ဆတ်တဲ့သွေးကို လိုချင်ရင် ဆေးရုံက ကျွန်တော်တို့ကို ဖုန်းဆက်တယ်။ ကျွန်တော်တို့မှာက သွေးလှူမယ့် လူတွေရဲ့ ဖုန်းနံပါတ်တွေ အားလုံးရှိတယ်။ ကျွန်တော်တို့က သွေးလှူမယ့် လူတွေကို ဖုန်းဆက်ပြီး သွေးသွားထုတ်ယူရုံပဲ။ ပြီးတော့ ဆေးရုံကို ပို့ပေးတယ်” ဟု ဦးအောင်သန်းလွင်က ပြောသည်။ 

လူအတော်များများက အလောင်းများအား မတို့ထိလိုကြသဖြင့် အသင်းက နာရေးကိစ္စများကိုလည်း အကူအညီပေးနေသည်ဟု ဦးအောင်သန်းလွင်က ပြောသည်။ “အလောင်းကို ထိကိုင်ရင် ကံဆိုးတတ်တယ်လို့ တချို့က ယုံကြည်နေကြတယ်။ ဒါကြောင့် ကျွန်တော်တို့က လုပ်ပေးရတာ” ဟု ၎င်းကပြောသည်။

မာဃအသင်းအနေဖြင့် ကိုးကွယ်ယုံကြည်မှုမရွေး၊ လူမျိုးဘာသာမရွေး၊ နိုင်ငံရေးယုံကြည်ချက်မရွေး မည်သူ့ကိုမဆို ကူညီပေးနေသည်ဟုလည်း ၎င်းကပြောသည်။ ဘားအံရှိ အသင်းရုံးခွဲတွင် လုပ်အားပေး ၅၄ ဦးရှိပြီး အသက် ၁၈ နှစ်မှ ၄၀ ကြားအရွယ်များ ဖြစ်ကြသည်ဟု ဆိုသည်။ အချို့က စနေ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် လာရောက်ကူညီကြပြီး အချို့ကမူ တစ်နေ့လျှင် နာရီအနည်းငယ်ခန့် လာရောက်ကူညီသူများ ရှိသည်။ လုပ်အားပေးအသစ်များကို ရှာဖွေရန် မခက်ခဲလှဟု ၎င်းကပြောသည်။ “မာဃအသင်းမှာ လူငယ်တွေက မိသားစုဝင်တွေလိုပဲ။ အတူချက်ပြုတ်စားသောက် ပျော်ရွှင် ရယ်မောနေကြတာ” ဟု ၎င်းကပြောသည်။

မာဃအသင်းတွင် လုပ်အားပေး ၅၀ ဦးကျော်ရှိသည်။ ဓာတ်ပုံ-Eva Hirachi

မာဃအသင်းတွင် လုပ်အားပေး ၅၀ ဦးကျော်ရှိသည်။ ဓာတ်ပုံ-Eva Hirachi

 

ဦးအောင်သန်းလွင်ကိုယ်တိုင်ကလည်း လုပ်အားပေးတစ်ဦး ဖြစ်သည်။ ဟိုတယ်မန်နေဂျာတစ်ဦးဖြစ်သည့်သူက နေ့စဉ် လာရောက်ကူညီနေသည်။ ထိုသို့လုပ်အားပေးရသည့် ရည်ရွယ်ချက်အကြောင်း မေးသောအခါ သူက “ကျွန်တော်က လူငယ်တွေကို သူတို့ရဲ့ အားလပ်ချိန်ကို အပြုသဘော အသုံးချစေချင်တယ်။ သူတို့ကို လေလွင့်ပြီး မူးယစ်ဆေးဝါးတွေဘက် မလှည့်သွားစေချင်ဘူး” ဟု ဖြေကြားသည်။ 

လူ့အဖွဲ့အစည်းကို ကူညီရသည့်အပြင် လုပ်အားပေးများအနေဖြင့် ၎င်းတို့အတွက်လည်း ကောင်းကျိုးများ ရရှိသည်ဟု ဆိုသည်။ 

“ကျွန်တော် ပိုရင့်ကျက်လာတယ်။ အရင်လို ကလေးမဆန်တော့ဘူး” ဟု ကိုသူစောဦးက ပြောသည်။ “အဖွဲ့အစည်းနဲ့ ဘယ်လို အလုပ်လုပ်ရမယ်ဆိုတာ သိရှိလာတယ်။ အရင်ကဆို ကျွန်တော်က စကားနည်းတယ်။ အခုဆို အဖွဲ့ခေါင်းဆောင်တောင် ဖြစ်နေပြီ” ဟု သူက ပြောသည်။ 

ထိုသို့သော အရည်အသွေးများကို အလုပ်ရှင်များကလည်း သဘောကျကြသည်။ မာဃအဖွဲ့မှ လုပ်အားပေး တစ်ယောက် အလုပ်လျှောက်ထားမည်ဆိုလျှင် ဦးအောင်သန်းလွင်က ထောက်ခံစာ ရေးပေးလေ့ရှိသည်။ ၎င်းတို့ အဖွဲ့အစည်းကို လူအများက လေးစားကြသောကြောင့် အလုပ်ရရန် အခွင့်အလမ်းများသည်ဟု ဆိုသည်။ 

အသက် ၂၃ နှစ်အရွယ် ကိုမင်းသိန်းထူးတစ်ယောက် အသင်းတွင် လုပ်အားပေးလုပ်လာသည်မှာ ၆ နှစ်ရှိပြီ ဖြစ်သည်။ “သူများကို ကူညီရင် ကျွန်တော်လည်း ကုသိုလ်ရတယ်။ အခုဆို ကားလည်း မောင်းတတ်ပြီ။ ကျွန်တော်က ဆင်းရဲတဲ့ မိသားစုက လာတာ။ မာဃမှာသာ လုပ်အားပေး မလုပ်ရင် ကားဆိုတာ ဘယ်တော့မှ မောင်းတတ်မှာ မဟုတ်ဘူး” ဟု သူက Frontier ကို ပြောသည်။ 

အချို့ လုပ်အားပေးများဆိုလျှင် ၎င်းတို့အိမ်ထက် မာဃရုံးတွင်သာ အနေများကြသည်။ 

“မာဃအသင်းက ကျွန်တော်ရဲ့ ဒုတိယအိမ် မဟုတ်ဘူး။ ပထမ ဦးစားပေးအိမ်ပါ” ဟု အသက် ၂၆ နှစ်အရွယ် စောသူရကြွယ်က ပြောသည်။ သူကလည်း လုပ်အားပေး လုပ်လာသည်မှာ ၆ နှစ်ရှိပြီ ဖြစ်သည်။ သူက ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်ပြီး ညနေ ၅ နာရီ ရုံးဆင်းပြီးနောက်ပိုင်း မာဃတွင် လာရောက်လုပ်အားပေးနေသည်။ 

“လူတွေက ဘာကြောင့် လုပ်အားပေးလုပ်လဲလို့ မေးကြတယ်။ ကျွန်တော်တို့ ကူညီတဲ့လူတွေက ဝမ်းနည်းနေတဲ့ လူတွေ။ သူတို့ကို တဖန်ပြန်လည် ပျော်ရွှင်လာစေချင်လို့ပါ” ဟု စောသူရကြွယ်က ပြောသည်။ 

ခေါင်းစီးဓာတ်ပုံ- မာဃအသင်းက လူနာတင်ယာဉ်နှင့် ကယ်ဆယ်ရေး၊ သွေးလှူဒါန်းခြင်း၊ သင်တန်းများ အခမဲ့ ဖွင့်လှစ်ပေးခြင်းနှင့် နာရေးကူညီမှုများကို ဆောင်ရွက်ပေးနေသည်။ ဓာတ်ပုံ- Eva Hirschi

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.