ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပုဂံပါဝင်လာရန် နီးစပ်နေပြီ

ကမ္ဘာ့အမွေအနှစ်စာရင်းတွင် မြန်မာနိုင်ငံ၏ ရှေးဟောင်းမြို့တော်ဖြစ်သည့် ပုဂံအား ထည့်သွင်းရန် အလွန်နီးစပ်နေပြီဟု ယူနက်စကို တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၆ ရက်နေ့တွင် ပြောကြားသည်။

ပုဂံဒေသတွင် ရှေးဟောင်းစေတီပုထိုး ၂,၀၀၀ ကျော်ရှိနေကာ မြန်မာနိုင်ငံ၏ ဘာသာရေးအရ အထွဋ္ဋ်အမြတ်ထားရာ ဒေသဖြစ်သလို ကမ္ဘာလှည့်ခရီးသွားများကို စွဲဆောင်ရာဒေသလည်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းနိုင်ရန် စစ်အစိုးရက ကြိုးစားခဲ့ဖူးသော်လည်း ထိုစဉ်က ရှေးဟောင်း စေတီပုထိုးများကို စနစ်မကျသည့် ပြင်ဆင်မှုများဆောင်ရွက်ခဲ့ခြင်းကြောင့် စာရင်းမသွင်းနိုင်ခဲ့ပေ။

ပြီးခဲ့သည့်လက လှုပ်သွားခဲ့သည့် ငလျင်ကြောင့် ထိုစဉ်က ပြုပြင်ထားသည့် စေတီပုထိုး အများအပြား ပြန်လည် ပျက်စီးခဲ့ရသည်။

ထို့ကြောင့် စေတီပုထိုးများကို မူလဒီဇိုင်းအတိုင်း မွမ်းမံထိန်းသိမ်းမှုများကို ပြန်လည် စတင်နိုင်မည်ဟု ယူနက်စကိုကပြောကြားသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ တန်ဖိုးအရှိဆုံး ယဉ်ကျေးမှုဒေသများကို ပြုစုထားသည့် စာရင်းတွင် ပုဂံဒေသ ပါဝင်လာနိုင်မည့် အခွင့်အရေး ပိုမိုရရှိလာမည်ဖြစ်သည်။

ပုဂံအား ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ၂၀၁၉ ခုနှစ်၌ ထည့်သွင်းဖွယ်ရှိသည်ကို “အခွင့်အရေးက တော်တော်နီးစပ်နေပါပြီ” ဟု ယူနက်စကို၏ ရန်ကုန်ရုံး အကြီးအကဲ Sardar Umar Alam ကပြောသည်။

“ကျွမ်းကျင်သူတွေ ကွင်းဆင်း ဆောင်ရွက်နေကြပါတယ်။ ဒီဒေသက စာရင်းဝင်ဖို့ အခြေအနေ ကောင်းတယ်ဆိုတာ သူ့တို့ ယုံကြည်ထားကြပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။

၂၀၁၉ ခုနှစ်တွင် စာရင်းဝင်ရေးအတွက် ရှည်လျားသည့် လျောက်ထားမှုအဆင့်များကို လာမည့်နှစ်တွင် စတင်ရန် စီစဉ်ထားသည်။

စစ်အစိုးရလက်ထက်က ပြင်ဆင်မှုများမှာ ခေတ်ပေါ် ပစ္စည်းများကိုသုံးပြီး အလျင်အမြန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ အချို့သော စေတီပုထိုးများ၏ မူလဒီဇိုင်းကို ပြောင်းလဲသွားစေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။

“သူတို့က အုတ်ခဲတွေ၊ သံချောင်းတွေသုံးပြီး သာမန်အဆောက်အအုံတွေကို ပြင်ဆင်သလို ပြင်ဆင်ခဲ့ကြပါတယ်။ ဒါက တကယ့်ကို ပြဿနာတွေ အမှန်တကယ် ဖြစ်စေပါတယ်” ဟု Alam က ပြောသည်။

ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရေးအတွက် လျောက်ထားနိုင်ရန်အတွက် ယူနက်စကို မြန်မာက မြန်မာအစိုးရကို ကူညီနေပြီး စေတီပုထိုးများ ပြင်ဆင်ရေးအတွက် နိုင်ငံတကာအဖွဲ့များနှင့်လည်း ပူးပေါင်း ညှိနှိုင်းပေးနေသည်။

ပထမအဆင့် ဦးစားပေး စေတီပုထိုး ၄၁ ဆူအား ပြုပြင်မွမ်းမံရေးလုပ်ငန်းသည် နှစ်နှစ်ခန့်ကြာမည်ဟု ခန့်မှန်းထားသည်။

ပျက်စီးသွားသည့် စေတီပုထိုး ၄၅၃ ဆူအား ပြင်ဆင်မွမ်းမံမှုမှာ အမေရိကန်ဒေါ်လာ ၁၂ သန်း ကုန်ကျဖွယ်ရှိသည်။

ပြည်မြို့အနီးရှိ ရှေးဟောင်းပျူမြို့တော်ကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ၂၀၁၄ ခုနှစ်က ထည့်သွင်းခဲ့သည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar