ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)သည် မကြာသေးမီက ထိုးစစ်ကြီးတစ်ရပ်ကို ဖော်ဆောင်ခဲ့ပြီး ကချင်ပြည်နယ်အတွင်း မြေရှားသတ္တုထွက်ရှိရာ ဒေသကြီးတစ်ခုလုံးကို သိမ်းပိုက်လိုက်သည်။ အမြတ်အစွန်းများသည့်တိုင် သဘာဝပတ်ဝန်းကျင်ကို လွန်စွာ ထိခိုက်ညစ်ညမ်းစေသည့် မြေရှားသတ္တုလုပ်ငန်းကို ကေအိုင်အိုက မည်သို့ စီမံခန့်ခွဲသွားမည် ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိပေ။
Emily Fishbein ၊ Jauman Naw ၊ Jaw Tu Hkawng နှင့် Hpan Ja Brang တို့ ပူးပေါင်းရေးသားသည်။
ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်စပ်ဒေသတစ်ခုတွင် ကမ္ဘာ့ကုန်ကြမ်းစျေးကွက်အတွက် အရေးပါသည့် မြေရှားသတ္တုတွင်းများရှိသည်။ သို့သော် တိုက်ပွဲများကြောင့် နယ်မြေအုပ်ချုပ်သူပြောင်းသွားပြီး တရုတ်နိုင်ငံက နယ်စပ်ဂိတ်များ ပိတ်ပင်သဖြင့်
လွန်ခဲ့သည့်လများတွင် မြေရှားသတ္တုတူးဖော်ရေးသည် လုံးဝနီးပါး ရပ်ဆိုင်းသွားသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)က စက်တင်ဘာတွင် အလွန်ပြင်းထန်သည့် ထိုးစစ်တစ်ရပ် ဆင်နွှဲခဲ့ရာ မြန်မာစစ်တပ်၏ လက်ဝေခံ နယ်ခြားစောင့်နှင့် ပြည်သူ့စစ် တစ်ဖွဲ့ထံမှ မြေရှားထွက်ရာ ထိုဒေသကြီးတစ်ခုလုံးကို သိမ်းပိုက်ခဲ့သည်။ ယခုတွင်မူ ဘဏ္ဍာရန်ပုံငွေ အမြောက်အမြား ရှာဖွေပေးနိုင်သည့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း၏ အနာဂတ်သည် မရေမရာသည့် အခြေအနေတွင် ရှိနေသည်။
လက်နက်များ၊ ဆဲလ်ဖုန်းများ၊ သံလိုက်များ၊ လျှပ်စစ်ကားများနှင့် လေအားလျှပ်စစ်ထုတ် တာဘိုင်စက်များအပါအဝင် စက်ပစ္စည်းအမျိုးအစား အများအပြား ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းအဖြစ် အသုံးပြုသည့် ဒြပ်စင်၁၇မျိုးကို စုပေါင်း၍ မြေရှားသတ္တုများဟု လူသိများသည်။
တရုတ်သည် ၁၉၉၀ပြည့်နှစ်များကတည်းက ကမ္ဘာပေါ်တွင် မြေရှားသတ္တုတင်ပို့မှုအများဆုံး နိုင်ငံဖြစ်ခဲ့သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူ့ကျန်းမာရေး ပြဿနာများကြောင့် ပြည်တွင်း မြေရှားသတ္တုတူးဖော်မှုကို ၂၀၁၀ပြည့်နှစ်ဝန်းကျင်တွင် စတင်ပိတ်ပင်ခဲ့သည်။ ထိုအချိန်မှစ၍ မြေရှားတူးဖော်သည့်လုပ်ငန်းများ မြန်မာပြည်သို့ အလုံးအရင်း ဝင်ရောက်လာပြီး အထိန်းအကွပ်မရှိ ဥပဒေမဲ့ စတင်တူးဖော်ကြတော့သည်။
ဤသို့ဖြင့် တရုတ်ကုမ္ပဏီများသည် မြန်မာပြည်တွင်း မြေရှားသတ္တုတူးဖော်သည့်ကဏ္ဍကို ကြီးစိုးလာကြသည်။ တူးဖော်ရရှိလာသည့် မြေရှားသတ္တုများကို သန့်စင်ရန် နယ်စပ်ဒေသမှတစ်ဆင့် ယူနန်ပြည်နယ်သို့ ဦးစွာတင်ပို့ပြီး တစ်ကမ္ဘာလုံးသို့ ဖြန့်ချိသည်။
တရုတ်ကုမ္ပဏီများသည် ပုံမှန်အားဖြင့် နှစ်နှစ်မှ သုံးနှစ်တာ ကာလအတွင်း တောင်တစ်လုံးလျှင် မြေရှားသတ္တု ကုန်တင်ယာဉ် အစီး၃၀မှ ၇၀စာအထိ တူးဖော်လေ့ရှိကြောင်း ပန်ဝါမြို့ခံ ဆိုင်းမြတ် (လုံခြုံရေးကြောင့် အမည်လွှဲထားသူ) က ဆိုသည်။ ၎င်းသည် တရုတ်-မြန်မာနယ်စပ်အနီးက ပန်ဝါမြို့ရှိ သတ္တုတူးဖော်ရေး စက်ယန္တရားများ ဝန်ဆောင်မှုပေးသည့် တရုတ်ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသည်။
မြေရှားသတ္တုကုန်တင်ယာဉ်တစ်စီးစာလျှင် တန်ကြေးအားဖြင့် တရုတ်ယွမ်ငွေ ၁၂ သန်း (မြန်မာငွေ ကျပ်၇ဒသမ၄ဘီလျံ) ဝန်းကျင် ရှိသည်ဟု ၎င်း၏ အလုပ်ရှင် တရုတ်လူမျိုးသူဌေးက သူ့အား ပြောလေ့ရှိကြောင်း ဆိုင်းမြတ်က ဆိုသည်။
“ကျနော်တို့ နေတဲ့နေရာကို သတ္တုသယ်တဲ့ကားတွေ ဖြတ်သွားတိုင်း ‘ကြည့်ထား ဒါငွေတွေပဲ… ငွေတင်ထားတဲ့ ကားတွေ တစ်စီးပြီးတစ်စီး ကြည့်စမ်း’ လို့ ပြောတတ်တယ်” ဟု ဆိုင်းမြတ်က ပြောသည်။
သို့သော် တိုက်ပွဲများစတင်ချိန်ကစ၍ သတ္တုသယ်ကားများ အသွားအလာမရှိတော့ဘဲ တူးဖော်ရေးလုပ်ငန်းများလည်း ရပ်တန့်သွားသည်ဟု ဆိုင်းမြတ်နှင့် အခြားသတင်းရင်းမြစ်များက ဖရွန်းတီးယားကို ပြောသည်။
တစ်ခန်းရပ်သွားတဲ့ မြေရှားတူးဖော်ရေး
မြန်မာပြည်တွင်း မြေရှားသတ္တုကို ယခင်က ကချင်အထူးဒေသ (၁) ဟု လူသိများသည့် ကချင်ပြည်နယ် အရှေ့မြောက်ဒေသတွင် အလွန်အကျွံတူးဖော်ကြသည်။ ပြီးခဲ့သည့်လမတိုင်မီအထိ ကချင်အထူးဒေသ (၁)ကို အသက်၉၀နီးပါးရှိပြီဖြစ်သည့် စစ်ဘုရင် ဇခုန်တိန့်ယိန်းဦးဆောင်သော နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တို့က အုပ်ချုပ်ခဲ့ပြီး ၎င်းသြဇာညောင်းသော နယ်မြေလည်း ဖြစ်သည်။
၎င်းဦးဆောင်သည့် ကချင်ဒီမိုကရေစီသစ်တပ်မတော် (အင်န်ဒီအေ-ကေ) သည် ၁၉၈၉တွင် ယခင်စစ်အစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခဲ့သည်။ အပြန်အလှန်အနေဖြင့် စစ်အစိုးရက ချီဖွေ၊ ဆော့လော်၊ ကန်ပိုက်တီ၊ ပန်ဝါနှင့် ဆဒုံးမြို့တို့ပါဝင်သော သယံဇာတကြွယ်ဝသည့် နယ်စပ်ဒေသကြီးတစ်ခုကို ထိန်းချုပ်ခွင့်ပေးခဲ့သည်။ ၂၀၀၉တွင် အင်န်ဒီအေ-ကေသည် မြန်မာနိုင်ငံတွင် စစ်တပ်လက်ဝေခံ နယ်ခြားစောင့်တပ်ဖွဲ့တစ်ခုအဖြစ် အသွင်ပြောင်းသည့် ပထမဆုံးသော အပစ်ရပ်အဖွဲ့ဖြစ်လာသည်။
ကချင်ပြည်နယ်တွင် အင်အားအကြီးဆုံး စစ်တပ်ဆန့်ကျင်ရေးအင်အားစုဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ/ကေအိုင်အို) က နိုဝင်ဘာ၂၀ရက်တွင် နယ်စပ်မြို့ ကန်ပိုက်တီကို သိမ်းပိုက်လိုက်ရာ ကချင်အထူးဒေသ(၁) တစ်ခုလုံး ၎င်း၏ လက်အောက်သို့ ကျရောက်သွားသည်။ ထိုသို့ သိမ်းပိုက်ပြီး တစ်ပတ်အကြာ ကေအိုင်အိုက အထူးဒေသ(၁)ကို ဖျက်သိမ်းကြောင်း ကြေညာသည်။ သို့ဖြစ်ရာ စစ်တပ်မဟာမိတ်နှင့် နယ်ခြားစောင့်တပ်ခေါင်းဆောင် ဇခုန်တိန့်ယိန်း၏ မြေရှားသတ္တုအပေါ် လက်ဝါးကြီးအုပ်မှုသည် အဆုံးသတ်သွားသည်။
ကေအိုင်အိုသည် ၎င်းထိန်းချုပ်ရာဒေသအချို့တွင် မြေရှားသတ္တုတူးဖော်ခွင့် ပေးထားသည့်တိုင် ကချင်ပြည်နယ်တွင် စစ်မျက်နှာပြင် အများအပြားဖွင့်ထားရသဖြင့် ရေရှည် စစ်သုံးစရိတ် လိုအပ်လျက်သည်။ မိမိတို့လက်ထဲ ပူပူနွေးနွေး ရောက်ရှိလာသည့် အဖိုးတန်သယံဇာတသိုက်ကြီးကို မည်သို့အသုံးချ၍ စီမံခန့်ခွဲမည်ဆိုသည်မှာ ကေအိုင်အိုအတွက် လက်တလော အဖြေမရှိသေးသည့် မေးခွန်းဖြစ်နေသည်။
ဇခုန်တိန့်ယိန်းသည် စစ်တပ်နှင့် ပလဲနံသင့်ဆက်ဆံရေးကြောင့် ၎င်းထိန်းချုပ်သော နယ်ခြားစောင့်တပ်သည် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ထင်တိုင်းကြဲခွင့်ရခဲ့သည်ဟု သယံဇာတရေးရာ ကျွမ်းကျင်သူ မက်သရူးလဖိုင်က ဆိုသည်။ ၎င်းသည် ၂၀၂၁မတိုင်ခင်က သယံဇာတအုပ်ချုပ်မှုနယ်ပယ်တွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု မြှင့်တင်ရေး အဓိက လုပ်ဆောင်သည့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်ခဲ့သည်။
“(စစ်တပ်က) သူတို့ကို ငွေရတဲ့ သယံဇာတထုတ်ယူခွင့်ပေးထားတဲ့အပြင် ဒေသအတွင်း ဘာပဲဖြစ်နေဖြစ်နေ မမြင်ချင်ယောင်ဆောင်ထားတာ။ တရုတ်ကလည်း အကျိုးအမြတ်ရနေတော့ ဘယ်သူမှ ဘာသံမှ မထွက်ရဲကြဘူးလေ” ဟု ၎င်းက ပြောသည်။
ဇခုန်တိန့်ယိန်းသည် ၎င်းနှင့် နီးစပ်သည့် ဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်း၍ ၁၉၉၀နှင့် ၂၀၀၀ပြည့်လွန်နှစ်များတွင် တရားမဝင် သစ်ခိုးထုတ်ပြီး အလွန်အမင်း ချမ်းသာကြွယ်ဝလာသည်။ ထို့နောက် မြေရှားသတ္တုလုပ်ငန်းများအတွက် လမ်းစပွင့်လာသည်။
“သိပ်မကြာဘူး ဒါက အကျိုးအမြတ်များတယ်ဆိုတာရယ် ဘာစည်းမျဥ်းစည်းကမ်းမှ လိုက်နာစရာမလိုဘူးဆိုတာရယ်ကို သိသွားကြတယ်။ ကမ္ဘာမှာကလည်း စွမ်းအင်နဲ့ ပတ်သက်တဲ့ အသွင်ကူးပြောင်းရေး ကာလဖြစ်နေတော့ ဇခုန်တိန့်ယိန်းက ပွပေါက်တိုးသွားတာပေါ့” ဟု မက်သရူးလဖိုင်က ပြောသည်။
မြေရှားသတ္တုတူးဖော်ရန် အလုပ်သမားများသည် တောင်များကို အပေါက်ဖောက်ရပြီး အက်ဆစ်များ လောင်းထည့်ရသည်။ ထိုမှတစ်ဆင့် ကျလာသည့် သတ္တုအနည်များကို ဓာတုကန်အတွင်းသို့ စိမ်ကာ စစ်ထုတ်ရသည်။ ထို့နောက် ရရှိလာသည့် မြေရှားသတ္တုများကို အခြောက်ခံ၍ ကျန်နေသည့် အစိုင်အခဲများကို မီးရှို့ကာ အိတ်နှင့်ထုပ်ပိုးပြီးနောက် တရုတ်ပြည်သို့ ကုန်တင်ကားကြီးများဖြင့် တင်ပို့ရသည်။
ထိုသို့စစ်ထုတ်မှုအတွင်း လုပ်ငန်းခွင်ဝင်သည့် အလုပ်သမားများ၏ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများ မည်သို့ရှိမည်ကိုမူ အသေအချာမသိရပေ။ အလုပ်သမားများသည် များသောအားဖြင့် ၎င်းတို့ကို အကာအကွယ်ပေးသည့် ဝတ်စုံနှင့် ကိရိယာအနည်းငယ်သာ ဝတ်ဆင်လေ့ရှိကြပြီး တစ်ခါတစ်ရံ ထိုပစ္စည်းများ လုံးဝ ဝတ်ဆင်ကြခြင်းမရှိပေ။
သို့သော် သောက်ရေသုံးရေများ ညစ်ညမ်းလာခြင်း၊ မြေဆီလွှာအရည်အသွေးညံ့ဖျင်းလာခြင်းနှင့် သစ်တောပြုန်းတီးခြင်းတို့သည် သိသာသော ဘေးထွက်ဆိုးကျိုးများဖြစ်ကြောင်း တိုကျိုမြို့ ဆိုဖီယာတက္ကသိုလ်ရှိ ကချင်သုတေသီ ဆင်ဝါးနော်က ဆိုသည်။ ၎င်းသည် မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများနှင့် သဘာဝသယံဇာတကြောင့် ဖြစ်ပေါ်သည့် ပဋိပက္ခများကို လေ့လာနေသူဖြစ်သည်။
“သဘာဝပတ်ဝန်းကျင်နဲ့ မြေဆီလွှာတွေက ပျက်စီးသွားပြီ။ ကုမ္ပဏီတွေမှာ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲတဲ့ စနစ်ကောင်းကောင်းမရှိဘူး။ သူတို့က အဆိပ်အတောက်ဖြစ်စေတဲ့ စွန့်ပစ်ပစ္စည်းတွေ အကုန်လုံးကို မြစ်ထဲ ဒီအတိုင်း သွန်ချလိုက်တာ။ သတ္တုတူးပြီးပြီဆိုရင် သူတို့က သဘာဝပတ်ဝန်းကျင် ပျက်စီးသွားတာကို ပြန်ကုစားဖို့ ဘာမှမလုပ်ဘဲ နောက်ထပ်နေရာသစ်တစ်ခုကို ပြောင်းတူးကြတာပဲ” ဟု ၎င်းက ပြောသည်။

၂၀၂၁အလွန်တွင် အရှိန်မြင့်လာ
၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ မှိုလိုပေါက် ပေါများလာသည်။ တရုတ်နိုင်ငံ အကောက်ခွန်ဌာနက ထုတ်ပြန်သည့် အချက်အလက်များအရ မြန်မာမှတရုတ်သို့ မြေရှားသတ္တုတင်သွင်းမှုသည် ၂၀၂၀က တန်ချိန် ၁၇,၄၀၀သာ ရှိခဲ့ရာမှ ၂၀၂၃တွင် တန်ချိန် ၄၀,၀၀၀ အထိ မြှင့်တက်သွားခဲ့သည်။ သို့သော် တရားမဝင်တူးဖော်သည့် လုပ်ငန်းများ၏ သဘောသဘာဝအတိုင်း ထိုကာလအတွင်း အမှန်တကယ် မြေရှားသတ္တုထွက်ရှိသည့် တန်ချိန်ပမာဏ အတိအကျကို မသိရှိရပေ။
ထိုကာလတစ်လျှောက်လုံးတွင် တစ်နိုင်ငံလုံး စစ်ပွဲနှင့် စီးပွားရေးကျပ်တည်းမှုအောက် ကျရောက်နေသော်လည်း အထူးဒေသ(၁)သည် အေးအေးချမ်းချမ်းပင်ရှိခဲ့သည်။ လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ချီဖွေမြို့ခံတစ်ယောက်က ကေအိုင်အေအဖွဲ့နှင့် ဇခုန်တိန့်ယိန်း၏ တပ်များသည် ကနဦးတွင် စစ်မက်ခင်းခြင်းထက် ငြိမ်းချမ်းစွာနေထိုင်ခြင်းက ပို၍အကျိုးများသည်ဟု ယူဆခဲ့ကြဟန် ရှိသည်ဟု ဆိုသည်။ အထူးသဖြင့် မြေရှားသတ္တုများကို နီးကပ်စွာတည်ရှိသည့် နှစ်ဘက်ထိန်းချုပ်ရာ နယ်မြေများတွင် တူးဖော်ခြင်း သို့မဟုတ် မိမိထိန်းချုပ်နယ်မြေအတွင်း ဖြတ်သန်းသွားလာသော မြေရှားသယ်ယာဉ်များကို အခွန်ကောက်ခံခြင်းဖြင့် စစ်ထက် ငြိမ်းချမ်းရေးက ပို၍အကျိုးဖြစ်ထွန်းသည်ဟု နှစ်ဘက်လုံးက ယူဆခဲ့ကြကြောင်း ၎င်းကဆိုသည်။
“ကျနော်ထင်တာကတော့ လက်နက်ကိုင်တပ်တွေအကုန်လုံးက မြေရှားသတ္တုကနေ အကျိုးအမြတ် ရအောင်လို့ အကုန်ပေါင်းလုပ်ကြတာ” ဟု အဆိုပါချီဖွေမြို့ခံက အထူးဒေသ(၁)တွင် တိုက်ပွဲများ မဖြစ်ပွားခင်အချိန်က ဖရွန်တီးယားသို့ ပြောကြားခဲ့သည်။
“သူတို့ဆီမှာ အပြန်အလှန်နားလည်မှုယူထားကြတာမျိုး ရှိကောင်းရှိလိမ့်မယ်” ဟု ၎င်းက ဆက်ပြောသည်။
ကေအိုင်အေအဖွဲ့က စစ်တပ်အပေါ် ထိုးစစ်အရှိန်မြှင့်တင်လိုက်သောအခါ ထိုဒေသတွင် တည်ရှိခဲ့သော ငြိမ်းချမ်းရေးသည် တစ်စစီ ယိုယွင်းလာခဲ့သည်ဟု ပန်ဝါဒေသခံ ဇေနော် (အမည်လွှဲ) က ပြောသည်။
၂၀၂၁နောက်ပိုင်း ကေအိုင်အေသည် စစ်တပ်ဆန့်ကျင်ရေး အဖွဲ့သစ်များကို စစ်သင်တန်းပေးသည့်အပြင် လက်နက်ထောက်ပံ့ခြင်းဖြင့် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ဦးဆောင်သည့် အခန်းကဏ္ဍက ပါဝင်ခဲ့သည်။ တစ်ဘက်ကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဆယ်စုနှစ်ပေါင်းများစွာ ဆင်နွှဲလာသည့် ကိုယ်ပိုင်တိုက်ပွဲကိုလည်း ကေအိုင်အေက အရှိန်မြှင့်တင်ခဲ့သည်။ မတ်လအတွင်း ၎င်း၏လက်ရင်းမဟာမိတ်ဖြစ်သည့် ကချင်ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်း၍ ထိုးစစ်အသစ်များ ဆင်နွှဲခဲ့သည်။
“စစ်ဆင်ရေးက ကချင်ပြည်နယ်ထဲမှာ ကျယ်ပြန့်လာတယ်။ တချိန်တည်းမှာပဲ ကေအိုင်အေကလည်း တခြားသူတွေကို လက်တွဲခေါ်တယ်” ဟု ဇေနောက ပြောသည်။
“အခု သူတို့ ငွေလိုနေတယ် ဆိုတာအသိသာကြီးပဲလေ။ မြန်မြန်ရလေကောင်းလေဆိုတော့ ကချင်အထူးဒေသ (၁) က သူတို့ အမြန်ဆုံး ငွေရှာလို့ရတဲ့ တစ်ခုတည်းသောနေရာဖြစ်နေတာ”
ကချင်အထူးဒေသ(၁) ကို စတင်ထိုးစစ်ဆင်သည့် စက်တင်ဘာမတိုင်မီ လများစွာကတည်းကပင် ကေအိုင်အေသည် ထိုဒေသနှင့် ဆက်စပ်နေသည့် နေရာအများအပြားကို တဖြည်းဖြည်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုသို့ သိမ်းပိုက်မှုများအနက် ဆဒုံးမြို့နှင့် အနီးတစ်ဝိုက်ရှိ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် စခန်းများကို ဦးတည်သည့် ထိုးစစ်များလည်းပါဝင်သည်။
အဆိုပါထိုးစစ်များကြောင့် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များသည် “အကာအကွယ်မဲ့သည့် သဲသောင်ပြင်တွင်” ပိတ်မိခံခဲ့ရသကဲ့သို့ ဖြစ်သွားကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု၏ မြန်မာ့ရေးရာညွှန်ကြားရေးမှူး ဂျေဆင်တာဝါက ပြောသည်။
“ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်ခံလိုက်ရတော့ တိန့်ယိန်းအနေနဲ့ မြန်မာစစ်တပ်ဆီကနေ ဘာအကူအညီမှ မရတော့ဘူးဆိုတာ အတော်လေးသေချာသွားပြီ” ဟု ၎င်းက ပြောသည်။ေ
အထူးဒေသကို ထိုးစစ်ဆင်ပြီး တစ်လအကြာ အောက်တိုဘာတွင် ကေအိုင်အေဦးဆောင်သည့် မဟာမိတ်ပူးပေါင်းတပ်များက ချီဖွေနှင့် ဆော့လော် မြို့များကို သိမ်းပိုက်နိုင်ခဲ့သည်။ အောက်တိုဘာ၁၇ရက်တွင် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်များ၏ ဌာနချုပ်ရှိရာ ပန်ဝါမြို့ကို ထပ်မံသိမ်းပိုက်သည်။
“ကေအိုင်အေ ဝင်လာတော့ ပြည်သူ့စစ် တော်တော်များများ လန့်ဖြန့်ပြီး လက်နက်စွန့်တဲ့သူကစွန့်၊ ယူနီဖောင်းလဲသူကလဲနဲ့ နယ်စပ်က အရပ်သားတွေနဲ့အတူ ရောနှောပြီး ထွက်ပြေးကြကုန်တယ်” ဟု ဆိုင်းမြတ်က ပြောသည်။
ဒေသခံများ ရိုက်ကူး၍ လူမှုကွန်ရက်တွင် ပြန်လည်ဖြန့်ချိသည့် ရုပ်သံများအရ ထောင်နှင့်ချီသော ဒေသခံများသည် ပန်ဝါမြို့အနီးက သံဆူးကြိုးကာထားသည့် နယ်စပ်မျဉ်းအနီးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ကို တွေ့ရှိရသည်။ ထိုသံဆူးကြိုးများကို တရုတ်အစိုးရက ကိုဗစ်ကာလအတွင်း တပ်ဆင်ခဲ့သည်။
ထိုစဉ် ပန်ဝါမြို့မြောက်ဘက်ရှိ ဖီမော်နယ်စပ်ဂိတ်ကိုဖြတ်၍ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ယာယီဖြတ်သန်းသွားလာခွင့်ကတ်ပြားရရှိခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ သို့သော် ပန်ဝါမြို့ခံအများစုကိုမူ တရုတ်အစိုးရက နယ်စပ်ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့သည်။
“တရုတ်ရဲ့ချဥ်းကပ်ပုံကကျတော့ နယ်စပ်ကိုပိတ်ချလိုက်ပြီး တရုတ်ဘက်ကို (မြန်မာဘက်က) မတည်မငြိမ်မှုကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေ သူ့ဆီရောက်မလာအောင် တားဆီးဖို့ပါပဲ” ဟု တာဝါက ပြောသည်။
သို့သော် ကေအိုင်အေဦးဆောင်သည့် ပူးပေါင်းတပ်များက အောက်တိုဘာ၁၈ရက်တွင် ပန်ဝါမြို့ကို လွယ်လင့်တကူ သိမ်းပိုက်လိုက်သဖြင့် မြို့ခံများ လူသားချင်းစာနာမှုအကျပ်အတည်းတစ်ရပ် ကြုံတွေ့ရမည့်ဘေးမှ ကင်းဝေးသွားသည်။
ဇခုန်တိန့်ယိန်း၊ သူ၏နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ခေါင်းဆောင်များသည် ကေအိုင်အေ ထိုးစစ် မစတင်မီကပင် တရုတ်နိုင်ငံသို့ တိမ်းရှောင်သွားကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။ အချို့သတင်းရင်းမြစ်များကမူ ၎င်းသည် စစ်တပ်ထိန်းချုပ်သည့် နေရာတစ်ခုခုသို့ ကြိုတင် တိမ်းရှောင်သွားသည်ဟု ယူဆကြောင်း ဆိုသည်။ ဖရွန်တီးယားကမူ ထိုသို့ ထင်ကြေးပေး ပြောဆိုမှုများ မှန်၊ မမှန်ကို အတည်မပြုနိုင်ပေ။
နယ်စပ်ဂိတ်များကို ပိတ်လိုက်ခြင်း
နောက် သီတင်းတစ်ပတ်အကြာတွင် တရုတ်က ကချင်ပြည်နယ်အတွင်း ကေအိုင်အိုထိန်းချုပ်ရာ နယ်မြေများရှိ နယ်စပ်ဂိတ်ခြောက်ခုကို ပိတ်ပင်လိုက်သည်။
ထိုးစစ်များရပ်တန့်ရန် တရုတ်က ကေအိုင်အေကို ဖိအားပေးသည့်အနေဖြင့် ပိတ်ပင်ခြင်းဖြစ်သည်ဟု တာဝါက ယူဆသည်။ တရုတ်သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချို့ကို ဖိအားပေးသည့်အနေဖြင့် ၎င်းတို့ထိန်းချုပ်ရာဒေသများရှိ နယ်စပ်ဂိတ်များကိုလည်း အလားတူ ပိတ်ဆို့ခဲ့သည်။ ထိုလက်နက်ကိုင်တပ်ဖွဲ့များသည် တစ်နှစ်ကျော်ကြာမြင့်သည့် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ပြီး ရှမ်းမြောက်ရှိ အရေးပါသည့် စစ်စခန်းနှင့် မြို့ရွာအများအပြားကို သိမ်းပိုက်ထားသည်။
“တရုတ်က မြန်မာစစ်တပ် အကျမနာအောင် ကူညီပေးတဲ့သဘောပါပဲ” ဟု တာဝါက ပြောသည်။
နယ်စပ်ဂိတ်များကို ပိတ်ပင်မှုက ကြီးမားသော အကျိုးဆက်များ ဖြစ်ပေါ်စေခဲ့သည်။ မြို့တော်မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်တစ်ဝန်း အစားအသောက်၊ စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်ခဲ့သည်ဟု Kachin News Group သတင်းဌာနက ဖော်ပြခဲ့သည်။
မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများလည်း ရပ်တန့်သွားသည်။ “ကုမ္ပဏီတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေက တရုတ်ဘက်က မဝင်တော့ဘူး… ဒါကြောင့် လုပ်ငန်းဆက်လည်ပတ်နိုင်တဲ့ မြေရှားသတ္တုတူးဖော်ရေးခွင်က မရှိသလောက်ကို ဖြစ်သွားတာ” ဟု ယခင်က ပန်ဝါမြို့အနီးရှိ လုပ်ကွက်တစ်ခုတွင် အလုပ်လုပ်ခဲ့ဖူးသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အဆိုပါသတင်းရင်းမြစ်ကိုယ်တိုင်ပင် စက်တင်ဘာတွင် အခြား လုပ်ဖော်ကိုင်ဖက် ၂၀ဦးခန့်နှင့်အတူ ကေအိုင်အေထဲသို့ ဝင်ရောက်စစ်မှုထမ်းခဲ့သူဖြစ်သည်။
“ကေအိုင်အေက ဆိုက်မန်နေဂျာကို (လူသစ်စုပေးဖို့)လာပြောတော့ ကျနော်တို့က လိုက်သွားပေးရတယ်” ဟု ၎င်းက ပြောသည်။ ကေအိုင်အေတွင် ၎င်းထမ်းဆောင်ရသည့် တာဝန်များတွင် ချက်ပြုတ်ရေး၊ သုံ့ပန်းများကို စောင့်ကြည့်ရခြင်းနှင့် ခဲယမ်းမီးကျောက်များကို သယ်ယူပေးရခြင်းတို့ပါဝင်ပြီး ထိုအတွက် တစ်လလျှင် ယွမ် ၁၀၀ (မြန်မာငွေ ကျပ်၆၀,၀၀၀ခန့်) ရရှိသည်။
သုံးလ တာဝန်ထမ်းဆောင်ပြီးလျှင် မြေရှားသတ္တုတူးဖော်သည့် ကုမ္ပဏီတစ်ခုခုမှာပင် အလုပ်ပြန်လုပ်မည်ဟု စဉ်းစားထားကြောင်း၊ မကြာခင် ထိုလုပ်ငန်းများ ပြန်လည်ခေါင်းထောင် လာမည်ဟု ၎င်းက မျှော်လင့်နေသည်။ “မတူးရသေးတဲ့ တောင်တွေအများကြီး ကျန်နေသေးတယ်။ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်တာနဲ့ သူတို့ကတော့ ပြန်တူးကြမှာပဲ” ဟု ၎င်းက ပြောသည်။

အကျိုးတူ ပူးပေါင်းခြင်း
အကယ်၍ သတ္တုတူးဖော်မှုများ ပြန်လည်စတင်ခဲ့ပါက ယခင်ကနှင့် များစွာ ကွာခြားသွားနိုင်သည်။
ကချင်ပြည်နယ်တွင်း မြေရှားသတ္တုတူးသည့် ကုမ္ပဏီများသည် ယေဘုယျအားဖြင့် တရုတ် ရင်းနှီးမြှုပ်နှံသူများအတွက် အမည်ခံလုပ်ငန်းများအဖြစ် တူးဖော်သလို ၎င်းတို့နှင့် အကျိုးတူပူးပေါင်းပြီးလည်း တူးဖော်သည်ဟု သံယဇာတရေးရာ ကျွမ်းကျင်သူ ကချင်သုတေသီ ဆိုင်းခွန်က ပြောသည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စု မွန်တားနားပြည်နယ်တက္ကသိုလ်တွင် အရေးပါသော တွင်းထွက်သယံဇာတများ၏ နိုင်ငံရေးဂေဟစနစ်ကို လေ့လာနေသည့် သုတေသီတစ်ဦး ဖြစ်သည်။
“တရုတ်တွေက သတ္တုတူးတဲ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျ ဝင်ပါတယ်။ ဒေသခံ ပြည်သူ့စစ်တွေကျတော့ ကြားခံလက်သည်တွေပဲ။ ရင်းနှီးမြုပ်နှံမှုအများစုနဲ့ နည်းပညာတွေကအစ အကုန်လုံးက တရုတ်ကနေပဲ လာတာ” ဟု သူက ပြောသည်။
ကချင်ပြည်နယ်အတွင်း ၎င်းထိန်းချုပ်ရာဒေသရှိ အဖိုးတန်မြေရှားသယံဇာတ တူးဖော်ရေး လုပ်ငန်းများကို အသုံးချပြီး စီးပွားရေးနှင့် နိုင်ငံရေးအရ အမြတ်ထွက်အောင်လုပ်နိုင်သည့် အကောင်းဆုံးအခြေအနေတစ်ရပ် ကေအိုင်အိုက ပိုင်ဆိုင်ထားသည်ဟု ၎င်းက ယူဆသည်။
မြေရှားသတ္တုများကို အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံများက “အတိမ်းအစောင်းမခံရလောက်အောင် အရေးပါသည့် တွင်းထွက်ပစ္စည်း” အဖြစ်သတ်မှတ်ထားသည်။ ဆိုလိုသည်မှာ မြေရှားသတ္တုသည် အဆိုပါနိုင်ငံများ၏ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးအတွက် လွန်စွာအရေးပါသည့် ကုန်ကြမ်းများဖြစ်ပြီး ကုန်ကြမ်းစဉ်ဆက်မပြတ်ရရှိရေးအတွက် ကြိုးပမ်းရာတွင် ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် အနှောက်အယှက်၊ အဟန့်အတားရှိနိုင်သည့် ကုန်စည်အမျိုးအစား ဖြစ်သည်။
ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည့် တရုတ်လုပ်ငန်းရှင်များက ကေအိုင်အိုနှင့် မည်သည့်အတိုင်းအတာအထိ ဆက်လက်ပူးပေါင်းသွားမည်ကို မသိရှိရသော်လည်း ဤကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်အသစ်များ ဒုနှင့်ဒေး ရှိနိုင်သည်ဟု တာဝါက သုံးသပ်သည်။
“ကေအိုင်အေနဲ့ တရုတ်ကြားကဆက်ဆံရေးက အတော်လေးကွဲပြားတဲ့ပုံစံရှိတယ်။ အဲဒါကလည်း (ကေအိုင်အေအတွက်) အခွင့်အရေးတစ်ခု ဖြစ်သွားနိုင်တယ်။ တရုတ်ဘက်က ချမ်းသာပြီး ပေါက်ပေါက်ရောက်ရောက်ရှိတဲ့ အထက်တန်းလွှာ ဂျိမ်းဖောခရိုနီတွေက ဝင်လာပြီး ပွဲစားလုပ်တာမျိုးရော ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းတွေလည်းရှိတယ်” ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ကချင်တိုင်းရင်းသားမျိုးနွယ်ဝင် သောင်းနှင့်ချီနေထိုင်ပြီး ၎င်းတို့ကို ဂျိမ်းဖောလူမျိုးဟု တရားဝင်အသိအမှတ်ပြုထားသည်။
ကချင်ပြည်နယ်အတွင်းက မြေရှားသတ္တုကဏ္ဍတွင် ပါဝင်လာဖွယ်ရှိသည့် နောက်ထပ်အဖွဲ့အစည်း တစ်ခုမှာ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဖြစ်သည်။ ဝတပ်ဖွဲ့သည် ဖားကန့်ဒေသတွင် နှစ်စဉ် ဒေါ်လာဘီလျံနှင့်ချီ ဝင်ငွေရသည့် ကျောက်စိမ်းတူးဖော်သည့် လုပ်ငန်းများလည်း ပိုင်ဆိုင်ထားသည်။ ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်နှင့် ဖရွန်တီးယား၏ ဆက်သွယ်မေးမြန်းမှုများအရ မံစီမြို့နယ်နှင့် ချီဖွေမြို့နယ်ရှိ ဖရဲဒေသရှိ ကေအိုင်အိုထိန်းချုပ်သည့် မြေရှားသတ္တုလုပ်ငန်းများတွင် ဝလူမျိုးပိုင် ကုမ္ပဏီတစ်ခု ပါဝင်နေသည်။ သို့သော် ထိုဝကုမ္ပဏီနှင့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အကြားက ဆက်နွှယ်မှုကို ရှင်းရှင်းလင်းလင်း မသိရပေ။
၂၀၂၁ စစ်အာဏာသိမ်းမှုအလွန်တွင် မည်သည့်ဘက်ကမျှ မရပ်တည်ဘဲ ကြားနေဝါဒဆွဲကိုင်မည်ဟု ကြွေးကြော်ထားသည့် ဝတပ်ဖွဲ့ကို စစ်တပ်ဆန့်ကျင်ရေးအင်အားစုများနှင့် အဆက်အသွယ် လုံးဝ မလုပ်ရန် တရုတ်က အကြီးအကျယ် ဖိအားပေးထားသည်။ သို့ဖြစ်ရာ စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် နက်နက်ရှိုင်းရှိုင်းပါဝင်နေသည့် ကေအိုင်အိုအဖွဲ့ ထိန်းချုပ်ရာနယ်မြေရှိ မြေရှားသတ္တုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလိုပါက ဝတပ်ဖွဲ့အနေဖြင့် တရုတ်၏ ငြိုငြင်မှုခံရဖွယ်ရှိသည်ကို သတိပြုသင့်ကြောင်း တာဝါက သုံးသပ်သည်။
မြေရှားလုပ်ငန်း၏ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုကိုလည်း မေ့ထား၍မရပေ။ “ဒီသတ္တုတွင်းတွေက ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးနဲ့ အညစ်ညမ်းဆုံး မိုင်းတွင်းတွေဖြစ်တယ်။ ဒီတော့ ကေအိုင်အေကရော ဒါကို ဆက်လုပ်ချင်ပါ့မလား” ဟု တာဝါက မေးခွန်းထုတ်သည်။
သဘာဝပတ်ဝန်းကျင်အရေး ကေအိုင်အို၏ သဘောထားမှာ ရောထွေးနေသည်။ ယမန်နှစ်၊ ဧပြီတွင် ပြည်သူများ၏ အပြင်းအထန် ကန့်ကွက်မှုကြောင့် မန်စီမြို့နယ်၊ အင်ဘာပါဒေသတွင် သတ္တုတူးဖော်မည့် အစီအစဉ်များကို ကေအိုင်အိုက ဖျက်သိမ်းခဲ့သည်။ သို့သော် ယခုနှစ်၊ ဖေဖော်ဝါရီတွင် ဖရဲဒေသရှိ မြေရှားသတ္တုတွင်းများ ပိတ်သိမ်းရန် ဒေသခံများက ဆန္ဒပြသောအခါ ကေအိုင်အေက မိုင်းခွဲခြောက်လှန့်သည့်အပြင် ဆန္ဒပြသူ ၄၀ဦးခန့်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
အကယ်၍သာ ကေအိုင်အိုက သဘာဝပတ်ဝန်းကျင်အရေး အလေးပေး၍ မြေရှားသတ္တုလုပ်ငန်းများကို မှန်ကန်သည့် လုပ်ထုံးလုပ်နည်းများဖြင့် တင်းတင်းကျပ်ကျပ် ထိန်းချုပ်လာလျှင် တရုတ်ကုမ္ပဏီများ၏
သယံဇာတတူးဖော်သည့် နည်းလမ်းများ ပြောင်းလဲသွားဖွယ်ရှိသည်။ ထို့ပြင် ထောက်ပံ့ရေးကွင်းဆက် တစ်ခုလုံးတွင်လည်း အပိုကုန်ကျစရိတ်များ မြင့်တက်လာဖွယ်ရှိသည်ဟု ဂျေဆင်တာဝါက သုံးသပ်သည်။ ထိုအခြေအနေရောက်လာပါက တရုတ်ကုမ္ပဏီများသည် မြေရှားသတ္တုထွက်ရှိသည့် အခြားဒေသများသို့ ခြေဦးလှည့်သွားဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။
“တစ်ဘက်မှာကလည်း မြေရှားကို နည်းမှန်လမ်းမှန်နဲ့ တူးပြီး အကာအကွယ်ပေးတဲ့ အစီအစဉ်တွေ စလုပ်မှပဲ ဒီလုပ်ငန်းက ရေရှည်တည်တံ့မှာဖြစ်တယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
သမိုင်းစာမျက်နှာသစ်
ကေအိုင်အေ၏ ထိုးစစ်အောက်တွင် ရှုမလှရှုံးနိမ့်ခဲ့သည့် ဇခုန်တိန့်ယိန်း၏ တပ်များ အချိန်တိုအတွင်း ပြန်လည်နာလန်ထူနိုင်ဦးမည်မဟုတ်ကြောင်း ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ မန်ရှန်ယော်ဘောမ်က သုံးသပ်သည်။ “သူတို့ရဲ့ အခန်းကဏ္ဍက ပြီးသွားပြီ။ အခု ကေအိုင်အို ထိန်းချုပ်မှုအောက်မှာရှိမယ့် သမိုင်းစာမျက်နှာသစ်က စပြီ” ဟု ၎င်းက ပြောသည်။
စည်းလွတ်ဘောင်လွတ်တူးခဲ့သဖြင့် အမှိုက်ပုံကြီးလိုဖြစ်နေသည့် မြေရှားသတ္တုတူးဖော်ရေးကဏ္ဍ တစ်ခုလုံးကို ရှင်းလင်းပြီး စနစ်တကျဖြစ်စေရန် စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းသင့်ကြောင်း မန်ရှန်ယော်ဘောမ်က ကေအိုင်အိုအား တိုက်တွန်းသည်။
“ကေအိုင်အိုအနေနဲ့ သူတို့ဟာ ဇခုန်တိန့်ယိန်း၊ စစ်တပ်တို့နဲ့ တခြားစီပဲဆိုတာကို ပြသဖို့လိုတယ်။ ဒါ့ပြင် ကေအိုင်အိုဟာ သယံဇာတအရင်းအမြစ်တွေကို တာဝန်ယူမှုရှိရှိ စီမံခန့်ခွဲတယ်ဆိုတာရယ် ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိစေရမယ်ဆိုတာကို သက်သေပြဖို့လိုတယ်” ဟု ၎င်းက ပြောသည်။
ရှေ့လျှောက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ၏ အတိမ်အနက်ကို ကေအိုင်အိုက ကောင်းမွန်စွာ သိရှိနားလည်ထားသည်။ လက်ရှိတွင် သယံဇာတနှင့်ပတ်သက်သည့် မူဝါဒတစ်ရပ် ချမှတ်နိုင်ရန် ကြိုးပမ်းနေသဖြင့် ၎င်းတို့မကြာသေးမီက သိမ်းပိုက်ထားသည့် နယ်မြေများတွင် မြေရှားသတ္တု တူးဖော်သည့် လုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားသည်ဟု ကေအိုင်အိုပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက နိုဝင်ဘာ၂၉ရက်တွင် ဖရွန်တီးယားကို ပြောသည်။
“ဒီမူဝါဒမှာ ဒေသတွင်း ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်မယ်ဆိုတာရယ်၊ သယံဇာတတွေကို ဘယ်လို ထုတ်ယူမယ်ဆိုတာရယ်နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို ဘယ်လိုဆက်ပြီး လည်ပတ်အောင် သို့မဟုတ် ဘယ်လိုစည်းမျဥ်းတွေနဲ့ ထိန်းသိမ်းသွားမယ်ဆိုတာကို ပုံဖော်ပေးပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။
“ဒီမူဝါဒထဲမှာ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအစီအမံတွေအပြင် လမ်းတွေ၊ အခြေခံ အဆောက်အအုံတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေနဲ့ပတ်သက်ပြီးလည်း သေချာပေါက် ပါဝင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ကေအိုင်အိုက သိမ်းပိုက်ထားသည့် (ယခင်အထူးဒေသ-၁) နယ်မြေရှိ မြေရှားသတ္တုလုပ်ငန်းများ၏ အနာဂတ်နှင့်ပတ်သက်၍ ကချင်လွတ်လပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကမူ လက်တလော “စီမံကိန်းချထားတာတော့မရှိသေး” ဟု ဘီဘီစီမြန်မာပိုင်းနှင့် နိုဝင်ဘာ၁၈ရက်တွင် ပြုလုပ်သည့် အင်တာဗျူးတွင် ဖြေဆိုသည်။ ထိုကောင်စီသည် ကေအိုင်အို၏ အကြံပေးအဖွဲ့အစည်း ဖြစ်သည်။
“ဒါပေမဲ့ ဒီတွင်းထွက် သယံဇာတကို ကောင်းမွန်တဲ့ ထိန်းသိမ်းရေးစနစ်တွေနဲ့ အများအကျိုးရှိအောင် စနစ်တကျလုပ်နိုင်မယ်ဆို လုပ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် မကြာသေးမီက တွေ့ဆုံမှု သုံးကြိမ်အတွင်း တရုတ်အာဏာပိုင်များက ကေအိုင်အိုကို သတ္တုတူးဖော်ရေးနှင့်ပတ်သက်၍ နည်းပညာအကူအညီပေးနိုင်ကြောင်း ကမ်းလှမ်းခဲ့သည်ဟု ၎င်းကဆိုသည်။ သို့သော် ကေအိုင်အိုက ဆက်လက်ဆွေးနွေးနိုင်သည့် အခြေအနေသို့ မရောက်ရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။
သဘာဝသယံဇာတကို မှန်ကန်သော လုပ်ထုံးလုပ်နည်းများပြဋ္ဌာန်းပြီး စနစ်တကျ တရားဝင်စီမံခန့်ခွဲပါမည်ဟု ကေအိုင်အိုက ယခုကဲ့သို့ ကတိပြုသည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ ကေအိုင်အိုအဖွဲ့သည် စတင်တည်ထောင်ခဲ့သည့် ၁၉၆၀ပြည့်နှစ်များကတည်းက သဘာဝသယံဇာတကို ဘဏ္ဍာရေးအတွက် အားကိုးခဲ့သည်။
၂၀၂၁ အာဏာသိမ်းမှုမတိုင်မီ နှစ်များတွင် ကေအိုင်အိုက ကချင်ပြည်သူလူထုနှင့် သယံဇာတအုပ်ချုပ်မှု မူဝါဒဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်။ မူဝါဒအခိုင်အမာတည်ဆောက်ရန် ကေအိုင်အိုအပေါ် အများပြည်သူထံမှ ဖိအားရှိလင့်ကစား ထိုလုပ်ငန်းစဉ်သည် ရပ်တန့်သွားခဲ့သည်။
ဆိုင်းခွန်ကမူ ကေအိုင်အိုသည် စစ်တပ်နှင့် ယခင်က အပစ်အခတ်ရပ်စဲခဲ့သည့် ၁၉၉၄မှ ၂၀၁၁ ကာလအတွင်း အတိတ်ဖြစ်စဉ်များမှ သင်ခန်းစာယူသင့်သည်ဟု ဆိုသည်။ ထိုကာလအတွင်း စစ်တပ်နှင့် အပစ်ရပ်ပြီး ကချင်ပြည်နယ်တစ်ဝန်း သစ်ခုတ်မှုနှင့် ကျောက်စိမ်းတူဖော်မှု အကြီးအကျယ် မြင့်တက်ခဲ့ပြီး အကျိုးဆက်အဖြစ် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခဲ့သည့်အပြင် ကချင်ရှိ လူ့အသိုင်းအဝိုင်းများလည်း ဘေးထွက်ဆိုးကျိုးများ ခံစားခဲ့ရသည်။
”ဒီအပစ်ရပ်ကာလအတွင်း ကေအိုင်အိုရဲ့ သယံဇာတ စီမံခန့်ခွဲမှုအမှားတွေကြောင့် လူထုအတွက် လက်ဆုပ်လက်ကိုင်ပြစရာ ဘာအကျိုးအမြတ်မှ မရှိခဲ့ဘူး။ ခုက မြေရှားသတ္တုတွင်းတွေ ရလိုက်ပြီဆိုတော့ ဒါမျိုးထပ်အဖြစ်ခံလို့မရဘူး” ဟု ဆိုင်းခွန်က ပြောသည်။ ငွေကြေး အကျိုးအမြတ် တစ်ခုတည်းကိုသာမကြည့်ဘဲ ရေရှည်တွင် ဖြစ်ပေါ်လာနိုင်သည့် ရိုက်ခတ်မှုများကိုပါ အမြော်အမြင်ရှိရှိ စီမံခန့်ခွဲရန် သူက ကေအိုင်အိုကို တိုက်တွန်းသည်။
“ကျနော်တို့ ဒေသကို တရုတ်နဲ့ တခြားသူတွေရဲ့ အမှိုက်ပုံ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်ကို စတေးခံနေရာတစ်ခု အဖြစ်မခံဖို့ အရေးကြီးတယ်။ အထူးသဖြင့် တရုတ်ကိုယ်၌က သူ့နိုင်ငံထဲ သဘာဝပတ်ဝန်းကျင် အရမ်းထိခိုက်တဲ့ မြေရှားသတ္တုတူးဖော်ရေးကို တားမြစ်ထားတဲ့အချိန်မျိုးမှာ ဒါအရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
“ကေအိုင်အိုအနေနဲ့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး အဖွဲ့အစည်းရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ ရရှိအောင် ကြိုးပမ်းသင့်သလို သဘာဝသယံဇာတကို ရေရှည်တည်တံ့အောင် စီမံခန့်ခွဲခြင်းအားဖြင့် ဒေသခံလူထုနဲ့ အနာဂတ်မျိုးဆက်တွေရဲ့ အကျိုးကိုရှေးရှုလိမ့်မယ်လို့ မျှော်လင့်ပါတယ်”