အလဲဗင်းမီဒီယာရဲ့တိုက်ပွဲတွေ

အလဲဗင်းမီဒီယာဟာ လူရှိန်လောက်တဲ့ သတင်းအစီရင်ခံမှုတွေနဲ့ သူ့အပေါ် ဝေဖန်သူတွေအပေါ် ရန်လိုတဲ့ တုံ့ပြန်မှုတွေရှိတယ်လို့ ကျော်ကြားနေတာ ကြာပါပြီ။ အခုတော့ ဘွင်းဘွင်းပြောတတ်တဲ့ အလဲဗင်းစီအီးအိုဟာ သူ့ကို ထောင်ချမယ့် အခြေအနေကနေ ပြန်လွတ်နိုင်မလား။

ရှောင် ဂလေဆင် ရေးသားသည်။

ဒေါက်တာသန်းထွဋ်အောင်ကို အမျိုးမျိုးခေါ်ဆိုကြတယ်။ ဒါပေမဲ့ အဲဒီထဲမှာ သူရဲဘောကြောင်သူဆိုတာတော့ မပါပါဘူး။ သူ့ကို တိုက်ခိုက်မှုတစ်ခုကနေ နောက်ပြန်ဆုတ်မယ့် သူလို့ ဘယ်သူကမှ မပြောနိုင်ပါဘူး။ ဟိတ်ဟန်အပြည့်ရှိတဲ့ အလဲဗင်းတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဟာ ရှိန်လောက်တဲ့ ဟန်ပန်နဲ့ ခြစားမှုကို ဝေဖန်တိုက်ခိုက်တတ်တယ်လို့ ကျော်ကြားတဲ့ အင်ပါယာ(မီဒီယာ) တစ်ခုကို တည်ထောင်ထားပါတယ်။

ဒါတွေကြောင့်လည်း သူ့မှာ ဖြုံလောက်တဲ့ ရန်သူစာရင်းကို ပြုစုထားတာပါ။

မကြာသေးခင်နှစ်တွေအတွင်းကတော့ သူ့ရဲ့ ထုတ်ဝေမှုတွေက တရားစွဲဆိုခံရမှု အများအပြား ရှိခဲ့ပါတယ်။ သူကလည်း သူ့အပေါ် ဝေဖန်သူအများအပြားကို တရားစွဲထားပါပဲ။ မနှစ်ကတော့ သူ့ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ကြတယ်လို့ သူကဆိုပါတယ်။

နိုင်ငံရဲ့ သြဇာအာဏာအကြီးဆုံးလူတချို့နဲ့ ရန်သူဖြစ်လာစေဦးတော့ အလဲဗင်းဟာ ထိပ်တိုက်တိုးစေတဲ့ သတင်းတင်ဆက်မှုအပေါ် ဘယ်တော့မှ မတုံ့ဆိုင်းခဲ့ပါဘူး။ ဝန်ကြီးဟောင်းတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ တခြားဂျာနယ်လစ်တွေနဲ့ စစ်တပ်လိုဟာမျိုးတွေကိုတောင် အလဲဗင်းရဲ့ စာမျက်နှာတွေပေါ်မှာ တရစပ် ဝေဖန်ခံခဲ့ကြရပါတယ်။ ရံဖန်ရံခါတော့ သူကိုယ်တိုင်လည်း ခပ်ရှည်ရှည်ရေးပြီး ဝေဖန်လေ့ရှိပါတယ်။

ရံဖန်ရံခါမှာလည်း “ပြောပြချင်ပါတယ်”ဆိုတဲ့ သူ့ရဲ့ အာဘော်စီးရီးတွေဟာ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုအပေါ် အကဲဖြတ် ခွဲခြမ်းစိတ်ဖြာမှု လုပ်သလို အလဲဗင်းသတင်းစာကို ဝေဖန်သူတွေအပေါ် ပြန်လည်ထိုးနှက်ဖို့လည်း ဖြစ်ပါတယ်။ ဒီလို အများသိကြတဲ့ အပြန်အလှန် တိုက်ခိုက်မှုအကြောင်း ကြိုးစားပမ်းစား ရေးသားရင်းနဲ့ အလဲဗင်းဟာ သူရဲ့လုပ်ရပ်တွေအတွက်လည်း အစွန်းကုန် ကာကွယ်လေ့ရှိပါတယ်။

ဒါပေမဲ့ အခုအမှုဖြစ်တာကတော့ ရာစုနှစ် ထက်ဝက်ကျော်အတွင်း ပထမဆုံး အရပ်သားအစိုးရဖွဲ့စည်းပြီး နိုင်ငံရဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုကို နိုင်ငံတကာက ချီးမွမ်းနေကြချိန်မှာ ဖြစ်နေတာပါ။ အလဲဗင်းမီဒီယာရဲ့ အနာဂါတ်ဟာ အန္တရာယ်ရှိနေတယ်။

ဒေါက်တာသန်းထွဋ်အောင်ဟာ သူရဲ့ အယ်ဒီတာချုပ်နဲ့အတူ ထောင်ဒဏ်ကျခံရမယ့် အလားအလာ ရှိနေပါတယ်။ ဖြစ်နိုင်ဖွယ်ရာ တကယ့်အံ့သြစရာကတော့ ဒီနှစ်ယောက်လုံး မကြာခင်မှာ ထောင်ဒဏ်က လွတ်ချင်လည်း လွတ်နိုင်ပါတယ်။

အင်အားကြီးသောမီဒီယာ

သူမတူအောင် ဟန်အမျိုးမျိုးနဲ့ တင်ဆက်နေတဲ့ မီဒီယာတစ်ခုဖြစ်ပေမယ့် အကွန့်အညွန့် မပါတာကတော့ အလဲဗင်းမီဒီယာဆိုတဲ့ သူ့ရဲ့အမည်ပါပဲ။ ဒေါက်တာသန်းထွဋ်အောင်ဟာ ၂၀၀၀ ပြည့်နှစ်မှာ ထုတ်ဝေမှုတွေ စတင်ပြုလုပ်ခဲ့ပြီး အင်္ဂလိပ်ပရီးမီးယားလိဂ်ဘောလုံးပွဲဆိုင်ရာ အားကစားသတင်းတွေ၊ ဆောင်းပါးတွေ ဖော်ပြခြင်းအားဖြင့် ပရိသတ်တွေ မြန်မြန်ဆန်ဆန် ရရှိလာခဲ့ပါတယ်။

မြန်မာလို နံပါတ် ၁၁ ကို ကိုယ်စားပြုတဲ့ အလဲဗင်းဆိုတဲ့ အမည်ကို ဘောလုံးအသင်း တစ်သင်းမှာ ပါဝင်ကစားရတဲ့ ကစားသမားအရေအတွက်ကို ယူထားတာဖြစ်တယ်လို့ အလွယ် ယူဆနိုင်ပါတယ်။ ဒါပေမယ့် တကယ့် အကြောင်းပြချက်ကတော့ ယခင်စစ်အစိုးရဆီက ထုတ်ဝေခွင့်ရရှိရာမှာ ၁၁ ခုမြောက် အဖွဲ့အစည်းဖြစ်နေလို့ပါပဲ။

ဒီမီဒီယာရဲ့ ကိုယ်ပိုင်အစဉ်အလာအရ သူတို့ရဲ့ First Eleven ဂျာနယ်ကို ထူူးခြားစေတာကတော့ သတင်းထောက်တွေဟာ အားကစားပွဲစဉ်တွေကို မလွတ်တမ်းကြည့်ပြီး ဘောလုံးကို ရူးသွပ်တဲ့ မြန်မာပရိသတ်တွေအတွက် နောက်ဆုံးရလဒ်တွေကို ပေးစွမ်းနိုင်တာပဲဖြစ်ပါတယ်။ ဖြစ်စဉ်က ရည်ညွှန်းပြသနေတာကတော့ အယ်ဒီတာတွေဟာ သူတို့မီဒီယာကို နိုင်ငံရဲ့ အရှိန်အဝါ အကြီးဆုံးဖြစ်အောင် တည်ဆောက်ဖို့ ဇွဲရှိရှိနဲ့ သန္နိဋ္ဌာန်ချထားပုံပါပဲ။

ရန်ကုန်မြို့၊ တာမွေမြို့နယ်က အလဲဗင်းရုံးချုပ်ရဲ့ ဧည့်ကြိုဧရိယာ။ ဓာတ်ပုံ- တေဇလှိုင်

ရန်ကုန်မြို့၊ တာမွေမြို့နယ်က အလဲဗင်းရုံးချုပ်ရဲ့ ဧည့်ကြိုဧရိယာ။ ဓာတ်ပုံ- တေဇလှိုင်

ဒီလိုမျိုး စိတ်အခံတစ်ခုဟာ အထင်ကြီးလောက်တဲ့ ရလဒ်တွေ ထုတ်ပေးနေတာ သေချာပါတယ်။ အလဲဗင်းမီဒီယာရဲ့ ခန့်မှန်းချက်အရတော့ သူ့ရဲ့ နေ့စဉ်ထုတ်သတင်းစာနဲ့ အပတ်စဉ်ထုတ်ဂျာနယ်ဟာ နိုင်ငံမှာ လူအများဆုံး ဖတ်ကြတယ်ဆိုတာပါပဲ။ ဆဲဗင်းဒေးဟာ အလဲဗင်းကို မှီလောက်ပေမဲ့လည်း အခွန်ငွေပေးသွင်းမှုမှာတော့ အလဲဗင်းကို မမှီဘူးလို့လည်း သိရပါတယ်။

အလဲဗင်းဟာ ၂၀၀၅ ခုနှစ်မှာ သူ့ရဲ့ အပတ်စဉ်ထုတ် သတင်းဂျာနယ် စထုတ်ပြီးကတည်းက အလျင်အမြန် ကြီးထွားလာပါတယ်။ ၂၀၁၂ ခုနှစ်မှာ အင်္ဂလိပ်ဘာသာနဲ့ သတင်းဝက်ဘ်ဆိုက်ကို စတင်လွှင့်ထုတ်ခဲ့ပြီး မြန်မာဘာသာနဲ့ သတင်းစာကိုတော့ နောက်တစ်နှစ်အကြာမှာ ထုတ်ဝေခဲ့ပါတယ်။ ဒီလိုထုတ်ဝေမှုကတော့ မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့တဲ့ တင်ထုတ်စနစ်ကို အစိုးရက ဖျက်သိမ်းခဲ့ပြီး မကြာခင်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အလဲဗင်းရဲ့ အောင်မြင်မှုတွေဟာ သူ့ရဲ့ ရုံးချုပ်ထဲကို ဝင်လိုက်တဲ့အခိုက်မှာပဲ ထင်သာမြင်သာ တွေ့ရပါတယ်။ အဆင့်မြင့်ပရိဘောဂတွေရှိတဲ့ အဲဒီရုံးချုပ်ဟာ တောင်မြင်းပြိုင်ကွင်းလမ်းမပေါ်မှာ ရှိနေပါတယ်။ ငယ်ရွယ်ပြီး စိတ်အားထက်သန်နေတဲ့ ဂျာနယ်လစ် ၁၀၀ ကျော်ဟာ ဥဒဟို လှုပ်ရှားသွားလာနေတာကို တွေ့ခဲ့ရပါတယ်။ အတွင်းဘက်မှာ ရုပ်သံစတူဒီယိုတစ်ခုရယ်၊ ဒေါက်တာသန်းထွဋ်အောင်အတွက် ကိုယ်ပိုင်အခန်းကြီးတစ်ခုရယ်၊ ပြည်တွင်းဈေးကွက်မှာ သူတို့မီဒီယာရဲ့ အဆင့်အတန်းကို ကြွားဝါပြသထားတဲ့ နံရံကပ်စက္ကူတွေနဲ့ ခန်းမကြီးတစ်ခုလည်း ရှိနေပါတယ်။

အလဲဗင်းမီဒီယာဟာ သူ့ရဲ့ အစောပိုင်းနှစ်တွေမှာတောင် အဲဒီတုံးက ကမ္ဘာပေါ်မှာ အတင်းကျပ်ဆုံး ဆင်ဆာစနစ်တစ်ခုရဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်နိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အလဲဗင်းဟာ ၂၀၁၃ ခုနှစ်မှာ Golden Pen of Freedom Award ရွှေကလောင်ဆုကို ရရှိပြီးတဲ့နောက် မကြာခင်မှာပဲ ကမ္ဘာ့သတင်းစာနှင့် ထုတ်ဝေသူများအဖွဲ့ကလည်း အလဲဗင်းဟာ အားကစားသတင်း အစီရင်ခံမှုကနေတဆင့် သူ့ရဲ့ ပရိသတ်တွေအတွက် နိုင်ငံရေးသတင်းစကားတွေ တင်ဆက် ပေးနိုင်ခဲ့တယ်ဆိုပြီး ဒေါကတာသန်းထွဋ်အောင်ကို ချီးကျူးခဲ့ပါသေးတယ်။

၂၀၀၄ ခုနှစ်မှာတော့ စစ်အာဏာရှင်ကို အမျက်ထွက်စေတဲ့ သတင်းဆောင်းပါးတွေအတွက် အလဲဗင်းရဲ့ သတင်းထောက်အချို့ ခေတ္တထိန်းသိမ်းခံခဲ့ရပြီး ကွန်ပျူတာတွေပါ သိမ်းဆည်းသွားခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ ဦးသိန်းစိန်ရဲ့ အရပ်သားတစ်ပိုင်းအစိုးရ တက်လာချိန်မှာတော့ အုပ်ချုပ်သူတွေအပေါ် ဒေါက်တာသန်းထွဋ်အောင်ရဲ့ ဝေဖန်မှုတွေက ပိုပိုပြင်းထန်လာပါတယ်။ အဲဒီနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ဟာ အလဲဗင်းတည်ထောင်မှု ၁၁ နှစ်မြောက်နဲ့ တိုင်ဆိုင်နေခဲ့ပြီး သူက နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီးဖမ်းဆီးနေတဲ့ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ဖို့ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီအချိန်က ထောင်ထဲမှာပဲ ရှိနေသေးတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေအတွက် ရည်မှန်းပြီး အဲဒီပွဲမှာ ထိုင်ခုံလွတ်တွေ ချထားပေးခဲ့ပါတယ်။

တိုက်ပွဲများနဲ့ ခြိမ်းခြောက်မှုများ

စစ်အစိုးရခေတ် ဆင်ဆာစနစ်ရဲ့ နောက်ဆုံးနှစ်ဖြစ်တဲ့ အဲဒီနှစ်ထဲမှာပဲ အငြင်းပွားဖွယ် တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ မြစ်ဆုံဆည်စီမံကိန်းကို ဆန့်ကျင်တဲ့ လှုံ့ဆော်မှုတစ်ခုကို အလဲဗင်းက ပြုလုပ်ခဲ့ပါတယ်။ အဲဒီစီမံကိန်းဟာ လူထုရဲ့မကျေနပ်မှုကို မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာစေခဲ့ပြီး နိုင်ငံခေါင်းဆောင်တွေအပေါ် ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီပြဿနာနှစ်ခုလုံးနဲ့ပတ်သက်လို့ ဒေါက်တာသန်းထွဋ်အောင်ဟာ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ရှိနေခဲ့တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ နောက်တစ်နှစ်မှာပဲ ဦးသိန်းစိန်အစိုးရဟာ နိုင်ငံရေးအကျဉ်းသားများစွာကို လွတ်ငြိမ်းချမ်းသာခွင့် စပေးခဲ့ပြီး မြစ်ဆုံစီမံကိန်းကိုလည်း ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် တခြားတိုက်ပွဲတွေလည်း နီးကပ်လာခဲ့ပါတယ်။

ယခင်အစိုးရရဲ့ သက်တမ်းကာလ အချိန်တော်တော်များများမှာ အလဲဗင်းဟာ ပြန်ကြားရေးဝန်ကြီးနဲ့ အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ဦးရဲထွဋ်နဲ့ ဆက်ဆံရေး ဆိုးဝါးခဲ့ပါတယ်။ ဖြစ်ချင်တော့ ဦးရဲထွဋ်ဟာ Weekly Eleven မှာ နိုင်ငံတကာရေးရာကဏ္ဍကို ပုံမှန်ရေးသူ ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ကို ဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့နောက်ပိုင်း ဦးသိန်းစိန်အစိုးရနဲ့ ပတ်သက်လို့ အလဲဗင်းရဲ့ အစီရင်ခံမှုတွေက မှားနေတယ်လို့ ယူဆတဲ့အကြောင်း ဦးရဲထွဋ်က ဝေဖန်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ သူ့ကို ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ပြီး မကြာခင်မှာပဲ ပြန်ကြားရေးဝန်ကြီးဌာနဟာ ပုံနှိပ်စက်တစ်လုံးကို မတန်တဆဈေးပေးပြီး ဝယ်ယူခဲ့တယ်လို့ အလဲဗင်းက စွပ်စွဲခဲ့ပြီး ဒီလိုဝယ်ယူခြင်းရဲ့ နောက်ကွယ်မှာ ခြစားမှုတွေရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အလဲဗင်းဟာ တခြားအစိုးရဌာနတွေရဲ့ မှားယွင်းမှုတွေကို ထောက်ပြဝေဖန်ခဲ့ပေမယ့် အဲဒီဌာနတွေက တုံ့ပြန်မှု မရှိခဲ့ပါဘူး။ ဒါပေမယ့် ပြန်ကြားရေးဝန်ကြီးဌာနကတော့ အလဲဗင်းကို တရားစွဲခြင်းနဲ့ တုံ့ပြန်ခဲ့ပါတယ်။

အလဲဗင်းသတင်းစာ ဖတ်ရှုနေသူတစ်ဦး။ ဓာတ်ပုံ-တေဇလှိုင်

အလဲဗင်းသတင်းစာ ဖတ်ရှုနေသူတစ်ဦး။ ဓာတ်ပုံ-တေဇလှိုင်

အလဲဗင်းဟာ သူ့ရဲ့အခိုင်အမာပြောကြားချက်ကို ရုပ်သိမ်းဖို့ထက် ဝေဖန်မှုကိုသာ ပိုမို လုပ်ဆောင်လာခဲပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ နိုင်ငံပိုင်မြေကို အခွင့်ထူးနှုန်းနဲ့ စကိုင်းနက်ရုပ်သံလိုင်းထံကို ရောင်းချဖို့ စီစဉ်နေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ စကိုင်းနက်ဟာ ရုပ်သံလွှင့် လုပ်ငန်း တော်တော်များများကို ထိန်းချုပ်ထားတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုပါ။

ကိုယ်တိုင်လည်း ရုပ်သံလိုင်းတွေ တည်ထောင်ဖို့ ရည်မှန်းချက်ရှိတဲ့ အလဲဗင်းဟာ စကိုင်းနက်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ရွှေသံလွင်ကို မကြာခဏ ဝေဖန်လေ့ရှိပါတယ်။ အလဲဗင်းကို ရုပ်သံလိုင်စင်ပေးဖို့ ဦးရဲထွဋ်က ငြင်းလိုက်တာဟာ မီဒီယာနဲ့ ဝန်ကြီးကြားက ရန်လိုရခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။ (ဒီကိစ္စနဲ့ ပတ်သက်ပြီး သုံးသပ်ချက်ပေးဖို့ Frontier က မေတ္တာရပ်ခံခဲ့ပေမယ့် ဦးရဲထွဋ်က တစ်စုံတစ်ရာ မတုံ့ပြန်ခဲ့ပါဘူး။)

တစ်ချိန်တည်းမှာပဲ အလဲဗင်းဟာ သူ့ကို ဝေဖန်သူတွေကို တရားစွဲနေပါတယ်။ ယခင်လွှတ်တော်က ပွင့်ပွင့်လင်းလင်း အပြောဆုံးအမတ်တစ်ဦးဖြစ်တဲ့ ဦးလှဆွေက သူ့ရဲ့မဲဆန္ဒနယ်ထဲမှာ တရားမဝင် သစ်ခုတ်လုပ်ငန်းကို ဒေါက်တာသန်းထွဋ်အောင်က ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်းမှာ လုပ်ကိုင်ခဲ့တယ်လို့ စွပ်စွဲလိုက်ပြီးတဲ့နောက် ဒေါက်တာသန်းထွဋ်အောင်က ဦးလှဆွေကို အသရေဖျက်မှုနဲ့ တရားစွဲပါတယ်။

ဒေါက်တာသန်းထွဋ်အောင်က စစ်အစိုးရက ထုတ်ပေးတဲ့လိုင်စင်နဲ့သာ သစ်လုပ်ငန်း လုပ်ခဲ့ခြင်းဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာတော့ ဦးလှဆွေဟာ နောက်ထပ် တရားစွဲခံရပါသေးတယ်။ အဲဒါကတော့ မဖွယ်မရာ ဆဲရေးတိုင်းထွာမှုပါ။ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံထဲမှာ သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့အချိန်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ဦးလှဆွေက အလဲဗင်းသတင်းထောက်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေကို ဆဲဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အလဲဗင်းနဲ့ ဝေဖန်သူတွေကြား အခါးသီးဆုံးတိုက်ပွဲကတော့ မီဒီယာလောကသားတစ်ဦးနဲ့ ဖြစ်တာပါ။ သူကတော့ စည်သူအောင်မြင့်ပါ။ စည်သူအောင်မြင့်ဟာ Frontier Myanmar မှာ ပင်တိုင်ဆောင်းပါးတွေ ရေးသားနေတဲ့အပြင် အခြားစာစောင်တွေမှာလည်း ပုံမှန် ရေးသားလေ့ရှိပါတယ်။ စည်သူအောင်မြင့်ရဲ့ ရေးသားချက်တွေဟာ အလဲဗင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး အလဲဗင်းဟာ ၂၀၁၃ ခုနှစ်ကတည်းက တရားစွဲဖို့ ၁၀ ကြိမ် ခြိမ်းခြောက်ခဲ့ပါတယ်။(ဒါပေမယ့် နောက်ဆုံးတော့ တရားစွဲမှုတွေအားလုံးကို တရားရုံးက ပယ်ချခဲ့ပါတယ်။)

ပြီးခဲ့တဲ့ မတ်လက အလဲဗင်းရဲ့ အမှုဆောင်အယ်ဒီတာ ဦးနေထွန်းနိုင်ကို အလဲဗင်းရုံးမှာ Frontier က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အလဲဗင်းဟာ ဘာ့ကြောင့် တခြားမီဒီယာလောကသားတစ်ဦးကို တရားစွဲမှုတွေ လုပ်ရသလဲလို့ မေးကြည့်တော့ ဦးနေထွန်းနိုင်က အပြန်အလှန် ဝေဖန်ထိုးနှက်တဲ့ စကားလုံးတွေကို စာမျက်နှာပေါ် မတင်ချင်တဲ့အတွက်လို့ ဆိုပါတယ်။

“သူရေးတဲ့ ဆောင်းပါးအများစုက ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ စော်ကားမှုလုပ်ဖို့ ရည်ရွယ်နေတဲ့အတွက် ကျွန်တော်တို့က ပုဂ္ဂိုလ်ရေးကိစ္စတွေကို ကျွန်တော်တို့ရဲ့ စာမျက်နှာတွေပေါ်မှာ မတင်ချင်ပါဘူး။ သူသာ ဒီလိုမျိုး ဆက်ရေးနေရင် ဘယ်တော့မှ မဆုံးတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်နေမှာပါ။ ဒါကြောင့် သူနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ရဲ့ သတင်းစာဂျာနယ်မှာ မဖော်ပြချင်ပါဘူး။ အဲဒီအစား ကျွန်တော်တို့ သူ့ကို တရားစွဲတာပါ။ ကျွန်တော်တို့ဘက်ကတော့ ဒါကို ရပ်တန့်စေချင်ပါတယ်” လို့ ဦးနေထွန်းနိုင်က ဆိုပါတယ်။

တိုက်ခိုက်မှုနဲ့ ထောင်ချမှု

အများပြည်သူနဲ့ဆိုင်တဲ့ အငြင်းပွားမှု အများအပြားကို ဖော်ပြတာကို ကြည့်ခြင်းအားဖြင့် အလဲဗင်း အယ်ဒီတာတွေဟာ လွတ်လပ်တဲ့ စာနယ်ဇင်းတစ်ခုအပေါ် အမြဲတစေ ရန်လိုခံမှုကို ရင်ဆိုင်ပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ရပ်တည်သူတွေလို့ သူတို့ကိုယ်သူတို့ ယူဆလာခဲ့ကြပါတယ်။ ဒီလိုရန်လိုမှုအတွက် အထင်ရှားဆုံး အထောက်အထားကတော့ ပြီးခဲ့တဲ့ဇွန်လက ဒေါက်တာသန်းထွဋ်အောင် တိုက်ခိုက်ခံရတာပါပဲ။

အလဲဗင်းရုံးနဲ့ မဝေးတဲ့ ဦးချစ်မောင်လမ်းပေါ်မှာ ယာဉ်ကျောပိတ်ဆို့မှုကြောင့် ဒေါက်တာသန်းထွဋ်အောင်ဟာ သူ့ကားကို ရပ်ထားစဉ်မှာ အမျိုးသားနှစ်ယောက်က  ဒေါက်တာသန်းထွဋ်အောင်ကို ကုံးသီးနဲ့ပစ်ပြီး တက္ကစီတစ်စီးနဲ့ ထွက်ပြေးသွားခဲ့ပါတယ်။

အဲဒီအမျိုးသားနှစ်ယောက်ကို ချက်ခြင်းဖမ်းဆီးလိုက်ပေမယ့် အလဲဗင်းရဲ့ ရေးသားမှုအရတော့ တိုက်ခိုက်မှုမှာ အမျိုးသားသုံးဦး ပါဝင်တယ်ဆိုပါတယ်။ အဲဒီထဲက တစ်ယောက်ဟာ စစ်တပ်ရဲ့ ထောက်လှမ်းတပ်ဖွဲ့ဖြစ်တဲ့ စစ်ဖက်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နောက်တစ်နေ့မှာ အလဲဗင်းရော၊ ဒေါက်တာသန်းထွဋ်အောင်ရဲ့ ဂုဏ်သိက္ခာပါ နောက်ထပ် တိုက်ခိုက်ခံခဲ့ရပြန်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက အလဲဗင်းစီအီးအိုနဲ့ သူ့ရဲ့ဝန်ထမ်း ၁၆ ဦးကို တရားစွဲလိုက်တာဖြစ်ပါတယ်။ ပုံနှိပ်စက်ကိစ္စ တရားစွဲမှုသတင်းဖော်ပြတာဟာ တရားရုံးကို မထီမဲ့မြင် လုပ်တာဖြစ်တယ်လို့ ဝန်ကြီးဌာနက စွပ်စွဲခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်တပ်ကို ထောက်ခံတဲ့ ဝါဒဖြန့်ချိမှုတွေကို အများအားဖြင့် တင်လေ့ရှိတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကလည်း ဒေါက်တာသန်းထွဋ်အောင်နဲ့ အမျိုးသမီးတစ်ဦးတို့အား ကေတီဗွီအခန်းတစ်ခုမှာ တွေ့ရပုံလို့ဆိုတဲ့ ဓါတ်ပုံတွေ စပြီး တင်လာပါတယ်။ အဲဒီအကောင့်တွေက ဖော်ပြချက်အရတော့ ဒေါက်တာသန်းထွဋ်အောင်ကို တိုက်ခိုက်တာဟာ သူစွပ်စွဲခဲ့သလို အစိုးရကလုပ်တာ မဟုတ်ဘဲ စီးပွားရေးလုပ်ငန်း အငြင်းပွားမှုတစ်ခုရဲ့ ရလဒ်လို့ ဆိုပါတယ်။ အဲဒီအငြင်းပွားမှုဟာ အလဲဗင်းအကြီးအကဲက ကေတီဗွီကို အားပေးစောင့်ရှောက်မှုနဲ့ အမျိုးသမီးတစ်ဦးရယ်၊ သူ့ရဲ့ရည်းစားရယ်ပါဝင်တဲ့ ချစ်မှုရေးရာတစ်ခုတို့ကနေ ဖြစ်ပေါ်လာတာလို့ ဆိုကြပါတယ်။

ဒီလိုကောလာဟလတွေကို ဒေါက်တာသန်းထွဋ်အောင်နဲ့ အခြားသူတွေရေးတဲ့ အယ်ဒီတာ အာဘော်တွေမှာ အခိုင်အမာ ငြင်းဆိုထားပါတယ်။ သူတို့က အစိုးရဟာ အလဲဗင်းရဲ့ သတင်းအစီရင်ခံမှုကို ဂုဏ်သိက္ခာချဖို့ နာမည်ဖျက်တဲ့ စစ်ဆင်ရေးတစ်ခုလုပ်နေတာလို့ စွပ်စွဲခဲ့ကြပါတယ်။

(အလဲဗင်းရဲ့ စုံစမ်းစစ်ဆေးချက်အရတော့ အဆိုပါအမျိုးသမီးရဲ့ ဓါတ်ပုံတွေဟာ အင်ဒိုနီးရှား ဝက်ဘ်ဆိုက်တစ်ခုက ဓါတ်ပုံတွေဖြစ်တယ်လို့ ကိုနေထွန်းနိုင်က ပြောပါတယ်။)

NLD အစိုးရတက်လာချိန်မှာ မီဒီယာအပေါ် တင်းကျပ်မှုတွေ မရှိတော့တဲ့အပြင် အရင်အစိုးရနဲ့ မီဒီယာကြားက တင်းမာတဲ့ ဆက်ဆံရေးမျိုးလည်းရှိတော့မှာ မဟုတ်တော့ဘူးလို့ ဂျာနယ်လစ်အများအပြားက မျှော်လင့်ခဲ့ကြပါတယ်။

“ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲ့ စည်းမျဉ်းတွေအတိုင်း အမြဲတမ်း သွားနေမှာပါ။ ပြောင်းလဲမှာ မဟုတ်ပါဘူး” လို့ ကိုနေထွန်းနိုင်က အစိုးရ ကျမ်းသစ္စာမကျိန်ဆိုခင်အချိန်ကလေးမှာ Frontier ကို ပြောကြားခဲ့ပါတယ်။ “ဒါပေမယ့် အစိုးရသစ်လက်ထက်မှာတော့ စာနယ်ဇင်းလောကနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်က တိုးတက်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဆုတ်ယုတ်ဖွယ် မရှိပါဘူး” လို့ သူကဆိုပါတယ်။

ဒါပေမယ့် အစိုးရသစ်တက်ပြီး ရှစ်လအကြာမှာတော့ ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ဟာ ထောင်ဒဏ် သုံးနှစ်အထိကျနိုင်တဲ့ အလားအလာနဲ့ ရင်ဆိုင်နေရပါတယ်။

နိုဝင်ဘာလအစောပိုင်းက ကျရောက်ခဲ့တဲ့ အထွေအထွေရွေးကောက်ပွဲ တစ်နှစ်ပြည့် အထိမ်းအမှတ် အလဲဗင်းရဲ့ အယ်ဒီတာ့အာဘော်တစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ မကြာသေးခင်ကမှ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေရာကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်ခဲ့တဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦးဆီက ဒေါ်လာတစ်သိန်းတန် Patek Phillipe လက်ပတ်နာရီတစ်လုံးကို လက်ခံခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။ ဒီလိုလုပ်ကြတာဟာ ခြစားမှုတွေရှိနေတယ်ဆိုတဲ့ ရန်ကုန်မြို့ရဲ့ အနောက်တောင်မြို့သစ် တည်ဆောက်ရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးက ကန်ထရိုက်ရလို့ ဝန်ကြီးချုပ်ကို ပေးတာဖြစ်တယ်ဆိုပြီး ဒေါက်တာသန်းထွဋ်အောင်က စွပ်စွဲရေးသားခဲ့ပါတယ်။

ဝန်ကြီးချုပ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မဟုတ်တဲ့အကြောင်း သတင်းစာရှင်းလင်းပွဲလုပ်ပြီး ငြင်းဆိုခဲ့ပါတယ်။ သူပတ်နေတဲ့ နာရီက Patek Phillipe ထက် အများကြီး ဈေးသက်သာတဲ့ Rolex နာရီသာဖြစ်ပြီး ဒါကို သူ့ဇနီးက လက်ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲခံရတဲ့သူ အရေအတွက်က တိုးလာပါတယ်။ တရားစွဲဆိုမှုကို ရုပ်သိမ်းပေးဖို့ ဝန်ကြီးချုပ်ကို မြန်မာစာနယ်ဇင်းကောင်စီက တိုက်တွန်းခဲ့ပြီး ဒီလိုရုပ်သိမ်းပေးမှသာ ကောင်စီက ကြားဝင် ဖြန်ဖြေပေးနိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အခုအချိန်ထိတော့ ရုပ်သိမ်းမပေးသေးပါဘူး။ အာမခံလျှောက်ထားမှုကိုလည်း တရားရုံးက ပယ်ချခဲ့ပါတယ်။ ထောင်ဆေးရုံမှာ ကုသနေရကြောင်း ထောင်ဆရာဝန်ရဲ့ ထောက်ခံချက်မပါလို့ ပယ်ချခံရတာလို့ ဆိုပါတယ်။ အလဲဗင်းရဲ့ နောက်ဆုံးကြိုးပမ်းမှုမှာ နည်းလမ်းရှိရင် ဘာတွေက သက်သေပြနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မှတ်ချက်- အလဲဗင်းရဲ့အယ်ဒီတာအာဘော်ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ အချက်အလက်အချို့သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပတ်သက်ပြီး မဟုတ်မမှန် အခြေအမြစ်မရှိ ဖော်ပြထားသော လွဲမှားသည့် အချက်အလက်များ ဖြစ်နေခြင်းအတွက် များစွာစိတ်မကောင်းဖြစ်ရတယ်လို့ “အနူးအညွတ်တောင်းပန်ခြင်း” လို့ ခေါင်းစဉ်တပ် ဖော်ပြထားသည့် ထုတ်ပြန်ချက်နဲ့ အလဲဗင်းက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ တောင်းပန်ခဲ့ပါတယ်။

“ယင်းကဲ့သို့ မှားယွင်းဖော်ပြခဲ့သည့်အတွက် ထိခိုက်နစ်နာမှု များဖြစ်ပေါ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အဆိုပါရေးသား ဖော်ပြ ချက်ကြောင့် တစ်စုံတစ်ရာထိခိုက်နစ်နာမှုဖြစ်စေခဲ့သူ အားလုံး ကို Eleven Media Group၏ CEO နှင့် Eleven Media Group တာဝန်ရှိသူများအနေဖြင့် နောက်နောင်တွင် ဤကဲ့သို့ မလုပ်ဆောင်ပါဟု ဝန်ခံချက်နဲ့အတူ အနူးအညွတ် တောင်းပန်အပ်ပါသည်”လို့ တောင်းပန်စာမှာ ဖော်ပြထားပါတယ်။

(အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် မူရင်းဆောင်းပါးကို နိုဝင်ဘာ ၂၄ ရက်နေ့ထုတ် Frontier Myanmar မဂ္ဂဇင်းတွင် ဖော်ပြခဲ့ပါသည်။)

ခေါင်းစီးဓာတ်ပုံ- တာမွေတရားရုံးက ထွက်လာတဲ့ ဒေါက်တာသန်းထွဋ္ဋ်အောင်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar