လ ျှို့ဝှက်ချက်တွေအပြည့်နဲ့ အင်းယား

ကျိန်စာတိုက်ထားသော ရတနာများနှင့် ထူးဆန်းသော ရေနေသတ္တဝါများမှသည် ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခံခဲ့ရသော ဆန္ဒပြမှုများအထိ အရောင်အသွေးစုံလင်သည့် အတိတ်တစ်ခု အင်းယားကန်တွင် ရှိနေသည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

အသက် ၈၆ နှစ်အရွယ် ဆရာကြီးတင်မောင်ထွန်းမှာ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တို့၏ ဗုံးကြဲတိုက်ခိုက်မှုမှ ရှောင်ရှားနိုင်ရန်အတွက် အင်းစိန်မှ အင်းယားကန် အရှေ့တောင်ဘက် ကမ်းစပ်သို့ ရွှေ့ပြောင်းခဲ့ရသည်။

အေးမြသော ကန်ရေအတွင်း ရေကူးကာ ကြီးမားသော လိပ်ကြီးများ သွားလာကျက်စားလေ့ရှိပြီး အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးအရွယ်ရှိသော ငါးများကိုပင် ဖမ်းမိနိုင်သည့်ဟုဆိုကြသည့် လူသူအရာက်ပေါက် မရှိသေးသော ကျွန်းများသို့ လှည့်လည်လေ့လာခြင်း၊ သက်ကြီးရွယ်အို တံငါသည်များ၏ ဒဏ္ဍာရီများကို နားထောင်ခြင်းအားဖြင့် သူ၏ နေ့လည်ခင်းများကို ကုန်ဆုံးစေလေ့ရှိသည်။

၎င်းတို့၏ ပုံပြင်များမှာ ထိုကန်နေရာမှာ ချောင်းဆွယ်၊ မြောင်းငယ်များ၊ ရေအိုင်ငယ်များ စုစည်း ဖုံးလွှမ်းထားဆဲဖြစ်သည့် အချိန်ကာလက ပုံပြင်များပင် ဖြစ်သည်။ ဤရေကန်အား အချို့က အင်္ဂလိပ်အမည်ဖြစ်သော ဗစ်တိုးယားဟု ခေါ်ဆိုကြသကဲ့သို့ အခြားသူများကမူ ကုက္ကိုင်းဟုလည်းကောင်း၊ သို့မဟုတ် အင်းယားဟုသော်လည်းကောင်း ခေါ်ဆိုနေကြသည့်အတွက် မည်သည့်အကြောင်းကြောင့် အမည်သုံးမျိုးရှိနေရသည်ကို သူက ၎င်းတို့အား မေးမြန်းခဲ့သည်။

“တစ်ယောက်ပြီးတစ်ယောက် လိုက်မေးကြည့်တဲ့အခါမှာ ပထမဆုံးတော့ အင်းယားလို့ခေါ်တဲ့ ရေအိုင်ငယ်လေးတစ်ခုပဲ ရှိခဲ့တယ်လို့ ရှေးမှီနောက်မှီလူကြီးတွေက ပြောခဲ့ဖူးတယ်” ဟု ဦးတင်မောင်ထွန်းက ဆိုသည်။ ရေအိုင်၏အလယ်တွင် ဗိမာန်တစ်ခုရှိပြီး လူများက ရေအောက်သို့ ငုတ်ဆင်းကာ နောက်တွင် ပွင့်တော်မူလာမည့် ဘုရားကို ပူဇော်သောသဘောဖြင့် ရတနာများ မြုပ်နှံခဲ့ကြသကဲ့သို့ ဤရတနာများကို လုယက်ရန် လောဘဝင်နေသူများအတွက် အုတ်ခွက်များပေါ်တွင် ကျိမ်စာများရေးသားကာ ကျိမ်စာတိုက်ခဲ့ကြသည်ဟုလည်း သူကဆိုသည်။

Teza Hlaing / Frontier

“ရတနာတွေရလို့ တွေ့တဲ့ဟာတွေကို အိမ်ယူသွားတဲ့သူတွေဆိုရင် သူတို့တစ်အိမ်လုံးမှာ [နေထိုင်သူတွေ] တစ်ကိုယ်လုံး ယားယံတာတွေ ဖြစ်ရတဲ့ သာဓကတွေ ကျွန်တော့်မှာ ရှိထားပါတယ်” ဟု ဦးတင်မောင်ထွန်းက ဆိုသည်။ “ဒါတွေမှာ အစောင့်ရှိနေတဲ့အတွက် ပြန်ထားပေးရပါတယ်” ဟုလည်း သူက ထပ်လောင်း ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် အလျင်အမြန်ကြီးထွားလာသော ရန်ကုန်မြို့အတွက် ရေပေးဝေရာ ကွန်ယက်၏ တစ်စိတ်တစ်ဒေသအဖြစ် ဖန်တီးမည့် ရေလှောင်ကန်နေရာအဖြစ် ကုက္ကိုင်းဟု လူသိများသော နေရာအား   ရွေးချယ်လိုက်သောအခါ အင်းယားရေအိုင်မှာ ရေများဖြင့် ပြည့်လျှံသွားခဲ့သည်။ ၁၈၈၂-၈၃ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည့် ဤစီမံချက်တွင် ယနေ့အခါ၌ ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းများတွင် အကွက်များဖြင့် ပိုင်းခြားသတ်မှတ်ထားသော တာပေါင်ရိုးများ တည်ဆောက်ခြင်းလည်း ပါဝင်ပေသည်။

ဗြိတိသျှတို့က ဗစ်တိုးရီးယား ရေလှောင်ကန်ဟု အမည်ပေးခဲ့သော်လည်း ဒေသခံအများစုက ကုက္ကိုင်းဟုသာ ဆက်လက် ခေါ်ဆိုခဲ့ကြသည်။ သစ်သီးခြံများနှင့် သပ်ရပ်ကျော့မော့သော အိမ်ခြံမြေများအား ဤတာရိုးပေါ်တွင် တည်ထောင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်အား လက်ရှိတည်နေရာအနီးသို့ ၁၉၂၀ ပြည့်နှစ်တွင် ပြန်လည် ရွှေ့ပြောင်းခဲ့သည်။

အင်းယားကန်တွင် နတ်နန်းများနှင့် ရတနာများ ရှိခဲ့ဖူးသည်ဆိုပါကလည်း ထိုအချိန်နောက်ပိုင်းက စတင်ကာ ကိုလိုနီမြို့သစ်ရန်ကုန်တွင် ထိုအရာများ အားလုံးကို မေ့ပျောက်သွားခဲ့ကြပေပြီ။

စစ်တွင်းကာလ၏ အိုအေစစ်

အင်းယားကန်၌ ရေငုတ်ကာ စူးစမ်းလေ့လာကြသည်ဟူသော သတင်းများအား ဦးတင်မောင်ထွန်းတစ်ယောက် ကြားသိဖူးခဲ့ခြင်း မရှိပေ။ သို့သော် ထိုသို့ စူးစမ်းရှာဖွေခဲ့ပါက ၁၉၄၂ နှင့် ၁၉၄၅ ခုနှစ်အကြား ဂျပန်များ ကျူးကျော်စဉ်ကာလမှ လက်နက်ခဲယမ်းသေတ္တာများကို တွေ့ရှိနိုင်ဖွယ် ရှိသည်။

ဂျပန်ဘုရင့်တပ်မတော်သည် ဗမာ့ရေတပ်မတော် မွမ်းမံသင်ကြားရေးကျောင်းတစ်ကျောင်းအဖြစ် ရုတ်ဖျက်ထားသည့် လ ျှို့ဝှက်လက်နက်စက်ရုံတစ်ရုံအား ဤကန်၏ ကျယ်ပြန့်သော အရှေ့ဘက် ကျွန်းဆွယ်ပေါ်တွင် လည်ပတ်ခဲ့ဖူးသည်။ ထိုအချိန်အခါက ဤကျွန်းဆွယ်ပေါ်တွင် နေထိုင်ခဲ့ကြသည့် ရှမ်းရွာသားများပင် ထိုစက်ရုံအကြောင်းကို မသိရှိခဲ့ကြပေ။ သို့သော် ကိုယ့်ကိစ္စကိုယ် စိတ်ဝင်စားခြင်းကသာ ဘေးကင်းလုံခြုံမှု အရှိဆုံးသော အခြေအနေဖြစ်သည့်အတွက် ဖြစ်နိုင်ချေရှိသည်ဟု ဦးတင်မောင်ထွန်းက ရှင်းပြခဲ့သည်။

Teza Hlaing / Frontier

နောက်ဆုံး ၁၉၄၅ ခုနှစ်၏ တစ်ခုသောည၌ မဟာမိတ်တို့က မီးလောင်ဗုံးများဖြင့် ဤကျွန်းဆွယ်နေရာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြသည်။ ရေပြင်တစ်လွှားတွင် ငရဲမီးပမာ တဟုန်းဟုန်း တောက်နေသော မီးတောက်များကို ကြည့်ရှုခဲ့ခြင်းကို ဦးတင်မောင်ထွန်းတစ်ယောက် အမှတ်ရမိနေသေးသည်။

“အဲဒါက ဖန်ပြွန်သေးသေးလေးတွေ ပြိုကျလာတာနဲ့တူပြီး ဒီနေရာတစ်ခုလုံး မီးလောင်သွားတယ်။ ပြီးတော့ သစ်ပင်တွေကနေ မီးခိုးတွေ ထွက်လာတာလည်း [ရှိသေးတယ်]” ဟု သူကဆိုသည်။ “ဒါပေမယ့် ဆူညံနေတဲ့ အသံရယ်လို့ မရှိခဲ့ဘူး။ ဗုံးတွေမှာ [ဗုံးဆံ] မပါခဲ့ဘူး။ ဗုံးတွေက ရေပေါ်မှာတောင် မီးတောက်စေခဲ့တယ်။ ရေပြင်တစ်ခုလုံး မီးလောင်နေပြီး ဂျပန်တွေ၊ သနားစရာလူတွေက ရေထဲကို ခုန်ချဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့ထွက်လာတဲ့အခါမှာ မီးလောင်ကြရတာပဲ” ဟု သူူကပြောကြားသည်။

ဂျပန်များ အရေးနိမ့်သွားပြီးနောက်တွင် ဦးတင်မောင်ထွန်းနှင့် သူ၏ အိမ်နီးနားချင်းများသည် လှေများလှော်ကာ  ဆယ်ယူ ကယ်တင်နိုင်သမျှကို ကယ်တင်ခဲ့ကြသည်။ သို့သော် ကျူးကျော်နေထိုင်နေသူများသည် တန်ဖိုးရှိသမျှ အရာအားလုံးနီးပါးအား အင်းယားကန်၏ ရေအောက် ကြမ်းပြင်ရှိ ကြိမ်စာတိုက်ထားသော မွေတော်၊ ဓာတ်တော်များဆီသို့ ပို့ဆောင်ထားခဲ့ကြပြီး ဖြစ်သည်။

သေနတ်များ၊ ရုရှားများနှင့် စစ်အာဏာရှင်တစ်ဦး၏ အမျက်ဒေါသ

ဦးတင်မောင်ထွန်းသည် စစ်ပွဲများ ပြီးဆုံးပြီးနောက်ပိုင်းကာလနှင့် လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ် နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သည့် တိုတောင်းသော ပါလီမန်ဒီမိုကရေစီခေတ်ကာလများအထိ ဤကန်ဘေး၌ နှစ်အတန်ကြာ နေထိုင်ခဲ့ဖူးသည်။ ရန်ကုန်ကင်းထောက်အသင်းက အင်းယားကန်အတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပခဲ့သလို ကမ်းဘေးရှိ ကလပ်များကလည်း ရွက်လွှင့်ပြိုင်ပွဲများ၊ လှေလှော်ပြိုင်ပွဲများနှင့် ရေကူးပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။

ရေကန်အတွင်းတွင် ထူးဆန်းသော သတ္တဝါတစ်ကောင်လည်း ရှိခဲ့ဖူးသည်။ ထိုသို့ရှိခဲ့ဖူးကြောင်း ကောလဟလကို ဒေသသုံး ဘာသာစကားဖြင့် ထုတ်ဝေသော သတင်းစာတစ်စောင်က ၁၉၄၇ ခုနှစ်တွင် ဖော်ပြခဲ့ဖူးသည်ဟု ဦးတင်မောင်ထွန်းမှ ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော်လည်း ဤသတ္တဝါအကြောင်းနှင့် တစ်ကောင်းတည်းသာ ရှိသည်ဟူသော သတင်းနှင့် ပတ်သက်သည့် သက်သေခံ အချက်အလက်များမှာ မည်သူ့ထံတွင်မျှ ရှိမနေခဲ့ပေ။

ဤသတ္တဝါအကြောင်း ကောလဟလများမှာ ရုတ်ခြည်းဆိုသလို ပျောက်ကွယ်သွားခဲ့သော်လည်း ထိုနှစ်တွင်ပင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပြီး အခြားကောလဟလသတင်းတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ လုပ်ကြံမှုကို ကြိုးကိုင်ချယ်လှယ်သူများက ရေကန်ထဲတွင် လက်နက်သေတ္တာများ ဝှက်ထားခဲ့ကြသည့်အတွက် ရေကန်တွင်းသို့ လူများဝင်ရောက်ခြင်းမပြုရန် ထူးဆန်းသတ္တဝါပုံပြင်ကို ဖန်တီးခဲ့သည်ဟူ၍ပင် ဖြစ်သည်။

အင်းယားကန်ဘေးတွင် အိမ်ကြီးရခိုင်များ တည်ဆောက်ခဲ့သည့် ချမ်းသာကျော်ဇောသူများထဲတွင် အာဏာရှင် ဗိုလ်ချုပ်နေဝင်းလည်း ပါဝင်သည်။ ပါရမီလမ်းအဆုံး အင်းယားကန် အနောက်မြောက်ထောင့်ပေါ်ရှိ ကျွန်းဆွယ်တစ်ခုပေါ်၌ ၎င်းက အိမ်တစ်လုံးကို တည်ဆောက်ခဲ့သည်။

Teza Hlaing / Frontier

သို့သော် ကန်နံဘေးရှိ အကျော်ကြားဆုံးသော လိပ်စာတစ်ခုမှာ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှ ခြံအမှတ် ၅၄ ပင် ဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဖြစ်ပြီး ၁၉၈၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အကြား စုစုပေါင်း ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ် ချမှတ်ခံခဲ့ရသည့် ကာလအတွင်း နေထိုင်ခဲ့ရာ နေရာဖြစ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်သည် ဤနေအိမ်သို့ ၁၉၅၃ ခုနှစ်တွင် ပြောင်းရွှေ့လာခဲ့သည်။

အကာအရံမဲ့နေသော ဤရေကန်မှာ ဦးနေဝင်း၏ ဆိုရှယ်လစ်ခေတ်ကာလအတွင်းတွင်  မဟာဗျူဟာကျသော နေရာဖြစ်သည့်အတွက် ထိလွယ်ရှလွယ် ဖြစ်သောနေရာအဖြစ် သတ်မှတ်ထားခဲ့ကြသည်။ ကန်ဘောင်များပေါ်တွင် စစ်သားများ ကင်းလှည့်ခဲ့ကြပြီး ရေကူးသူများနှင့် လှေလှော်သူများအား အနီးကပ် စောင့်ကြည့်ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့လက်နက်စက်ရုံပြုလုပ်ခဲ့သည့် အရှေ့ဘက်ခြမ်း ကျွန်းဆွယ်ပေါ်တွင် ယနေ့အချိန်၌ လ ျှို့ဝှက်စစ်ဘက်အဆောက်အအုံတစ်ခု ရှိနေဆဲ ဖြစ်သည်။ တမူထူးခြားနေသော ဤကျွန်းဆွယ်ပေါ်တွင် ၁၉၆၂ ခုနှစ်က ဖွင့်လှစ်ခဲ့သည့် အင်းယားလိပ်ဟိုတယ်လည်း တည်ရှိသည်။ ဘက်မလိုက်မူဝါဒကို တက်တက်ကြွကြွ ကျင့်သုံးနေသော မြန်မာနိုင်ငံအား မော်စကိုနှင့် ဝါရှင်တန်အစိုးရနှစ်ရပ်လုံးက မျက်နှာချိုသွေးနေသည့် စစ်အေးခေတ်၏ အမြင့်ဆုံးအချိန်ဖြစ်သော ၁၉၅၈ ခုနှစ်တွင် နိုင်ငံတော်အဆင့် ခရီးစဉ်တစ်ခုဖြင့် လာရောက်သော ဆိုဗီယက်ခေါင်းဆောင် မစ္စတာ ခရူးရှက်ဖ်က ထိုဟိုတယ်ကို မြန်မာနိုင်ငံအတွက် လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

၁၉၇၅ ခုနှစ် ခရစ္စမတ်အကြိုကာလတွင် အင်းယားလိပ်ဟိုတယ်၌ ပြုလုပ်ခဲ့သည့် အထက်တန်းလွှာ ကပွဲပါတီတစ်ခုကလည်း ဦးနေဝင်း၏ ကျော်ကြားလှသော ဒေါသအိုးကို ပေါက်ကွဲစေခဲ့ဖူးသည်။ မစ္စတာ ရောဘတ်တေလာရေးသားသော ဦးနေဝင်း၏ အထုပ္ပတ္တိစာအုပ်တွင် ဖော်ပြထားချက်အရ ညနေစောင်းတစ်ခုတွင် စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းသည် သူငယ်ချင်းများနှင့်အတူူ နေအိမ်ခေါင်မိုးပေါ်ရှိ စြင်္ကန်ပေါ်တွင် ရုပ်ရှင်ဇာတ်ကား တစ်ကားကို ကြည့်ရှုနေသည်ဟုဆိုသည်။ ထိုအချိန်တွင် ဟိုတယ်၌ ကျင်းပနေသည့် ကပွဲတွင် ဖွင့်ထားသော ရော့ခ်ဂီတအသံများက သူ့ကို အနှောက်အယှက် ဖြစ်စေခဲ့သည်ဟုဆိုသည်။

စိတ်ဆိုးနေသော ဦးနေဝင်းသည် ဟိုတယ်ကပွဲခန်းမအတွင်းသို့ စစ်သားရှစ်ဦးနှင့်အတူ ဒေါသတကြီး ဝင်ရောက်လာကာ ဟိုတယ်လုံခြုံရေးတစ်ဦးကို ထိုးကြိတ်ခြင်း၊ တားဆီးသော နော်ဝေနိုင်ငံသားတစ်ဦး၏ ကုတ်အင်္ကျီကို ဆွဲဆောင့်ခြင်းနှင့် ဂီတအဖွဲ့၏ ဒရမ်များကို ကန်ကြောက်ခြင်းတို့အား ပြုလုပ်ခဲ့သည်။

ဤကပွဲတွင် ၎င်း၏သမီးပါဝင်နေခြင်းကြောင့် စိတ်ဆိုးခဲ့ခြင်းဖြစ်သည်ဟု အချို့က ဆိုကြသလို သူ၏ ညနေခင်းအား အနှောင့်အယှက်ပြုခြင်းအပေါ် မကျေမချမ်း ဖြစ်ခဲ့ခြင်းသာ ဖြစ်သည်ဟု အချို့က ဆိုကြသည်။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ၊ ဦးနေဝင်း၏ မကောင်းသတင်းတစ်ခု တိုးလာခဲ့ရပြီး ၎င်းအား နိုင်ငံဥသျှောင်တစ်ဦးဟု ဆိုခြင်းထက် မာဖီးယားဂိုဏ်းဝင်တစ်ဦးအဖြစ် ပိုမိုပုံဖော်စေခဲ့သည်။

လေဒီရဲ့ ခြံနောက်ဖေး

၁၉၉၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်နှင့် အင်းယားကန်ဘေးရှိ ဒေါ်အောင်ဆန်းစုကြည်၏ ခြံဝန်းတို့မှာ ကျောင်းသားများဦးဆောင်သည့် ရှစ်လေးလုံး အရေးတော်ပုံ၏ အချက်အချာ နေရာနှစ်နေရာ ဖြစ်လာခဲ့သည်။

၁၉၈၈ ခုနှစ်၊ မတ် ၁၆ ရက်နေ့တွင် ပြည်လမ်းအတိုင်း ချီတက်လာကြသော ကျောင်းသားများမှာ ဦးနေဝင်း ခြံဝန်းအနီးရှိ အင်းယားကန်ဘောင်ပေါ်တွင် စစ်သားများ၏ တားမြစ်ခြင်းကို ခံခဲ့ရသလို လုံထိန်း ရဲတပ်ဖွဲ့များက ၎င်းတို့၏ နောက်ကျောတွင် ပိတ်ဆို့ထားခဲ့ကြသည်။ ဒါဇင်နှင့်ချီသော ကျောင်းသားများ သတ်ဖြတ်ခံခဲ့ရပြီး ကျောင်းသားအချို့ ရေနစ်သေဆုံးသည်အထိ ဖြစ်ပွားခဲ့ရသည်။

၂၀၀၉ ခုနှစ်၊ မေလတွင်လည်း ဤရေကန်မှာ သတင်းစာမျက်နှာများထက်တွင် ထပ်မံ ဖော်ပြခံခဲ့ရပြန်သည်။ အမေရိကန် မော်မွန် ခရစ်ယာန်ဂိုဏ်းဝင် အသက် ၅၃ နှစ်အရွယ် မစ္စတာ ဝီလီယံ ရက်တောက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကာလမှ လွတ်မြောက်ရန် နှစ်ပတ်အလိုတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ ရေကူးဝင်ရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လုပ်ကြံခံရဖွယ်ရှိပြီး သူမကြုံတွေ့ရနိုင်သော အသက်အန္တရာယ်ခြိမ်းခြောက်မှုအား သူမကို သတိပေးလိုခဲ့သည်ဟု မစ္စတာရက်တောက ထွက်ဆိုခဲ့သည်။

ထိုတစ်ကြိမ်ဖြင့်ဆိုလျင် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ ခြံအမှတ် ၅၄ အတွင်းသို့ မစ္စတာရက်တော ရေကူး ဝင်ရောက်ခဲ့သည်မှာ နှစ်ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။ (ပထမအကြိမ်မှာ ၂၀၀၈ ခုနှစ် နှောင်းပိုင်းတွင် ဖြစ်သည်) ၎င်းရောက်ရှိလာခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စိတ်အနှောက်အယှက်ဖြစ်ရသည်ဟု ဆိုသော်လည်း ၎င်း၏ ကြွက်သားများမှာ ကြွက်တက်နေသည်ဟု မစ္စတာ ရက်တောက ပြောကြားလာသောအခါတွင် ၎င်းအား နေထိုင်ခွင့်ပြုခဲ့သည်။ မစ္စတာ ရက်တောမှာ မေလ ၄ ရက်နေ့ည နှောင်ပိုင်းတွင် ခြံဝင်းအတွင်းမှ ပြန်လည် ထွက်ခွာသွားခဲ့သော်လည်း နောက်တစ်နေ့ နံနက် အစောပိုင်းတွင် ပြည်လမ်းပေါ်ရှိ နိုင်ငံတကာစီးပွားရေးစင်တာအနီး ရေပြင်ပေါ်တွင် ရေကူးနေသည့်၎င်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိသွားသည့်အတွက် ဖမ်းဆီးခံခဲ့ရသည်။

Teza Hlaing / Frontier

၂၀၀၉ ခုနှစ်၊ သြဂုတ် ၁၁ ရက်နေ့တွင်မူ မစ္စတာရက်တောအား တားမြစ်ဇုံအတွင်းသို့ ရေကူး ဝင်ရောက်ခြင်းအတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်အပါအဝင် ထောင်ဒဏ် ခုနှစ်နှစ် ချမှတ်ခဲ့သည်။ သို့သော် အမိန့်ချမှတ်ပြီး တစ်ပတ်အကြာတွင် ၎င်းကို အမေရိကန်သို့ ပြန်ပို့ခဲ့သည်။ အဖျက်အမှောက်လုပ်ငန်းများမှ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သော ဥပဒေအရ အရေးယူခံထားရသော ဒေါ်အောင်ဆန်းစုကြည်မှာမူ သူမ၏ နေအိမ်အကျယ်ချုပ်ပါ စည်းမျဉ်းများကို ဖောက်ဖျက်ခြင်းအတွက် အစောပိုင်း၌ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသော်လည်း စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် ထိုပြစ်ဒဏ်အစား နေအိမ်အကျယ်ချုပ် ၁၈ လအဖြစ်သို့ ပြောင်းလဲပေးခဲ့သည်။

မေလ ၂၇ ရက်နေ့မှာ ခြောက်နှစ်ကြာ နေအိမ်အကျယ်ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မည့် အချိန်ပင် ဖြစ်သည်။ ဤပြစ်ဒဏ်သည် ၂၀၁၀ ခုနှစ်တွင် ကျင်းပသွားမည်ဟု ၂၀၀၈ ခုနှစ်တွင် စစ်ဗိုလ်ချုပ်များက ထုတ်ဖော်ပြောကြားခဲ့သော ရွေးကောက်ပွဲ၌ ပါဝင်နိုင်ခြင်း မရှိစေခဲ့ပေ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ခဲ့သည့် ရွေးကောက်ပွဲအပြီး ခြောက်ရက်ကြာပြီးနောက် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးခဲ့သည်။

ယနေ့အချိန်များတွင်မူ ကန်းဘေး၌ အုံကြွသော သဘောဆောင်သည့်ဖြစ်ရပ်အား အင်းယားကန်အတွင်းမှ လီတာထောင်နှင့်ချီသော ရေများကို စုပ်ထုတ်ကာ သောက်စားပျော်ပါးနေသူများကို ပက်ဖြန်းသည့် မြန်မာ့ရိုးရာ မဟာသြင်္ကန်ပွဲတော်ရက်များတွင်သာ ကြုံတွေ့ရတော့သည်။

တပ်မတော်ကလည်း အင်းယားကန် အရှေ့ဘက်ခြမ်း ကျွန်းဆွယ်ပေါ်တွင် လ ျှို့ဝှက်စက်ရုံများကို လည်ပတ်နေဆဲ ဖြစ်သည်။ သို့သော် ဤကန်စောင်းနေရာမှာ ကြီးကျယ်ခမ်းနားသော ကိုလိုနီခေတ်နှင့် မျက်မှောက်ခေတ် ရိပ်သာများ၊ အမေရိကန်သံရုံးနှင့် ရှေ့ဟောင်းကြိမ်စာများ၊ ဗုံးကြဲတိုက်ခိုက်ခြင်းများ သို့မဟုတ် ရေနစ်သေဆုံးသွားသော ဆန္ဒပြသမားများ၏ အတိတ်ကာလကို မသိကြသေးသော လူငယ်များ ပုံးကွယ် ချိန်းတွေ့ကြရာ ထီးကြီးများ အစဉ်လိုက်ချထားသည့် ပန်းခြံတို့ဖြင့် ကျော်ကြားလျက်ရှိသည်။

ခေါင်းစီးဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

အောင်မင်း ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar