ရာသီဥတု ဘေးအန္တရာယ်များအတွက် အမျိုးသားအဆင့် မြေယာဘဏ်ထားရှိရန် တိုက်တွန်း

ကျော်လင်းထွန်း

ရာသီဥတုပြောင်းလဲခြင်းကြောင့် ကြုံတွေ့လာရနိုင်သော ရွှေ့ပြောင်းအခြေချ နေထိုင်မှုများအတွက် အမျိုးသားအဆင့် မြေယာဘဏ် ထားရှိရေး ဆောင်ရွက်ရန် ဇွန် ၂၂ ရက်တွင် အသစ်ထွက်ရှိလာသော အစီရင်ခံစာတစ်စောင်က တိုက်တွန်းထားသည်။

ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းများဖြစ်သော စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း (ALARM) နှင့် စီးပွားရေးအရ အကျိုးရှိစွာ ဂေဟစနစ်ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (Ecodev) တို့က နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်သော Displacement Solutions နှင့် ပူးပေါင်းကာ ယင်းအစီရင်ခံစာအား သုတေသနပြု ရေးသားခဲ့ကြခြင်း ဖြစ်သည်။

ကမ္ဘာ့နိုင်ငံ ၁၈၇ နိုင်ငံအနက် ရာသီဥတုနှင့် ဆက်စပ်သဘာဝဘေးအန္တရာယ်များအား ခံနိုင်ရည်မဲ့မှုတွင် မြန်မာနိုင်ငံသည် ဒုတိယမြောက် ခံနိုင်ရည် အနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရသည်။ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုက်ကလုန်းမုန်တိုင်းဒဏ်၏ အကျိုးဆက်ကို ယခုတိုင် ခံစားနေရဆဲဖြစ်ပြီး ဆယ်စုနှစ်တစ်ခု ကြာပြီးသည်အထိ အလားတူ သဘာဝ ဘေးအန္တရာယ်များအား ရင်ဆိုင်ဖြေရှင်းနိုင်ရေး ကြိုတင်ပြင်ထားနိုင်ခြင်း မရှိသေးကြောင်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက မကြာခဏ သုံးသပ်ကြသည်။

သဘာဝဘေးများကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းရမှုများ ပိုမိုများပြားစေနိုင်ပြီး ကမ်းရိုးတန်းနေ ပြည်သူများသာမက အပူပိုင်းဒေသတွင်း နေထိုင်သူများ၊ မြစ်ကြီးများ တလျောက်နှင့် မြစ်ဝှမ်းလွင်ပြင်များတွင် နေထိုင်ကြသူများပါ ထိခိုက်ခံစားရမည်ဟု ရန်ကုန်မြို့၌ ပြုလုပ်သည့် အစီရင်ခံစာ မိတ်ဆက်ပွဲတွင် EcoDev ၏ တွဲဖက်တည်ထောင်သူ၊ ဒါရိုက်တာ ဦးဝင်းမျိုးသူက ထောက်ပြခဲ့သည်။

“အစိုးရအနေနဲ့ ရာသီဥတုနဲ့ ဆက်စပ်တဲ့ ဖြစ်ရပ်တွေကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်း အခြေချမှုတွေအတွက် မူဝါဒါတွေ ကြိုတင်ပြင်ဆင်ဖို့နဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။

“အထူးသဖြင့် အနာဂါတ်ကာလမှ ဖြစ်လာနိုင်တဲ့ ရာသီဥတုပြောင်းလဲမှုနဲ့ ပြင်းထန်ဆိုးဝါးတဲ့ မိုးလေဝသဖြစ်စဉ်တွေကြောင့် ပြောင်းရွှေ့အခြေချရမယ့် အခြေအနေတွေအတွက် အကောင်းဆုံး ပြင်ဆင်ထားရမှာပါ” ဟု ၎င်းက ဆိုသည်။

ALARM၊ EcoDev နှင့် Displacement Solutions အဖွဲ့များအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အတွင်းရှိ ရာသီဥတုပြောင်းလဲခြင်းနှင့် ပြင်ထန်လွန်ကဲသည့် မိုးလေဝသဖြစ်ရပ်များကြောင့် ထိခိုက်နိုင်ခြေရှိသော ဒေသများကို သွားရောက်ကာ ကနဦးလေ့လာမှုများ ပြုလုပ်ခဲ့သည်။

ထိခိုက်လွယ်သည့် အချို့သော ကျေးရွာများတွင် ပြင်းထန်သည့် မိုးလေဝသဖြစ်စဉ်များကြောင့် မြေယာနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ထိခိုက်ခဲ့၍ အကျိုးဆက်အနေဖြင့် ရွှေ့ပြောင်းအခြေချရမှုများကို တွေ့ရှိခဲ့ရသည်ဟု ယင်းအဖွဲ့အစည်းများက ပြောကြားကြသည်။

သို့ရာတွင် ထိခိုက်နိုင်ခြေလေ့လာမှုနှင့် ကြိုတင်ပြင်ဆင်ထားမှုများ မရှိ၍ ထိခိုက်ခံစားရမည့် ပြည်သူများအတွက် မည်သည့်နေရာသို့ ရွှေ့ပြောင်းအခြေချရမည်၊ မည်သို့ ပြုမူလုပ်ဆောင်သင့်သည်၊ မည်သည့်မူဝါဒ၊ အစီအစဉ်များအတိုင်း ဆောင်ရွက်ရမည်နှင့် မည်သည့်အဖွဲ့မှ စီစဉ်ဆောင်ရွက်မည် စသည်များမှာ ရှင်းလင်းပြတ်သားမှု မရှိဘဲ များစွာ အားနည်းလျက်ရှိနေသေးကြောင်း ယင်းအစီရင်ခံစာက ဆိုထားသည်။

အစီရင်ခံစာထဲတွင် ရာသီဥတုကြောင့် ပြောင်းရွေ့နေထိုင်ရမှု၏ ဆိုးကျိုးများ လျှော့ချနိုင်ရေးနှင့် ငြိမ်းချမ်းရေးကိုပင် ထိခိုက်လျက်ရှိသည့် မြေယာပြဿနာများ ဖြေရှင်းရာ၌ အထောက်အကူပြုနိုင်သည့် အမျိုးသားအဆင့် မြေယာဘဏ် ထားရှိရေး အပါအဝင် အကြံပြုချက် ၁၀ ချက်ကိုလည်း ထည့်သွင်းရှင်းလင်းထားသည်။

ယင်းအကြံပြုချက်များ၏ အနှစ်ချုပ်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် နေရပ်စွန်ခွာ ရွှေ့ပြောင်းရနိုင်သည့် ဒေသများအား လေ့လာဖော်ထုတ်ရန်၊ မြေယာဘဏ်ထားရှိရေး လုပ်ငန်းများအား လက်ရှိမူဝါဒနှင့် ဥပဒေရေးများတွင် ပေါင်းစပ် ထည့်သွင်းနိုင်သည့် အခြေအနေများအား လေ့လာရန်၊ ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်နယ်နှင့်တိုင်း အစိုးရများအား အမျိုးသားအဆင့် မြေယာဘဏ်များ ထိထိရောက်ရောက် ထားရှိနိုင်ရေး လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေပေးအပ်ရန်တို့ ဖြစ်ကြသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.