ရန်ကုန်ရှိ တရုတ်ဆေးခန်းနှစ်ခုကို အရေးယူနိုင်ရန် အချက်အလက် စုဆောင်းနေဟုဆို

ရန်ကုန်မြို့တွင် ဖွင့်လှစ် လုပ်ကိုင်နေကြသော တရုတ်တိုင်းရင်းဆေးခန်းအမည်ခံ ဆေးခန်းနှစ်ခုကို အရေးယူနိုင်ရန် အချက်အလက်များ စုဆောင်းနေသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးနိုင်ငံလင်းက အောက်တိုဘာ ၁၃ ရက်က ပြောကြားသည်။

ပန်းဘဲတန်းမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ လွတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဖွင့်လှစ်ထားသည့် တရုတ်ဆေးခန်းများသည် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးခန်း ဥပဒေအရ လုပ်ပိုင်ခွင့်များရရှိ၊ မရရှိနှင့် တရားဝင်ဆေးကုခွင့်လိုင်စင် ရှိ၊ မရှိအပြင် အဆိုပါ ဆေးခန်းများကို လုပ်ကိုင်နေကြသူများသည် မြန်မာနိုင်ငံသို့ မည်သို့ ရောက်ရှိလာသနည်းဟူသည့် မေးခွန်းများ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးမြန်းခဲ့မှုကို ဦးနိုင်ငံလင်းက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

အဆိုပါ တရုတ်ဆေးခန်းများသည် ရန်ကုန်မြို့ရှိ ဘတ်စ်ကားများ၊ လူသူထူထပ်သောနေရာများနှင့် လမ်းဆုံလမ်းခွများတွင် လက်ကမ်းကြော်ငြာများကို အလုံးအရင်းဖြင့် ဝေငှ လုပ်ကိုင်နေကြသည်ကို တွေ့ရပြီး တရားဝင်ကြော်ငြာများ၊ သတင်းစာများနှင့် ဂျာနယ်များတွင်လည်း ကြော်ငြာလျက်ရှိသည်ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။

“ယောကျ်ားများတွင် အဖြစ်များသော ဆီးလမ်းကြောင်း ပိုးဝင်မှုများကို ရန်ကုန်ရှိ နာမည်ကြီး ပုဂ္ဂလိကဆေးရုံများမှာပင် အဖိတ်အစင်များရှိကြောင်း၊ ၎င်းတို့အနေဖြင့် သေးငယ်သော အခန်းငယ်တွင် ကုသလျှက် လူတွေဘဝကို ဘယ်လိုတာဝန်ယူပြီး၊ အာမခံချက် ပေးနိုင်မှာလဲ” ဟု ၎င်းက မေးခွန်းထုတ်လိုက်ပြီး ယင်းတရုတ်ဆေးခန်းများသည် နောက်ပိုင်းတွင် တရားဥပဒေနှင့် မလွတ်ကင်းသော ကိုယ်ဝန်ဖျက်ချခြင်းများကို ပြုလုပ်လာနိုင်သည့်အပြင် အရဲစွန့်ကာ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကိုပါ ဖြတ်ထုတ်ပြီး အိန္ဒိယနိုင်ငံမှာကဲ့သို့ တရားမဝင်ရောင်းဝယ်မှုများ ရှိလာနိုင်သည်ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ဆေးခန်းများက ဆေးကုသခများကို အဆမတန် တောင်းခံမှုများ၊ လှည့်ဖြားတောင်းခံမှုများလည်း ရှိနေသည်ဟု ၎င်းက ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူများ၏ အဖြစ်အပျက်များကို ကိုးကား ပြောကြားသွားသည်။ အဆိုပါ တရုတ်ဆေးခန်းများသည် မြန်မာနိုင်ငံမှ ဆရာဝန်များ၏ အမည်များကို ဆိုင်းဘုတ်တွင် ချိတ်ဆွဲအသုံးပြုနေကြသည်ဟုလည်း ၎င်းက ပြောသည်။

ဦးနိုင်ငံလင်းကမူ ထိုတရုတ်ဆေးခန်းများသည် မြန်မာနိုင်ငံ၏ ဥပဒေနှင့် ကိုက်ညီစွာ လုပ်ကိုင်နေမှု မရှိကြောင်းနှင့် အစိုးရထံမှ ခွင့်ပြုချက် တစ်စုံတစ်ရာ တောင်းခံကာ လုပ်ကိုင်နေမှု မရှိကြောင်း ပြန်လည်ဖြေကြားသည်။

“ကျွန်တော်အနေနဲ့ တရုတ်ဆေးခန်းနှစ်ခန်းနှင့် ပတ်သက်ပြီး လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အချက်အလက် ပြီးပြည်စုံချိန်မှသာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ထိုတရုတ်ဆေးခန်းများကို ဥပဒေအရ အရေးယူသွားရန်ရှိပါတယ်” ဟု ၎င်းကပြောသည်။

သို့သော် အဆိုပါဆေးခန်းနှစ်ခု၏ အမည်များကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုမှု မရှိပေ။

သတင်း-စုမြတ်မွန်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.