လက်ရှိမြန်မာနိုင်ငံကို ပုံဖော်လိုက်သော ရှုပ်ထွေးပွေလီမှုများနှင့် ပြည့်နှက်နေသည့် သမိုင်းအကျဉ်း(ပထမပိုင်း)
ဂျာရတ် ဒေါင်းနင်း ရေးသားသည်။
၁၉၄၈
မြန်မာနိုင်ငံ လွတ်လပ်ရေး
မြန်မာနိုင်ငံသည် ဗြိတိသျှအုပ်ချုပ်ရေးကို တရားဝင် ရပ်ဆိုင်းလိုက်သည်။ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ-AFPFL) က အာဏာရပါတီအဖြစ် ပေါ်ထွက်လာသော်လည်း လွတ်လပ်ရေးကြိုးပမ်းသူ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းမှာ လုပ်ကြံခံရပြီး တိုင်းပြည်မှာ နိုင်ငံရေး အရှုပ်အထွေး၊ ပြည်တွင်းစစ်တို့ဖြင့် အကျပ်ဆိုက်နေခဲ့ရသည်။ ဖွံ့ဖြိုးကာစ ဒီမိုကရေစီစနစ်ကို ဦးဆောင်ကျင့်သုံးနေရသူ ဝန်ကြီးချုပ်သစ် ဦးနုမှာ သူ့လုပ်ငန်းစဉ်အချို့ကို အကောင်အထည်မဖော်နိုင်ခဲ့ချေ။
၁၉၄၉
ဗိုလ်ချုပ်နေဝင်း ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ခံရ
မြန်မာ့လွတ်လပ်ရေး ကနဦးကာလများကို ပြည်တွင်းစစ်နှင့် ကုန်လွန်ခဲ့ရသည်။ အလံနီကွန်မြူနစ်များ၊ ကရင်အမျိုးသားတပ်ပေါင်းစု (ကေအင်န်ယူ) နှင့် အခြားလက်နက်ကိုင် အင်အားစုတို့သည် တိုင်းပြည်၏ ဒေသများကို အုပ်စိုးထားကြသည်။ တဘက်၌ စစ်ဗိုလ်ချုပ် နေဝင်းကလည်း သူ့ကိုယ်ပိုင်တပ်ကို အမာခံပြု၍ တပ်မတော်ကို ထူထောင်နိုင်ခဲ့သည်။ သူ၏ လေးစားလောက်သော စစ်ယန္တရားဖြင့် တိုင်းပြည်ကို မပြိုကွဲအောင် ထိန်းထားနိုင်ခဲ့သည်။
၁၉၅၅
ဦးနု အစ္စရေးနိုင်ငံသို့ သွားရောက်
၁၉၅၀ ပြည့်လွန်နှစ်များက မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိကာ ကမ္ဘာ့စင်မြင့်တွင် တက်ကြွစွာ လှုပ်ရှားနိုင်ခဲ့သည်။ တက်ကြွသည့် သတင်းစာလွတ်လပ်ခွင့် ရှိပြီး အခြေခံ လူ့အခွင့်အရေးများကို အလေးထားခဲ့သည်။ မည်သို့ဆိုစေ ရန်ကုန်မြို့ပြင်မှ လက်နက်ကိုင်တိုက်ပွဲများ ဆက်ဖြစ်နေရာ ဦးနု၏ အုပ်ချုပ်မှုအာဏာ တစထက်တစ ပါးလျားလာကာ ဗိုလ်နေဝင်းနှင့် သူ့တပ်မတော်တို့မှာမူ ပို၍ အရေးပါလာတော့သည်။
၁၉၅၈
ဦးဆုံး စစ်အာဏာသိမ်းမှု
နိုင်ငံရေး အားပြိုင်မှုများ ထိန်းမနိုင်သိမ်းမရ အနေအထားသို့ ရောက်ရှိလာခဲ့သည်။ ဖဆပလ အဖွဲ့ချုပ်ကြီးအတွင်း အကွဲအပြဲများ ပေါ်ပေါက်လာကာ အစိုးရအဖွဲ့ ပြိုကွဲလုဆဲဆဲတွင် ဦးနုက တပ်မတော်ကို အိမ်စောင့်အစိုးရအဖြစ် ၆ လတာ ထိန်းသိမ်းပေးပါရန် ကမ်းလှမ်းခဲ့သည်။ ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရက အထွေထွေ ရွေးကောက်ပွဲမတိုင်မီ အခြေအနေ အရပ်ရပ် တည်ငြိမ်အောင် ၁၈ လကြာ အောင်အောင်မြင်မြင် ထိန်းထားနိုင်ခဲ့ပြီး အာဏာ ပြန်လည်လွှဲအပ်ခဲ့သည်။
၁၉၆၀
ဦးနု ရွေးကောက်ပွဲ အနိုင်ရ
ဦးနု အာဏာ ပြန်လည်ရရှိခဲ့သည့်တိုင် ဗဟိုအစိုးရမှာ အားနည်းနေဆဲ ဖြစ်ပြီး တိုင်းရင်းသားများ၏ သဘောထား ကွဲလွဲမှုများက နိုင်ငံကို မတည်မငြိမ် ဖြစ်စေတော့သည်။ စစ်အာဏာပိုင်တို့က တိုင်းရင်းသားများ၏ ခွဲထွက်လိုမှုကို ဦးနုက တဖြည်းဖြည်း အလျှော့ပေး လိုက်လျောသွားမည့်အရေး စိတ်မအေး ဖြစ်လာကြသည်။ ဦးနု၏ အာဏာတည်မြဲရေးနှင့် မြန်မာ့ဒီမိုကရေစီစနစ်တို့မှာ ရေရှည်ခိုင်မြဲနိုင်မည် မဟုတ်တော့ချေ။
၁၉၆၂
မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် ဗိုလ်ချုပ်နေဝင်းက ဝန်ကြီးချုပ် ဦးနုနှင့် အစိုးရအဖွဲ့ဝင် အများစုကို ထိန်းသိမ်း၍ တိုင်းပြည်အာဏာကို သိမ်းလိုက်တော့သည်။ အရာရာကို မယုံကြည်တတ်သည့် သံသယစိတ်ကြီးသော ဗိုလ်ချုပ်နေဝင်းသည် တပ်မတော်ကို သစ္စာစောင့်သိသူများကိုသာ မျက်နှာသာပေး၍ ပြိုင်ဘက်များ၊ ပညာတတ် စစ်ဗိုလ်များအား တပ်မှ ဖယ်ရှားပစ်ကာ အိန္ဒိယတိုက်သားအများစု ပါဝင်သည့် နိုင်ငံခြားသား နေထိုင်သူများအား တိုင်းပြည်မှ နှင်ထုတ်ပြီး အနောက်တိုင်းပုံစံ ကလပ်များနှင့် ဖြေဖျော်ပွဲများကို ပိတ်ပစ်ခဲ့သည်။
ဗိုလ်ချုပ်နေဝင်းသည် တိုင်းပြည်စီးပွားရေးကို တဖြည်းဖြည်း ချည့်နဲ့လာစေမည့် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် လမ်းစဉ် ဆိုသော စနစ်ကို ဖြည်းဖြည်းချင်း မိတ်ဆက်ချမှတ်လာတော့သည်။ အစိုးရက အရာအားလုံးနီးပါးကို ပြည်သူပိုင်သိမ်းခဲ့သည်။ တောင်သူလယ်သမားများအား မည်သည့်သီးနှံ စိုက်ရမည်၊ သီးနှံကို မတန်တဆ အနိမ့်ဈေးဖြင့် အစိုးရအားသာ ရောင်းချရမည်စသည်ဖြင့် အတင်းအဓမ္မ စေခိုင်းခဲ့သည်။ မြေယာနှင့် စီးပွားရေးလုပ်ငန်းများကို သိမ်းယူ၍ ပြန်လည်ခွဲဝေလုပ်ကိုင်စေသည်။ မှောင်ခိုဈေးကွက် ဖွံ့ဖြိုးလာပြီး ပြည်သူ့ဆိုင်များအပြင်ဘက်၌ ခွဲတမ်းချပေးသော ဆန်နှင့် ဖရောင်းတိုင်အနည်းအကျဉ်း ဝယ်ယူနိုင်ရန် ပြည်သူများ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းကြရသည်။
သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက “အပြင်လောကမှာ ဖရိုဖရဲဖြစ်မှု၊ ဖန်တီးမှုများနှင့် ပြည့်နေသော မယုံနိုင်လောက်ဖွယ် ဆယ်စုနှစ် တစ်ခုကို စတင်နေချိန်တွင် ဗိုလ်နေဝင်းနှင့် သူ့ဗိုလ်ချုပ်ကြီးများက အိမ်ရှေ့တံခါးဝ၌ ‘မနှောက်ယှက်ပါနဲ့’ ဆိုင်းဘုတ်ကို ချိတ်ထားလိုက်ကြသည်။ မြန်မာပြည်ကို ၁၉၆၀ ပြည့်လွန်နှစ်များက ကျော်ဖြတ်သွားကြလိမ့်မည်” ဟု သုံးသပ်သည့်အတိုင်းပင် ဖြစ်တော့သည်။
၁၉၆၂
ဇူလိုင်လ
ဗိုလ်နေဝင်း ဆန့်ကျင်ရေး လှုပ်ရှားမှုများ ရန်ကုန်တက္ကသိုလ်တွင် ပေါ်ပေါက်လာသည်။ ယင်းအရေးအခင်းကို စစ်သားများက ကျောင်းသား ဒါဇင်ပေါင်းများစွာကို ပစ်သတ်ခြင်း၊ သမဂ္ဂအဆောက်အအုံကို ဗုံးခွဲဖြိုချခြင်းတို့ဖြင့် ရှင်းလင်းပစ်လိုက်ရာ ယင်းက ဆယ်စုနှစ်များစွာ ကျောင်းသားအရေးအခင်းများ ဖြစ်ပွားအောင် လှုံ့ဆော်သည့် အမှတ်ထင်ထင် ထိုးနှက်ချက် တစ်ခုဖြစ်ခဲ့တော့သည်။
၁၉၇၂
ဗိုလ်ချုပ်နေဝင်းက ‘အရပ်သား’အစိုးရအဖွဲ့သစ်တွင် ခေါင်းဆောင်နေရာယူခြင်း
ဗိုလ်ချုပ်နေဝင်းအား ခေါင်းဆောင်တင်ကာ ဟန်ဆောင်ပန်ဆောင် အရပ်သား မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကြီးကို တပ်မတော်က ဖွဲ့စည်းတည်ထောင်လိုက်သည်။
၁၉၇၄
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲချမှတ်ကာ ‘ပြည်သူ့လွှတ်တော်’ ဆိုသော ရုပ်သေးပါလီမန်တစ်ရပ် တည်ထောင်လိုက်သည်။
၁၉၈၇
စက်တင်ဘာလ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ က ငွေစက္ကူအချို့ တရားဝင်သုံးစွဲခွင့် ဖျက်သိမ်း
မှောင်ခိုဈေးကွက် ရပ်တန့်စေရန် ဟုဆိုကာ ကျပ်ငွေစက္ကူ လေးပုံ သုံးပုံကို တရားမဝင် သတ်မှတ်လိုက်ရာ လူသန်းပေါင်းများစွာ၏ စုဆောင်းငွေများကို ဖျက်ဆီးပစ်လိုက်တော့သည်။ တိုင်းပြည် မည်မျှထိုးဆင်းကျသွားသည်ကို ရှက်ဖွယ်လိလိ အသိအမှတ်ပြုမှုတစ်ရပ်အဖြစ် မြန်မာနိုင်ငံ၏ “ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ” (LDC – Least Developed Country)အဖြစ် တင်ပြလျှောက်ထားမှုကို ကမ္ဘာ့ကုလသမဂ္ဂက လက်ခံလိုက်သည်။
ြမင့်စိုး ဘာသာပြန်သည်။
ခေါင်းစီးဓာတ်ပုံ – ဦးနုသည် ၁၉၄၈ ခုနှစ်၌ လွတ်လပ်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ထိုစဉ်မှစ၍ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာကြာအောင် ပြည်တွင်းမငြိမ်မသက်ဖြစ်မှုများကြားမှ ဖြတ်သန်းလာခဲ့ရသည်။ သို့တိုင် စစ်မှန်သည့် ဒီမိုကရေစီစနစ်ဆီသို့ ဖြည်းဖြည်းချင်း ဦးတည်ရွေ့လျားလာနေခဲ့သည်။