ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းနိုင်ခြေရှိသလားဟု မေးသည့်အခါ တပ်မတော်ဘက်ကို မေးခြင်းကသာ အကောင်းဆုံးပါဟု ဖြေကြားသွားသည်။
စည်သူအောင်မြင့် ရေးသားသည်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံက The 43rd Singapore Lecture ဟောပြောပွဲမှာ သွားရောက် ဟောပြောပါတယ်။
အမျိုးမျိုးသော မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ပြဿနာနဲ့ပတ်သက်တဲ့ သူ့ရဲ့ဟောပြောချက်တွေဟာ စိတ်ဝင်စားဖို့ ကောင်းသလို ဟောပြောပွဲအပြီး အမေးအဖြေကဏ္ဍမှာလည်း မေးမြန်းချက်တွေရော၊ သူ့ရဲ့ ဖြေကြားချက်တွေပါ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
အထူးသဖြင့် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ပါဝင်ပတ်သက်မှုနဲ့ ဒီပြဿနာကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ ကိစ္စမျိုးတွေပါ။ လက်ရှိ ဒီမိုကရေစီ အသွင်အကူးအပြောင်းကာလ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းနိုင်ခြေ ဘယ်လောက်ရှိနေသေးလဲဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
ဟောပြောပွဲမှာ စင်ကာပူနိုင်ငံသား တစ်ယောက်က မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းတဲ့ အခြေအနေမျိုး ပေါ်ပေါက်လာနိုင်သေးလားလို့ အဓိပ္ပာယ်ရတဲ့ မေးခွန်းမေးပါတယ်။
ဒါကို ဒေါ်အောင်ဆန်းစုကြည်က “တကယ်တော့ ဒီမေးခွန်း တပ်မတော်ဘက်ကို မေးရပါမယ်၊ သူတို့ဆိုရင် ပိုပြီး ဖြေနိုင်မှာပေါ့၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မကတော့ စိုးရိမ်ပူပန်တာမျိုး မရှိပါဘူး။ နိုင်ငံရေးမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ လက်တွေ့ကျဖို့ လိုပါတယ်။ တပ်မတော်နဲ့ ကျွန်မတို့ ဆက်ဆံရေး အခြေအနေ မဆိုးပါဘူး။ ကျွန်မတို့ အစိုးရအဖွဲ့မှာ တပ်မတော်က စစ်ဗိုလ်ချုပ် သုံးယောက် ပါဝင်တယ် ဆိုတာကိုလည်း မမေ့ပါနဲ့၊ သူတို့က ကောင်းကြပါတယ်” ဆိုပြီး ဖြစ်ပါတယ်။
အဓိပ္ပာယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုမျိုး နောက်ထပ် ဘယ်တော့မှ ပေါ်ပေါက်လာတော့မှာ မဟုတ်ဘူးဆိုပြီး အာမခံစကား မပြောခဲ့သလို နိုင်ငံရေးမှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုပြီး စစ်အာဏာသိမ်းမှုဆိုတာ ပေါ်ပေါက်ချင်ရင်လည်း ပေါ်ပေါက်နိုင်တာပဲဆိုတဲ့ သဘောမျိုးဖြေတာ တွေ့ကြရပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဘယ်လိုလုပ်မှာပါလဲဆိုတဲ့ မေးခွန်းမျိုးကိုတော့ ဒေါ်အောင်ဆန်းစုကြည်က “ဒီအပြောင်းအလဲကို ဖော်ဆောင်ရာမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်ထားတဲ့ အဆင့်လိုက်ညှိနှိုင်းဆွေးနွေးမှုပဲဖြစ်ပါတယ်။ အခြေခံဥပဒေမှာ ဒီမိုကရေစီမဆန်တဲ့ နေရာတွေ တခြားမှာရှိပါသေးတယ်။ ဒါတွေက တပ်မတော်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေပါ။
“ဒါတွေကို ညှိနိူင်းဆွေးနွေးတဲ့နည်းနဲ့ပဲ ပြောင်းလဲရမှာဖြစ်တယ်။ကျွန်မတို့ပြည်သူတွေ မနာကျင်စေတဲ့နည်းနဲ့ပဲ ပြောင်းချင်တယ်။ ကျွန်မတို့မြန်မာပြည်မှာ မတည်မငြိမ်မှုတွေ တော်လောက်ပါပြီ။ ကျွန်မတို့တိုင်းပြည်မှာ ဒုက္ခပင်လယ်ဝေတာ တော်လောက်ပါပြီ။ လူထုကြီးလည်း ခံစားနေရတာ များလှပါပြီ။
“တိုင်းပြည်ကို ကမောက်ကမဖြစ်စေမယ့် တော်လှန်ရေးလို (အပြောင်းအလဲ)မျိုးကို ကျွန်မတို့ တိုက်တွန်းနှိုးဆော်မှာတော့ မဟုတ်ဘူး။ ကျွန်မတို့ စိတ်ရှည်မှာပါ။ ဒါပေမဲ့ ကျွန်မတို့ မဆုတ်မနစ်ဘဲ ကြိုးစားသွားမှာပါ” ဆိုပြီး ဖြေခဲ့ပါတယ်။
ပြောရရင် အရင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့တကွ၊ စစ်ဗိုလ်ချုပ်ဟောင်းတချို့နဲ့ စစ်ဗိုလ်ချုပ်တချို့ကို အာဏာခွဲဝေလွဲှပြောင်းပေးပြီး ကန့်လန့်ကာနောက်ကွယ် ဝင်သွားခဲ့ပါတယ်။ သူအမွေပေးသွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုကိုင်ပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေဟာ အာဏာကို အဆင့်ဆင့်လက်ဆင့်ကမ်းပြီး အနည်းဆုံး နောင်အနှစ် ၂၀ -၂၅ နှစ်လောက်ထိ တိုင်းပြည်အာဏာကို ဆက်ကာဆက်ကာ ရယူနိုင်လိမ့်မယ်လို့ မျှော်မှန်းခဲ့ကြတာပါ။ နောက်ပိုင်း ဒါကို စစ်ဗိုလ်ချုပ်ဟောင်းတွေ ကိုယ်တိုင်လည်း ထုတ်ပြောကြပါတယ်။
ဒါပေမဲ့လည်း ကံမကောင်း အကြောင်းမလှစွာပဲ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အာဏာရ ပြည်ခိုင်ဖြိုးပါတီထဲက ကြီးမားတဲ့ အကွဲအပြဲ၊ လွှတ်တော်ကို ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ တပ်မတော်ကို ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေကြား အကွဲအပြဲ၊ တရုတ်နယ်စပ်က ကိုးကန့်သူပုန် ဖုန်ကျားရှင်ရဲ့ ကျူးကျော်တိုက်ခိုက်မှုကနေ စ လိုက်တဲ့ အရင်က စစ်အာဏာရှင်တွေကို ကျောထောက်နောက်ခံ ပေးခဲ့တဲ့ တရုတ်အစိုးရနဲ့ တပ်မတော်ရဲ့သဘောထားကွဲလွဲမှုစတဲ့ စတဲ့ အချက်တွေက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီကို အစိုးရအာဏာလွဲှပေးဖို့ အနေအထား ဖြစ်လာခဲ့တာပါ။
အဓိပ္ပာယ်ကတော့ တပ်မတော်ဟာ နိုင်ငံရေးကနေ တဆင့်ပြီးတဆင့် နောက်ဆုတ်သွားမယ်ဆိုတဲ့ တစ်စုံတစ်ခုသော လမ်းပြမြေပုံမပါဘဲ မတော်တဆ အင်န်အယ်လ်ဒီပါတီ အစိုးရအာဏာ ရသွားတာကို အသိအမှတ်ပြုလိုက်ရတဲ့သဘောပါ။
အဲဒီလို အတိုက်အခံ အင်န်အယ်လ်ဒီပါတီ အစိုးရဖြစ်လာပြီးနောက်ပိုင်း တပ်မတော်ခေါင်းဆောင်တွေရဲ့ သဘောထား ဘယ်လိုရှိသလဲ လေ့လာကြည့်ဖို့လိုပါတယ်။ ကိုယ့်သဘောနဲ့ကိုယ် နိုင်ငံရေးကနေ တဖြည်းဖြည်း နောက်ဆုတ်သွားပြီး ပရော်ဖက်ရှင်နယ် တပ်မတော်အဖြစ် ရပ်တည်သွားမလား၊ ဒါမှမဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ဆက်ပြီးဆုပ်ကိုင်သွားမလား၊ ဒါမှမဟုတ် အရင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ချထားပေးခဲ့တဲ့ လမ်းကြောင်းအတိုင်း တိုင်းပြည်အာဏာ အပြည့်အဝရဖို့ ကြိုးစားဦးမလားဆိုတာပါ။
လောလောဆယ် တပ်မတော် ခေါင်းဆောင်တွေရဲ့ ရပ်တည်ချက်ကိုကြည့်ရင် နိုင်ငံရေးကနေ တဖြည်းဖြည်း နောက်ဆုတ်သွားပြီး နိုင်ငံရေးနဲ့မပတ်သက်တဲ့ ပရော်ဖက်ရှင်နယ် တပ်မတော်အဖြစ်ရပ်တည်ဖို့ လမ်းပြမြေပုံ တစ်ရပ်ရပ်၊ အချိန်ဇယား တစ်ခုခုချပြီး လုပ်နေတဲ့အရိပ်အယောင် မတွေ့ရပါဘူး။ သိပ်မကြာခင်က ကျင်းပပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံကို ပြင်ချင်တယ်ဆိုရင် ဖွဲ့စည်းပုံမှာပါတဲ့အတိုင်း ပြင်၊ သဘောကတော့ တပ်မတော် သဘောတူမှ ဖွဲ့စည်းပုံကိုပြင်၊ သူကိုယ်တိုင်ကတော့ ဖွဲ့စည်းပုံပါ နိုင်ငံတော်အခြေခံမူ ၄၈ ချက် ခိုင်မာတည်တံ့ဖို့လိုတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။
သဘောကတော့ တပ်မတော်ဟာ နိုင်ငံတော်အခြေခံမူ ၄၈ ချက်ထဲမှာပါနေတဲ့ ပုဒ်မ ၆ (စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည် ဆိုတဲ့အချက်ကို စွန့်လွှတ်လိုတဲ့ သဘောမရှိသေးဘူးဆိုတာကို အတိအလင်း ပြသလိုက်တာပါ။ ဒီအချက်အလက်တွေကို ခြုံငုံကြည့်ရင် တပ်မတော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကနေ ပေးအပ်ထားတဲ့အာဏာတွေ လုပ်ပိုင်ခွင့်တွေကို စွန့်လွှတ်မယ့်အရိပ်အယောင် မရှိသေးဘူးဆိုတာ ရှင်းနေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ဟာ ဖွဲ့စည်းပုံကို လိုက်နာမယ်၊ ကာကွယ်မယ် စောင့်ရှောက်မယ်ဆိုထားသလို အခြားတစ်ဖက်မှာလည်း ဖွဲ့စည်းပုံထဲမှာ တပ်မတော်က တိုင်းပြည်အာဏာကို သိမ်းနိုင်တဲ့အချက် ပြဋ္ဌာန်းထားတာ မရှိလေတော့ တပ်မတော်ဘက်က ဖွဲ့စည်းပုံကို လိုက်နာနေသေးသ၍ အာဏာသိမ်းပွဲ မြင်တွေ့ရစရာအကြောင်း မရှိသေးပါဘူး။
ဖွဲ့စည်းပုံထဲမှာ တိုင်းပြည်ကို နိုင်ငံတော်သမ္မတက အစိုးရအာဏာနဲ့ ထိန်းသိမ်းနိုင်တဲ့ အခြေအနေ မရှိတော့ဘူးလို့ ယူဆတဲ့အခါ၊ တိုင်းတပါး ကျူးကျော်မှုမျိုး ရှိလာတဲ့အခါ သမ္မတကလွဲှအပ်မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ တိုင်းပြည်တာဝန်ကို ယူနိုင်တဲ့အနေအထား ပြဋ္ဌာန်းထားပါတယ်။ လက်ရှိမှာ သမ္မတဟာ ရွေးကောက်ခံပါတီရဲ့ သမ္မတဖြစ်တာမို့ အဲလိုအခြေအနေ ဖြစ်ပေါ်လာဖို့ မမျှော်လင့်နိုင်ပါဘူး။
ဒီအတွက် စင်ကာပူမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပါပဲ။ တိုင်းပြည်မှာ စစ်အာဏာသိမ်းနိုင်ခြေ ရှိမရှိ တပ်မတော်ဘက်ကိုပဲ မေးရမလိုဖြစ်နေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေက အာဏာသိမ်းနိုင်မှု ရှိ မရှိဆိုတာနဲ့ပတ်သက်လို့ကတော့ တပ်မတော်ခေါင်းဆောင်တွေဟာ ဒီမိုကရေစီနည်းလမ်း၊ တည်ဆဲဖွဲ့စည်းပုံ နည်းလမ်းနဲ့မဟုတ်ဘဲတအခြားဘယ်နည်းနဲ့မဆို နိုင်ငံ့အာဏာ ရယူလိုတဲ့စိတ်ဆန္ဒ ရှိ မရှိ၊ တပ်မတော် စစ်ခေါင်းဆောင် အဆင့်ဆင့်ကလည်း ထိပ်ဆုံးခေါင်းဆောင်က အမိန့်ပေးလိုက်တာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီ၊ တပ်မတော်ရဲ့စစ်စည်းကမ်း ဥပဒေတွေနဲ့ ညီမညီ မစဉ်းစားဘဲ၊ ဘာဖြစ်ဖြစ် အမိန့်နာခံဖို့ တစ်ခုတည်းဆိုတဲ့ အနေအထားမျိုး ရှိနေ၊ မနေ ဆိုတဲ့အချက်ကသာ အဆုံးအဖြတ်ပေးမှာ ဖြစ်ကြောင်းပါ။