မသန်စွမ်းများ တတ်စွမ်းစေဖို့

မုံရွာမြို့ရှိ ဆန်းသစ်တီထွင်မှုရှိသော ကျောင်းမှာ မြန်မာနိုင်ငံအတွင်းမှ မသန်စွမ်းများအတွက် အခမဲ့ပညာရေးနှင့် မွမ်းမံသင်တန်းများ ဖော်ဆောင်ပေးနေသည့် လွတ်လပ်သော အဖွဲ့အစည်း အနည်းငယ်အနက်မှ တစ်ခု ဖြစ်သည်။ 

ဗစ်တိုးရီးယား မီလ်ကို ရေးသားသည်။

မန္တလေးမြို့မှ နာရီအနည်းငယ်မျှ မောင်းသွားလျှင် ရောက်နိုင်သည့် စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်မုံရွာအနီးမှ ဖုန်ထူသော လမ်းအတိုင်း ဆင်းသွားပါက တစ်ကြိမ်လျှင် သင်ခန်းစာတစ်ရပ်နှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ကျွမ်းကျင်အရည်အသွေးများ ပေးအပ်ကာ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာအရ မသန်စွမ်းဖြစ်နေသူများကို ပိုမိုကောင်းမွန်သော ဘဝတစ်ခုသို့ ပြောင်းလဲပေးနေသည့် အများနှင့်မတူ ထူးခြားသော ကျောင်းတစ်ကျောင်း တည်ရှိသည်။

ဤကျောင်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် လှုပ်ရှားနေသည့် ဂျပန်အခြေစိုက် အင်န်ဂျီအိုတစ်ရပ်ဖြစ်သော ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးအသင်း Association for Aid and Relief နှင့် မြေလှူဒါန်းခဲ့သည့် မျက်မမြင်သံဃာတော်တစ်ပါးတို့၏ ပူးပေါင်းစီမံချက်တစ်ရပ် ဖြစ်သည်။ ယင်းမှာ မြန်မာနိုင်ငံရှိ အလားတူကျောင်းများအနက် အဦးဆုံး ဖွင့်သည့်ကျောင်းဖြစ်ပြီး ကျောင်းသင်ခန်းစာများ၊ အသက်မွေးဝမ်းကျောင်းမှု သင်တန်းများနှင့် အကူအညီ အမှန်တကယ် လိုအပ်သူများအတွက် နေရာထိုင်ခင်းများ စီစဉ်ပေးသော ကျောင်းပင် ဖြစ်သည်။

“ပြီးခဲ့တဲ့ နှစ်တွေတုန်းက မသန်စွမ်းတွေအတွက် လွတ်လပ်တဲ့ မွမ်းမံသင်တန်းကျောင်းရယ်လို့ မရှိခဲ့ဖူးပါဘူး” ဟု ကျောင်း၏ဥက္ကဋ္ဌ ဖြစ်ပြီး ပုံမှန်မဟုတ်သော ကျောရိုးဖြင့် မွေးဖွားလာခဲ့သည့် အသက်  ၂၅ နှစ်အရွယ် ကိုဧရာထက်က ဆိုသည်။ “ဒါ့ကြောင့် မသန်စွမ်းတွေအတွက် လွတ်လပ်တဲ့ မွမ်းမံသင်တန်းကျောင်းတစ်ကျောင်း  တည်ထောင်ဖို့ ကျွန်တော်တို့ စီစဉ်ခဲ့ကြတာပါ။ အဲဒီလိုကနေ ခုလိုမျိုး ဖြစ်လာတာပါ” ဟုလည်း ရှင်းပြခဲ့သည်။

ဒေသခံအသိုင်းအဝိုင်း၏ လှူဒါန်းမှုများအပေါ် အထူးတလည် မှီခိုနေရသော ဤကျောင်းမှ မိသားစုများနှင့် အမျိုးသားငယ်များအတွက် ပုဂ္ဂလိကပိုင် နေရာထိုင်ခင်းများ၊ အစားအစာများနှင့် ချိုင်းထောက်များ၊ လမ်းလျှောက်တုတ်များကဲ့သို့ အခြေခံအသုံးအဆောင်များကို ူပံ့ပေးလျက်ရှိသည်။ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက  လှူဒါန်းခဲ့သော မော်တာတပ် လက်တွန်းလှည်းတစ်လုံးပင် ရှိနေသေးသည်။ 

disabled_4.jpg

လက်ဖဝါးနှင့် လက်ချောင်းများမပါဘဲ မွေးဖွားလာသည့် ကိုဆန်းထူးက ဈေးကွက်တင်ရောင်းရန် အဝတ်အထည်များ ချုပ်လုပ်ရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – ဗစ်တိုးရီးယား မီလ်ကို

မသန်စွမ်းများအတွက် ထောက်ကူပစ္စည်း မပြည့်စုံသော နိုင်ငံတစ်နိုင်ငံတွင် ဤကျောင်းမှာ ကိုယ်ခန္ဓာ မသန်စွမ်းသူများနှင့် မျက်မမြင်များအတွက် စံပြုဖွယ်အိပ်မက်တစ်ခုပင်ဖြစ်သည်။ ကျောင်းအဆောက်အအုံ သုံးခုစလုံးတွင် လက်တွန်းလှည်း၊ သို့မဟုတ် ချိုင်းထောက်သုံးရသူများက အလွယ်တကူ  ဆင်းတက်နိုင်စေရန် ဆင်ခြေလျှောလမ်းများ တည်ဆောက်ထားသည်။

အဆောက်အအုံများနှင့် ချိတ်ဆက်ထားသော လျှောက်လမ်းများကို ပြေပြေပြစ်ပြစ် ခင်းထားသည့်ပြင်  မျက်မမြင်များအတွက် လမ်းညွှန်အဖြစ် သုံးနိုင်သော လက်ရန်းတန်းများ တပ်ဆင်ပေးထားသည်။ တံခါးများနှင့် ရေအိမ်များကိုလည်း လွယ်လင့်တကူ သုံးစွဲနိုင်စေရန် ပုံမှန်ထက် ပိုမိုကျယ်ဝန်းစွာ တည်ဆောက်ပေးထားသည်။

ရံဖန်ရံခါ၌ ကျောင်းမှထုတ်ပေးသော အဝတ်အစားများကို လက်တွေ့အသုံးချနယ်ပယ်မှာ သုံးနိုင်သေးသည်။ မိသားစုနှင့်အတူ ဤကျောင်းတွင် နေထိုင်လျက်ရှိသည့် သုံးနှစ်သမီးလေး မချယ်ရီမှာ ခြေလှမ်းတိုင်း တကျွီကျွီမြည်သော ဖိနပ်ကို စီးထားသဖြင့် မျက်မမြင် ဖခင်က ကျောင်းဝင်းအတွင်း သူ့သမီး  မည်သည့်နေရာမှာ ရှိနေသည်ကို စောင့်ကြည့်နိုင်သည်။

စာအံနေကြသည့် ကလေးငယ်များ၏အသံမှာ ကျောင်းဝင်းတစ်ဘက်ရှိ စာသင်ခန်း ပြတင်းပေါက်များမှတစ်ဆင့် ပေါ်ထွက်လာလျက်ရှိသည်။ ကွန်ပျူတာ အသုံးပြုခြင်း၊ အပ်ချုပ်ခြင်း၊ တားရော့ဟောခြင်းနှင့် နက္ခတ္တဗေဒင် အပါအဝင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာများကို ကျောင်းအဆောက်အအုံ၏ အခြားတစ်ဘက်တွင် သင်ပေးလျက်ရှိပြီး အပ်ချုပ်စက်များမှ တဂျုံးဂျုံးမြည်သံများကို မကြာခဏ ကြားရလေ့ရှိသည်။

“ ကျွန်တော် ဒီရောက်တော့ သူများတွေလို တန်းတူညီမျှ ခံစားရတယ်” ဟု ဤကျောင်းတွင် နေထိုင်လျက်ရှိသည့် အသက် ၃၅ နှစ်အရွယ် ကိုဆန်းထူးက ဆိုသည်။ “နောက်တော့လည်း ကျွန်တော်က အားလုံးနဲ့တန်းတူပါပဲဆိုပြီး ခံစားလာရတယ်” ဟု ခြေထောက်တစ်ဘက်သာရှိပြီး လက်အောက်ပိုင်း မပါသည့်ပြင် မေးရိုးတစ်ခြမ်းလည်း ပါမလာဘဲ မွေးလာခဲ့သူ ကိုဆန်းထူးက ထပ်လောင်းပြောကြားသည်။

၎င်းသည် တရွာတည်းသားများ၏ မနှစ်မြို့မှုနှင့် နားမလည်မှုများကို မကြာခဏ ခံစားရလေ့ရှိသည်။ မြန်မာနိုင်ငံရှိ အခြား လူမှုအသိုင်းအဝိုင်းများကဲ့သို့ပင် ထိုရွာတွင်လည်း မသန်စွမ်းများအတွက် အသုံးအဆောင်ရင်းမြစ်များ မရှိခဲ့ပေ။

“ကျွန်တော်အထင်တော့ တခြားသူတွေနဲ့ ကျွန်တော် ကွဲပြားခြားနားမှု ရှိတယ်ဆိုတာကို သုံး လေးနှစ်လောက်မှာ စတင်သတိထားမိတာပါ” ဟု ၎င်းက ဆိုသည်။ “လူတွေက ကျွန်တော့်ကို လူထူးလူဆန်းတစ်ဦးလို ငေးကြည့်ကြတယ်။ သူတို့က ကျွန်တော့်အခြေအနေကို နားမလည်ခဲ့ကြဘူးး။ ကျွန်တော်လည်း အရမ်းရှက်တာကြောင့် အိမ်ထဲမှာပဲ နေခဲ့ရတယ်” ဟုလည်း ရင်ဖွင့်ပြောကြားသည်။ 

disabled_1.jpg

ကျောင်းသုံးပစ္စည်း အများစုကို လှူဒါန်းထားကြခြင်းဖြစ်ရာ မသန်စွမ်းများ စီးနင်းနိုင်သော စကူတာနှင့် မော်တော်ဆိုင်ကယ်များ အပါအဝင် ဖြစ်သည်။ ဓာတ်ပုံ – ဗစ်တိုးရီးယား မီလ်ကို

မိဘများက ကျေးရွာအစိုးရကျောင်းသို့ ပို့ဆောင်ပြီးနောက် ၎င်း၏ လူမှုရေး၊ ပညာရေးနှင့် လှုပ်ရှားနိုင်မှု အပိုင်းများတွင် စိန်ခေါ်ချက်များနှင့် ဆက်လက်ရင်ဆိုင်ခဲ့ရသည်။

“တခါတလေဆိုရင် ကျောင်းကို ခြေတစ်ဘက်တည်းထောက်ပြီး သွားခဲ့ရသလို ဗွက်ထဲကို လဲကျနစ်နေတာမျိုး၊ ဒါမှမဟုတ် ရေထဲကို ပြုတ်ကျတာမျိုးလည်း ကြုံရပါတယ်” ဟု ၎င်းက ဆိုသည်။ “ကျောင်းကို ရှက်ရှက်နဲ့ ပေပေကျံကျံ သွားခဲ့ရတာမျိုးလည်း ရှိဖူးပါတယ်” ဟုလည်း ဖြည့်စွက်ပြောပြသည်။

ရန်ကုန် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးအသင်း AAR သို့ အလည်အပတ် သွားရောက်ခဲ့ခြင်းမှာ ၎င်း၏ပညာရေးအတွက် အလှည့်အပြောင်းတစ်ရပ် ဖြစ်ခဲ့ပြီး အထူးသဖြင့် မသန်စွမ်းဖြစ်နေသော ၎င်း၏ဘဝအတွက် တကွေ့တချိုး ဖြစ်သည်ဟု ကိုဆန်းထူးက ဆိုသည်။

“ကျွန်တော်က ရန်ကုန်ကို ခြေထောက်အတုတပ်ဖို့ သွားတဲ့အခါမှာ သူနာပြုဆရာမတစ်ဦးက ကွန်ပျူတာ၊ ဆံပင်ညှပ်၊ ဒါမှမဟုတ် အပ်ချုပ်လို ဘယ်လိုအသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းမှာ စိတ်ဝင်စားသလဲလို့ မေးခဲ့ပါတယ်” ဟု ၎င်းက Frontier ကို ပြန်ပြောပြသည်။ “ဒါနဲ့ ကျွန်တော်က အပ်ချုပ်ရတာကို ဝါသနာပါတယ်လို့ ပြန်ဖြေခဲ့တယ်လေ” ဟုလည်း ထပ်လောင်းပြောကြားသည်။

ကိုဆန်းထူးသည် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးအသင်း AAR အပ်ချုပ်သင်တန်းကို စတက်ပြီး တစ်နှစ်မပြည့်မီ အောင်မြင်ပြီးဆုံးခဲ့သည်။

“ကျွန်တော်ငယ်ငယ်လေးကတည်းက ဒီဘာသာရပ်ကို စိတ်ဝင်စားခဲ့တာပါ။ ဒါပေမဲ့ ဒါကိုသင်နိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိဖူးပါဘူး။ ကျွန်တော်က မသန်စွမ်းတစ်ဦး ဖြစ်နေလို့ပါ။ ဒါပေမဲ့ ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးအသင်း AAR နဲ့ တွေ့တဲ့အခါမှာ ပြောစရာစကား ရှာမတွေ့လောက်အောင်ကို ပျော်ခဲ့ရတယ်။ သင်ကြားရမယ့် နေရာတစ်ခုကို ကျွန်တော် တွေ့ရှိခဲ့ရလို့ပါ” ဟု ၎င်းက ရှင်းပြသည်။

ကိုဆန်းထူးအဆိုအရ ၎င်း၏ အတွေ့အကြုံသည် အခြားမသန်စွမ်းများအား အသက်မွေးဝမ်းကျောင်းပညာများ သင်ပြပေးရန် ၎င်းအားလှုံ့ဆော်ခဲ့ပြီး မုံရွာမြို့ကျောင်းတွင် လက်ရှိအလုပ်ကို ဝင်လုပ်ဖြစ်စေခဲ့သည်။ ထိုကျောင်းတွင် အခြားအပ်ချုပ်ဆရာမမှာ အသက် ၂၉ နှစ်အရွယ် မလူလင်းဟိန်းပင် ဖြစ်သည်။ ၎င်းမှာ ငယ်ရွယ်စဉ်ကပင် ပိုလီယိုရောဂါ ခံစားခဲ့ရပြီး ခြေထောက်များ လှုပ်ရှားမရ ဖြစ်ခဲ့ရသည်။

disabled_3.jpg

တားရော့ဗေဒင်ဟောသည့် အခန်းရှေ့တွင် ခေတ္တထိုင်နေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ – ဗစ်တိုးရီးယား မီလ်ကို

မလူလင်းဟိန်းက ကျေးရွာရှိ အခြားသူအချို့မှာလည်း ပိုလီယိုရောဂါ ခံစားခဲ့ကြရသည်ဟု ယုံကြည်လျက်ရှိပြီး ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးအသင်း AAR မှ မွမ်းမံသင်တန်း သင်ယူခွင့်ရရှိသူ အနည်းငယ်အနက် ၎င်းမှာ တစ်ဦးအပါအဝင်ဖြစ်ကြောင်း ဆိုသည်။

“ငယ်ငယ်လေးနဲ့ အဲဒီမွမ်းမံသင်တန်းကျောင်းမှာ အပ်ချုပ်ပညာသင်ရတဲ့အခါ လုပ်စရာကိုင်စရာ ရတယ်၊ အားပေးအားမြှောက်မှု ရရှိတယ်လို့ ကျွန်မခံစားခဲ့ရပါတယ်” ဟု ၎င်းက ဆိုသည်။ “ခုဆိုရင်တော့ ဒီနေရာက ကလေးတွေနဲ့ လူအုပ်စုအမျိုးမျိုးကို တက်တက်ကြွကြွ သင်ပေးနေပါပြီ။ ကျွန်မ ရခဲ့ဖူးတဲ့ ခံစားမှုမျိုးကို သူတို့ကို ကျွန်မ ပြန်ပေးနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ” ဟုလည်း ဖွင့်ဟရှင်းပြသည်။

မလူလင်းဟိန်းအဆိုအရ မသန်စွမ်းအမျိုးသမီးများမှာ မသန်စွမ်းအမျိုးသားများထက် စိတ်ဖိစီးမှု ပိုမိုကြုံတွေ့ရဖွယ်ရှိကြောင်း ဆိုသည်။

“မသန်စွမ်းအမျိုးသမီးတစ်ဦး ဖြစ်ရတဲ့အတွက် ပိုမိုကြောက်လန့် အားငယ်ရတယ်လို့ ကျွန်မ ခံစားမိပါတယ်” ဟု ၎င်းက ဆိုသည်။ “ကျွန်မဘက်က မားမားမတ်မတ် ရပ်ပေးမယ့်၊ ကျွန်မကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်မယ့် လူက နည်းနည်းပဲ ရှိပါတယ်။ ကျွန်မ ဘေးကင်းလုံခြုံဖို့ ဘယ်သူကများ အာမခံပေးမှာလဲ” ဟုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။

စိုးရိမ်ကြောက်လန့်မှုများ ရှိနေသော်ငြားလည်း မလူလင်းဟိန်းမှာ ကျောင်းတက်လာကြသော မသန်စွမ်းအမျိုးသမီးများကို ကူညီသည့် အစီအစဉ်တွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။ ဤကျောင်းတွင် မကြာသေးခင်က ဖွဲ့စည်းခဲ့သည့် အမျိုးသမီးအဖွဲ့အတွက် ပြင်ဆင်ရေးလုပ်ငန်းများကို ၎င်းက ကူညီခဲ့သည်။ ဤအဖွဲ့ကို ကျောင်းတက်ရန် ကြိုးပမ်းနေသည့် လူလွတ်အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ဘေးကင်းလုံခြုံသော နေရာထိုင်ခင်း တစ်ခုပေးရန် ဖော်ဆောင်ပေးလျက်ရှိသည်။

“အလားအလာရှိတဲ့ ကျောင်းသူတွေက ကျောင်းမှာ ပညာသင်ကြားခွင့်ရဖို့ မျှော်လင့်ချက်နဲ့ ကျွန်မတို့ကို ဆက်သွယ်ခဲ့ကြပါပြီ” ဟု ၎င်းက ရှင်းပြသည်။ “အမျိုးသမီးအဆောင်ဖွင့်ဖို့အတွက် ကျွန်မတို့ပြင်ဆင်နေတဲ့လ (စက်တင်ဘာ) ကတည်းက သူတို့အားလုံးကို ကူညီနိုင်လိမ့်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

မသန်စွမ်းကလေးငယ်များအတွက် ဆယ်စုနှစ်များစွာ အလုပ်လုပ်ခဲ့ပြီး ယခုအခါ မုံရွာကျောင်း၏ အကြံပေးအဖြစ် ဆောင်ရွက်နေသော အငြိမ်းစားဆရာမ ဒေါ်သီရိဦးက မသန်စွမ်းအသိုင်းအဝိုင်းမှ ရင်ဆိုင်နေရသော စိန်ခေါ်ချက်များစွာ ရှိနေသည်ဟု ပြောသည်။

“တန်းတူညီမျှမှုရှိတဲ့ အခွင့်အလမ်းတွေ၊ ပါဝင်ခွင့်တွေကို သူတို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။ တန်းတူ အခွင့်အရေးများ ရရှိစေဖို့ရာ မသန်စွမ်းအသိုင်းအဝိုင်းအတွက် လုံလောက်သော နိုင်ငံရေးကိုယ်စားပြုမှု လိုအပ်သည်ဟုလည်း ဖြည့်စွက်ပြောကြားသည်။

ဒေါ်သီရိဦးက မုံရွာကျောင်းကဲ့သို့ အခြားမသန်စွမ်းကျောင်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ၎င်းအား စိတ်အားတက်ကြွစေကြောင်း ပြောသည်။ အခြားကျောင်းများ၌ လေ့ကျင့်သားပြည့်ဝသော ဆရာများနှင့် လုံလောက်သော စာသင်ခန်း အထောက်အကူပြုပစ္စည်းများ မရှိသလောက်နည်းပါးသောကြောင့်ပင်ဖြစ်သည်ဟု ဆိုသည်။

“ကျောင်းမှာ မျက်မမြင်ကျောင်းသားတွေ၊ မသန်စွမ်းတွေကို ကျောင်းလာအပ်တဲ့အခါမှာတောင် ဆရာတွေက ဒီလိုကျောင်းသားတွေကို ပညာသင်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူးလို့ ပြောလေ့ရှိပါတယ်” ဟု ဒေါ်သီရိဦးက ဆိုသည်။ “ဒါ့ကြောင့်လည်း ဒီလိုမျိုး မွမ်းမံသင်တန်းတွေ ကျောင်းတွေကို ကျွန်မတို့ ဖွင့်လှစ်ခဲ့တာပါ” ဟု မုံရွာကျောင်းကို ရည်ညွှန်းကာ ၎င်းက ရှင်းပြသည်။ “ဒီအကြောင်းကြောင့်ပဲ စေတနာ့ဝန်ထမ်း လုပ်ခဲ့တာပါ” ဟုလည်း ထပ်လောင်းရှင်းပြသည်။

မသန်စွမ်းများအတွက် ကျောင်းများနှင့် ရင်းမြစ်များ တိုးများလာခဲ့ပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံရှိ ၎င်းတို့၏ အခွင့်အရေးများကို သေချာပေါက် ရရှိစေရေးအတွက် ဆောင်ရွက်စရာများစွာ ကျန်သေးသည်ဟုလည်း ဒေါ်သီရိဦးက ဆိုသည်။

“ကျွန်မတို့တွေ ဆက်လုပ်နေဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။ “အလုပ်တွေ အများကြီးကို ကြိုးစားပမ်းစား လုပ်ရဦးမှာပါ။ အဲဒါမှလည်း မသန်စွမ်းတွေအတွက် အခွင့်အလမ်းတွေ ပိုများလာမှာပါ။ မုံရွာက ဒီနေရာမှာ တွေ့ရသူတွေ ရရှိတဲ့ အခွင့်အလမ်းမျိုး လူတိုင်းမှာ မရှိသေးပါဘူး” ဟုလည်း ဒေါ်သီရိဦးက ဖြည့်စွက်ပြောကြားသည်။

အောင်မင်း ဘာသာပြန်သည်။

ဗစ်တိုးရီးယား မီလ်ကို

ဗစ်တိုးရီးယား မီလ်ကို

ဗစ်တိုးရီးယား မီလ်ကိုသည် ဝါရှင်တန်ဒီစီမှ ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်သည်။ Frontier ၏ Multimedia Editor တစ်ဦးလည်း ဖြစ်သည်။ သူမသည် ဝါရှင်တန်ပို့စ်၊ NPT နှင့် အယ်လ်ဂျာဇီယားတို့တွင်လည်း ပုံမှန်ရေးသားနေသည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar