ပြန်ကြားရေး ဒုဝန်ကြီးသစ်ဖြစ်လာတဲ့ ဝါရင့် မီဒီယာသမားတစ်ဦး

မြတ်ကျော်သူ

ဝါရင့် သတင်းမီဒီယာသမားတဦးဖြစ်သူ ဦးအောင်လှထွန်းကို ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်ဟု သမ္မတရုံးက ယမန်နေ့က ကြေညာလိုက်သည်။ ဦးအောင်လှထွန်းသည် လန်ဒန်အခြေစိုက်၊ နိုင်ငံတကာ သတင်းမီဒီယာတစ်ခုဖြစ်သော ရိုက်တာ (Reuters) သတင်းဌာနတွင် မြန်မာနိုင်ငံ ဌာနေသတင်းထောက်အဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ တာဝန် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဖေမြင့်သည်လည်း ယခင်က မီဒီယာသမားတဦးဖြစ်ခဲ့သလို ဦးအောင်လှထွန်းလည်း ဒုဝန်ကြီး ဖြစ်လာသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအား မီဒီယာသမားများက ဦးဆောင်တော့မည်ဖြစ်သည်။

သို့သော် “ဒုဝန်ကြီးသစ်ပေါ်မှာ မျှော်လင့်ချက်တွေ အများကြီး ထားကြပေမယ့် မီဒီယာလွတ်လပ်ခွင့်နဲ့ သတင်းအချက်အလက် ရယူပိုင်ခွင့် အခွင့်အလမ်းတွေ တိုးတက်ကောင်းမွန်မှု တဟုန်ထိုး တက်သွားလိမ့်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး” ဟု မြန်မာသတင်းစာပညာသိပ္ပံမှ ဒါရိုက်တာ ဦးစိန်ဝင်းက ဆိုသည်။

ရခိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ဦးအောင်လှထွန်းသည် အနည်းငယ်တင်းမာသည့် သူ၏ သဘောထား မှတ်ချက်များကြောင့် ရခိုင်အရေးစိတ်ဝင်စားသည့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် လူသိများသူတဦးလည်းဖြစ်သည်။

“ကျွန်တော် နားလည်သလိုပြောရရင် ဆရာ ဦးအောင်လှထွန်းရဲ့ ရိုဟင်ဂျာအရေး (အပေါ်) ရပ်တည်မှုက တပ်မတော်နဲ့ အစိုးရကို ဆွဲဆောင်မှု ရှိစေတယ်။ ဒါကြောင့် သူ့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားသတင်းဌာနတွေကို ကိုင်တွယ်ဖို့ ဆွဲခန့်လိုက်တာဖြစ်မှာပါ” ဟု ဦးစိန်ဝင်းက ဆိုသည်။

ဦးအောင်လှထွန်းသည် အင်္ဂလိပ်စာ သင်တန်းများကို ဖွင့်လှစ်သင်ကြားခဲ့သူဖြစ်သလို နိုင်ငံခြားသတင်းဌာနတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာသူဖြစ်သည့်အတွက် လက်ရှိဒေါ်အောင်ဆန်းစုကြည်အစိုးရ အတွင်းရှိ အခြားဝန်ကြီးများနှင့် နှိုင်းယှဉ်လျှင် ဘာသာစကားပိုင်ဆိုင်ရာ ပိုမိုကျွမ်းကျင်ပြီး နိုင်ငံတကာမီဒီယာများနှင့်လည်း ဆက်ဆံမှု ပို၍ အဆင်ပြေလာနိုင်ဖွယ်ရှိမည်ဟု မျှော်လင့်ရသည်။

သတင်းမီဒီယာသမားဟောင်းတဦးဖြစ်သူ ဦးဖေမြင့်အား ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့စဉ်ကလည်း မြန်မာမီဒီယာသမားများက မျှော်လင့်ချက် ကြီးမားခဲ့ကြသေးသည်။ သို့သော် ဦးဖေမြင့်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းထောက်များအရေး လုပ်ဆောင်ချက်များမှာ ယခင်အစိုးရဝန်ကြီးများထက် ပိုမိုသိသာ ထင်ရှားစွာ ပြောင်းလဲမှု မရှိခဲ့ပေ။

နိုင်ငံခြားသတင်းထောက်တဦးဖြစ်သူ ကိုသီဟသွေးက “သတင်းမီဒီယာကောင်စီကို ဦးဆောင်ခဲ့တဲ့နေရာမှာတော့ သူ့ရဲ့ အတွေ့အကြုံ၊ အတွေးအခေါ်တွေကို အားသွန်ခွန်စိုက် လုပ်တာ သိပ်မတွေ့ခဲ့ရဘူး။ အစိုးရအကျိုးစီးပွားနဲ့ သတင်းထောက် အကျိုးစီးပွား ယှဉ်လာခဲ့ရင် ဒီသတင်းလောက လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်မယ့် အကျိုးစီးပွားဘက်ကို မပုံနိုင်ဘူး။ အစိုးရအကျိုးစီးပွားကိုလည်း ငဲ့ကွက်ခဲ့တာမျိုးတွေ တွေ့ရတယ်” ဟုဆိုသည်။

ထို့ပြင် “သူက လွတ်လပ်တဲ့မီဒီယာမှာ အကြာကြီး လုပ်ဖူးတယ်ဆိုတော့ ပိုပြီး ကောင်းလာဖို့ မျှော်လင့်တယ်။ ဒါပေမယ့် တဖက်မှာကျတော့လည်း ပြန်ကြားရေးမှာလည်း အရင်တုန်းက လုပ်ဖူးတယ်၊ ဒါကြောင့် ဗျူရိုကရက်တွေကိုလည်း သိတယ်၊ ဆိုတော့ ခု ဝန်ကြီးဖြစ်သွားတော့ အရင်ကလို ပြန်ပြီး ဗျူရိုကရက်ဆန်သွားမလားလို့ စိတ်ပူတယ်။ သိပ်ပြီး အစိုးရဖက်ကိုလိုက်တဲ့ အစိုးရဝန်ကြီးဖြစ်သွားမှာ စိတ်ပူတယ်” ဟု ကိုသီဟသွေးက ထပ်မံ ပြောကြားသည်။

ဦးအောင်လှထွန်း ရိုက်တာ သတင်းဌာနတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရိုက်တာ၏ မြန်မာနိုင်ငံ ဗျူရိုအကြီးအကဲ ဖြစ်ခဲ့သူ ပေါလ် မူနီ က “၂၀၁၄-၁၅ က ရန်ကုန်မှာ ဗျူရိုအကြီးအကဲအဖြစ် ကျွန်တော် တာဝန်ယူတုန်းက ဦးအောင်လှထွန်းနဲ့ အနီးကပ် အလုပ်လုပ်ခဲ့ဖူးပါတယ်။ မူဆလင်တွေနဲ့ ပတ်သက်ပြီး သူ့က ဘက်လိုက်တဲ့ အမြင်ရှိပါတယ်။ ဒါကြောင့် အဲဒီလို ကိစ္စတွေ ရေးသားတဲ့နေရာမှာ သူနဲ့ အတူတူ တွဲလုပ်ဖို့ တော်တော်ခက်ခဲခဲ့တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ၎င်း၏ ပြောကြားချက်တစ်ခုနှင့် ပတ်သက်ပြီး ဦးအောင်လှထွန်း ဝေဖန်ခံခဲ့ရကာ ဇန်နဝါရီ ၁၂ ရက်နေ့တွင်မူ သူ၏ Facebook စာမျက်နှာတွင် ၎င်း၏ ပြောကြားခဲ့မှုကို ပြန်လည် ရှင်းလင်းခဲ့သည်။

“တိုင်းရင်း မီဒီယာတွေနဲ့ အဖွဲ့အစည်းတချို့ကို ပြည်ပမှ ငွေကြေး ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေက ဘင်္ဂလီလို့သုံးရင် ထောက်ပံ့မှု ရပ်တန့်မယ်/ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို သုံးဖို့ ဖိအားပေးခံရတယ်….ဆိုတာတွေ ကြားသိရတဲ့အတွက် ဒါတွေဟာ Agenda Setting လို့ခေါ်တဲ့ သူတို့ဖြစ်စေချင်တာကို အတင်းပုံဖော် ဆောင်ရွက်ခြင်းရဲ့ ထင်ရှားတဲ့ သာဓက တစ်ခုပါလို့ ဆိုလိုတာပါ။ တကယ်တော့ Agenda setting ဟာ မီဒီယာလွတ်လပ်မှုကို အလွဲသုံးစားလုပ် ထိန်းချုပ်ခြင်း တစ်မျိုးပါ” ဟု ဦးအောင်လှထွန်းက ပြန်လည်ဖြေရှင်း ရေးသားခဲ့သည်။

အဆိုပါ ရေးသားချက်နှင့်ပတ်သက်၍ “ဒါက စိတ်ပျက်စရာပဲ။ ရိုက်တာမှာ နှစ် ၂၀ ကျော်လောက် လုပ်ခဲ့ဖူးတဲ့သူ တစ်ယောက်အနေနဲ့ သူပြောနေတာတွေဟာ အမှန်မဟုတ်ဘူးဆိုတာ သူကိုယ်တိုင် အသေအချာသိပါတယ်” ဟု ပေါလ် မူနီက ပြောသည်။

လက်ရှိအချိန်တွင် ရိုက်တာ သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့သည် ထောင်ဒဏ် ၁၄ နှစ်နှင့်အထိ ချမှတ်ခံရနိုင်သည့် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်သည်ဟူသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည်။ ရိုက်တာသတင်းထောက်ဟောင်း တဦးဖြစ်သူ ဒုဝန်ကြီးသစ် ဦးအောင်လှထွန်းအနေနှင့် အဆိုပါကိစ္စကို မည်ကဲ့သို့ ကိုင်တွယ်သွားနိုင်မည်လဲ ဆိုသည်မှာလည်း စောင့်ကြည့်ရတော့မည် ဖြစ်သည်။

“ပြည်တွင်းပြည်ပ သတင်းထောက်တွေကို ဦးအောင်လှထွန်းက ဝေဖန်နေပေမယ့် ရိုက်တာ သတင်းထောက် နှစ်ယောက်အပါအဝင် သူရဲ့ လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေ ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ပြောဆိုတာတော့ နည်းနည်းလေးပဲ ကြားရတယ်။ ရိုက်တာသတင်းထောက် နှစ်ယောက် လွတ်မြောက်ရေးအတွက် သူ့ရဲ့ ရာထူးသစ်ကို အသုံးချပြီး ကြိုးစားလိမ့်မယ်လို့ မျှော်လင့်နိုင်ပေမယ့် သူ့ရဲ့ သမိုင်းကြောင်းကြောင့် ကျွန်တော်ကတော့ သိပ် မထင်ဘူး” ဟု ပေါလ် မူနီကဆိုသည်။

Frontier က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဒုဝန်ကြီးအဖြစ် ခန့်အပ်ခံရမှုနှင့် ပတ်သက်၍ “ပြောဆိုရန် တစုံတရာ မရှိပါ” ဟု ဦးအောင်လှထွန်းက ဖြေကြားခဲ့သည်။

ဦးအောင်လှထွန်းကို ပြန်ကြားရေးဒုဝန်ကြီးရာထူး ခန့်အပ်သည့်အတွက် မြန်မာသတင်းထောက်များ၊ ၎င်း၏ စာသင်တပည့်များနှင့် မိတ်ဆွေများက ၎င်းတို့၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ဂုဏ်ယူသည့် စာများ အများအပြား ရေးသားခဲ့ကြသလို ဝမ်းသာသည့်မှတ်ချက်များလည်း ပေးခဲ့ကြသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.