“စားဝတ်နေရေးအဆင်မပြေလို့ အားလုံးအပေါ်မှာ သည်းမခံနိုင်ဖြစ်နေတဲ့ လူတွေအနေနဲ့ အဲဒီလောက် ရှုပ်ထွေးတဲ့ကိစ္စတွေကို ရင်ဆိုင်ရရင် ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ခေါင်းဆောင်တွေအနေနဲ့ စဉ်းစားသင့်တယ်”
ဉာဏ်လှိုင်လင်း မေးမြန်းသည်။
ဓာတ်ပုံများ- သိမ့်မွန်စိုး (J)
မြန်မာ့ငြိမ်းချမ်းရေးတည်ဆောက်မှုသမိုင်းတွင် အင်အားစုအများဆုံး၊ အစုံလင်ဆုံး၊ လွတ်လပ်စွာပြောဆိုခွင့် အရှိဆုံးဟု မှတ်တမ်းဝင်နိုင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံ ပထမအစည်းအဝေးများ ယခုလအစောပိုင်းက ပြီးဆုံးသွားပြီဖြစ်သည်။ ညီလာခံတွင် မတူညီသော အစုအဖွဲ့များမှ တာဝန်ရှိသူ ၇၂ ဦးက ၎င်းတို့ကိုယ်စားပြုသည့် အဖွဲ့အစည်းအသီးသီး၏ သဘောထားများကို ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
ထို့နောက် နိုင်ငံအနှံ့တွင် အကြောင်းအရာကို အခြေခံသော၊ လူမျိုးကို အခြေခံသော၊ ဒေသကို အခြေခံသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရန်နှင့် ခြောက်လအတွင်း ၂၁ ရာစုပင်လုံကို ထပ်မံကျင်းပရန်၊ မပြေလည်မချင်း အဆိုပါနည်းအတိုင်း ဆက်လက်ညှိနှိုင်းသွားကြရန်ဟူသော သဏ္ဍာန် ပေါ်ပေါက်လာသည်။ ထို့အတူ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) တွင် လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်နိုင်ရေး ဆက်လက်ညှိနှိုင်းရန် ကိစ္စကလည်း ရှိနေသေးသည်။
အဆိုပါအခြေအနေတွင် ယခုညီလာခံနှင့် ရှေ့ဆက်လုပ်ဆောင်ရန်ရှိသည့်ကိစ္စများ၊ ဖြေရှင်းရမည့် ပြဿနာများစွာ၏ စိန်ခေါ်ချက်များအကြောင်းကို အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားတက္ကသိုလ်၌ နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ယူရန် ပြင်ဆင်နေသည့် ဦးမင်းဇင်နှင့် Frontier က တွေ့ဆုံမေးမြန်းထားပါသည်။
ဦးမင်းဇင်သည် Institute for Strategy and Policy Myanmar ၏ အမှုဆောင် ဒါရိုက်တာတစ်ဦးဖြစ်ပြီး ပြီးစီးခဲ့သည့် ညီလာခံတွင်လည်း ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့တွင် ကိုယ်စားတင်ပြသူအဖြစ် ရွေးချယ်ခံရ၍ နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ စာတမ်းတစ်စောင် တင်သွင်းခဲ့သူဖြစ်သည်။
ထို့ပြင် အမေရိကန်နိုင်ငံထုတ် The Foreign Policy မဂ္ဂဇင်း၏ ပုံမှန် ဆောင်းပါးရှင်လည်းဖြစ်ပြီး The New York Times၊ The Bangkok Post၊ Far Eastern Economic Review နှင့် Wall Street Journal တို့အပြင် ပြည်တွင်း သတင်းစာ၊ ဂျာနယ်များတွင်လည်း ဆောင်းပါးများ ရံဖန်ရံခါ ရေးသားနေသည်။
ကိုယ်တိုင်လည်း သဘောထားတင်ပြသူတစ်ယောက်အဖြစ် ပါဝင်ခဲ့တဲ့ ဒီညီလာခံဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အရွေ့အတွက် ဘယ်လောက်ထိ သက်ရောက်မှုရှိမယ်လို့ သုံးသပ်နိုင်ပါသလဲ။
ညီလာခံမှာ အရင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မပါဝင်ခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) လို တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို ပါဝင်အောင် ဆွဲဆောင်နိုင်တယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆိုလည်း ပြောပါတယ်။ အစိုးရသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုချင် လို့ လာတယ်ဆိုပြီးတော့။ ဒါကတော့ နှစ်ဖက်စလုံးရဲ့ ထူးခြားချက်လို့ ပြောရမှာပေ့ါ။ ဒါပေမယ့် နဂိုတည်းက ကျန်တဲ့အဖွဲ့ သုံးဖွဲ့ [ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့် တပ်မတော် (AA)] မပါဝင်နိုင်ဘူး။ နောက်ဆုံးအချိန်မှာ ပျက်သွားတယ်။ အမှန်တစ်ကယ်တော့ သူတို့ပါနိုင်ရင် ဒီညီလာခံဟာ သင်္ကေတ သဘောအရ ပိုပြီးတော့ အောင်မြင်တယ်လို့ ပြောလို့ရတာပေ့ါ။ “ဝ”လိုအဖွဲ့မျိုးကလည်း တစ်ရက်ပဲနေပြီး ထွက်သွားတယ်ဆိုတာကလည်း မသင့်တော်တဲ့ အနေအထားမျိုးပါပဲ။
တစ်ခုထောက်ပြဖို့လိုတာက ဒီလိုမျိုး အားလုံးတတ်နိုင်သမျှပါအောင် လုပ်နိုင်တယ်ဆိုတာက ညီလာခံရဲ့ လုပ်ပုံလုပ်နည်းနဲ့လည်း အများကြီးဆိုင်တယ်။ ဒီညီလာခံမှာ ကိုယ်စားလှယ်တော်လို့ မသုံးဘဲနဲ့ တက်ရောက်သူများလို့ သုံးလိုက်တဲ့အခါကျတော့ ဖွင့်ပေးလိုက်သလို ဖြစ်တာပေါ့။ ဒီထူးခြားချက်ကြောင့် ပါဝင်သင့်သူတွေ ပါဝင်ရ လွယ်သွားတာလည်း ပါတယ်။ နောက်တစ်ခုက ဆွေးနွေးညှိနှိုင်းခြင်းကို ဦးမတည်ပဲ အားလုံးလွတ်လွတ်လပ်လပ် ကိုယ့်အမြင်ကိုယ် တင်ပြခွင့်ရှိတယ်ဆိုတဲ့ဖက်ကို သွားတဲ့အတွက် တက်ရောက်တဲ့သူတွေကို ချုပ်နှောင်ခံရသလို မဖြစ်စေဘူး။ ရင်ဖွင့်တဲ့သဘောဖက်ကို ပိုရောက်တာပေ့ါလေ။
နောက်တစ်ခုက တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) အတိုင်းသာ သွားမယ်ဆိုရင် အားလုံးပါလာဖို့ ခက်တယ်။ အဲဒီစာချုပ်အရဆိုရင် လက်မှတ်ထိုးပြီးမှ ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်ခွင့်ရှိတာကိုး။ ဒါပေမယ့် အခုညီလာခံမှာ ဒါကို ဖြေလျော့လိုက်တဲ့အခါကျတော့ ဒါလည်း ထူးခြားချက်တစ်ခုပေ့ါ။ ဒီညီလာခံဟာ သင်္ကေတသဘော ဆောင်တယ်။ အားရစရာကောင်းတယ်လို့ ပြောတဲ့နောက်ကွယ်မှာ အဲဒီလိုဖြစ်လာဖို့ အားထုတ်ခဲ့ရတာ အများကြီးရှိပါတယ်။ နှစ်ဖက်စလုံးပါပဲ။ အဲဒီလိုမျိုး ဆက်သွားနိုင်မယ်ဆိုရင်တော့ ဒီညီလာခံဟာ အလားအလာကောင်းတယ်လို့ ထင်ပါတယ်။
ညီလာခံပူးတွဲကျင်းပရေးကော်မတီရဲ့ ပြောဆိုချက်တွေအရဆိုရင် ဒီညီလာခံအပြီး ဆက်သွားမယ့် လုပ်ငန်းစဉ်တွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ ခြောက်လအကြာ နောက်တစ်ကြိမ်ညီလာခံ လုပ်တဲ့အခါမှာတော့ NCA စာချုပ်အတိုင်းပဲ အကောင်အထည်ဖော်မယ်။ လက်မှတ်ထိုးမှ ရတော့မယ်ပေ့ါ။ ဒါဆို အခုလို အားလုံးပါဝင်နိုင်တဲ့အခြေအနေက ရပ်သွားနိုင်လား။
အဲဒါလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နောက်ထပ် ညီလာခံမှာ NCA မထိုးရင် တက်ခွင့်မရှိဘူးဆိုတဲ့အခြေအနေ တင်ကြို လိုအပ်ချက်ကို တိတိကျကျကြီး လုပ်မယ်ဆိုရင် အကန့်အသတ်ရှိ မယ်ထင်တယ်။ နဂိုတည်းကလည်း NCA ပေါ်မှာ ညှိနှိုင်းထားပြီးသားရှိတဲ့ UNFC (စာချုပ်တွင် လက်မှတ် မထိုးရသေး) လိုအဖွဲ့အစည်းမျိုးထဲက တစ်ချို့အဖွဲ့တွေတောင်မှ လိုက်ပါနိုင်ဖို့ ခက်ကောင်းခက်ဦးမယ်။ တစ်ခါ “ဝ”တို့လိုအဖွဲမျိုးကျပြန်တော့လည်း သူတို့သည် NCA ထိုးစရာ မလိုဘူး။ သူတို့လိုချင်တာက အစိုးရနဲ့ သူတို့နှစ်ဖက်ဘဲ။ ဒါကို လွှတ်တော်က အတည်ပြုပေး။ ပြီးရင် နိုင်ငံရေးသဘောတူညီချက်လုပ်မယ်ဆိုတဲ့ အမြင်မျိုးနဲ့ကျတော့ ခက်ပြန်ရော။ “ဝ”လိုအဖွဲ့မျိုးမပါဘူးဆိုရင်လည်း လက်နက်ကိုင်အဖွဲ့တွေရဲ့ ရှုထောင့်ဖက်က ကြည့်ရင်ခက်တာပေ့ါ။ ပြီးတော့ကျန်တဲ့ AA၊ TNLA၊ MNDAA တို့ကျတော့လည်း အခက်အခဲရှိနိုင်တယ်။
အခြေခံအကြောင်းတရားကိုကြည့်မယ်ဆိုရင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံပဲပြောပြော၊ ၂၁ ရာစု ပင်လုံ ညီလာခံပဲ ပြောပြောပေ့ါ။ ဒီဟာရဲ့ အဓိကရည်ရွယ်ချက်က ရှုမြင်ချက်နှစ်ခုရှိတယ်။ ပဋိပက္ခဖြေရှင်းရေးနဲ့ ပြည်ထောင်စုသစ်ကို တည်ဆောက်ရေးပေါ့။ ဆိုတော့ ပြည်ထောင်စုသစ် တည်ဆောက်ရေးမှာတော့ လက်နက်ကိုင်တွေရော၊ မကိုင်တွေရော၊ နိုင်ငံရေးပါတီတွေရော၊ တပ်မတော်ရော၊ အစိုးရရော၊ အရပ်ဖက်အဖွဲ့အစည်းတွေရော အားလုံးပါနိုင်သမျှ ပါသင့်တယ်။ ပဋိပက္ခဖြေရှင်းရေးကြတော့ ပဋိပက္ခဖြစ်နေကြတဲ့ အဓိက ဇာတ်ကောင်တွေမပါရင် ခက်မယ်။ ပဋိပက္ခဖြေရှင်းရေး မအောင်မြင်ဘဲနဲ့လည်း ပြည်ထောင်စုသစ် တည်ဆောက်ရေးလုပ်ဖို့ ခက်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် ဒီရှုမြင်ချက်နှစ်ခုကို အမြင်ရှင်းဖို့လိုတယ်။ တစ်ခုတည်းက ဇွတ်ဇောင်းပေးပြောနေရင် ဒီမှာအောင်မြင်ပေမယ့် ဟိုတစ်ခု မအောင်မြင်ရင် ဘာမှမထူးနိုင်ဘူး။ နည်းနည်းတော့ ရှုပ်ထွေးနိုင်တယ်။ ပြောရမယ်ဆိုရင်တော့ ပဋိပက္ခဖြေရှင်းရေးရဲ့ အဓိကလိုအပ်ချက်က အပစ်အခတ်ရပ်စဲရေးပဲ။
NCA စာချုပ်ကို ပြန်ကြည့်မယ်ဆိုရင်လည်း လက်မှတ်မထိုးထားသေးတဲ့သူတွေ ကိုယ်တိုင်ပါဝင် ရေးဆွဲထားတဲ့ စာချုပ်ဖြစ်တယ်။ ဒါပေမယ့် ဒီနေ့လို အချိန်မျိုးမှာကျတော့ လက်နက်ကိုင်လမ်းစဉ်ဆိုတဲ့ စကားလုံးတစ်လုံးကြောင့် တပ်မတော်နဲ့ သဘောထားကွဲနေတဲ့ AA၊ TNLA၊ MNDAA တို့ မပါဝင်လို့ဆိုပြီး UNFC ကလည်း လက်မှတ်ထိုးတဲ့အဆင့်ကို မရောက်ဘူး။ ဆိုလိုချင်တာက ဒီပြဿနာ ဖြေရှင်းဖို့အတွက်က စကားလုံးလေးတစ်လုံးပါပဲ။ အဲဒီ နှစ်ဖက် အဖွဲ့အစည်းတွေကလည်း ဆွေးနွေးပွဲပေါင်းများစွာ ဖြတ်သန်းခဲ့ကြပြီးသား၊ ဒီစကားလုံးလေးတစ်လုံးရဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ယုံကြည်မှုက ဘာလို့ ဒီလောက် အားနည်းနေကြသေးတာလဲ။
အဓိကကတော့ ပြည်တွင်းစစ်ပေါင်းများစွာ နှစ်ပေါင်းများစွာ ဖြစ်ခဲ့တယ်၊ ပြည်ထောင်စုတစ်ခုကိုလည်း တင်းပြည့်ကျပ်ပြည့် မတည်ဆောက်နိုင်ခဲ့တော့ ယုံကြည်မှုပြဿနာက ဖြစ်လာတယ်။ ဒီနေရာမှာ အသိအမှတ်ပြုခံရရေးဟာ တော်တော် အရေးပါတယ်။ ဥပမာ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေက ဒါသူတို့ရဲ့ တော်လှန်ရေး၊ သူတို့တစ်ကယ်ယုံကြည်ခဲ့တဲ့ လူမျိုးစုအခွင့်အရေး၊ သူတို့ရဲ့ ရပ်တည်ချက်ပေ့ါ။ ဒီရပ်တည်ချက်နဲ့ ပတ်သက်လို့ အသိအမှတ်မပြုဘူးဆိုရင် ဒါကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ရေးလို့ ပြောမယ်ဆိုရင် သူတို့ကလည်း မပြော ချင်ဘူး။ သဘောကတော့ သူတို့က လက်နက်ချတယ်လို့ မြင်သွားနိုင်တယ်။ စကားလုံးလေးပါပဲ။ ဒါပေမယ့် သူတို့အတွက်တော့ ဂုဏ်သိက္ခာပြဿနာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်လုပ်ခဲ့တဲ့၊ ကိုယ်တိုက်ပွဲဝင်ခဲ့တာတွေကို အသိအမှတ်ပြုခံရတာမျိုးပေ့ါ။
တပ်မတော်ဖက်ကလည်း သူတို့ရဲ့ အခြေခံရပ်တည်ချက်က ဒီအဖွဲ့သုံးဖွဲ့ဟာ နောက်မှ ပေါ်လာတာ။ အဲဒီတော့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရမယ်ဆိုတဲ့ ရပ်တည်ချက်ကို ကိုင်ထားတယ်။ ညီလာခံက “ဝ” ထွက်သွားတဲ့ကိစ္စ ကြည့်ရင်လည်း အဲဒီပြဿနာပါပဲ။ အသိအမှတ်ပြုခံရရေးဟာ သိပ်အရေးပါတယ်။ သူတို့တွေရဲ့ ထုတ်ဖော်ချက်မှာလည်း တွေ့ရတယ်။ ဒီညီလာခံမှာ သဘောထား ဖတ်ကြားတဲ့သူတွေမှာလည်း အဲဒါ တွေ့ရတယ်။ ဘာလည်းဆိုတော့ အသိအမှတ်ပြုခံရရေး မရှိဘူး။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကို ဂုဏ်ပုဒ်နဲ့တွဲပြီး မဖော်ပြဘူး။ ဒါလည်း အသိအမှတ်ပြု မခံရတဲ့ကိစ္စပဲ။ စင်ပေါ်တက်ပြောတဲ့ အခါမှာလည်း တစ်ချို့တိုင်းရင်းသားတွေက သူတို့ရဲ့ နာမည်ကို ဗမာတွေ မှားခေါ်နေတယ်။ မှားခေါ်တဲ့အတွက် အကျိုးဆက်တွေ ဒါတွေ၊ ဒါတွေ ဖြစ်တယ်ဆိုတာ ပါတယ်။ ထားဝယ်ဆိုရင် သူတို့ကို ထားဝယ်လို့ အသိအမှတ်မပြုဘဲ ဗမာအောက်ထဲ ထည့်လိုက်တော့ တိုင်းရင်းသားရေးရာဝန်ကြီးလည်းမရ၊ မှတ်ပုံတင်လည်း ဒုက္ခရောက် ဖြစ်တယ်ပေ့ါ။ ဆိုတော့ ကိုယ့်ရဲ့ ဝိသေသလက္ခဏာကို အသိအမှတ်ပြုခံရရေးဟာ အရေးကြီးတယ်။ အဲဒါကို အလကားပါဆိုပြီး ဒီလောက်တောင် အသိအမှတ်ပြု ခံနေချင်ကြလားဆိုပြီး လှောင်ပြောင်တာ။ ဘေးဖယ် ထုတ်တာဆိုရင်တော့ အကျိုးဆက် မကောင်းနိုင်ဘူး။ အဲဒီဟာ သိပ်အရေးကြီးတယ်။
တစ်ခါတစ်လေကျတော့ အသိအမှတ်ပြုခံရရေးဟာ သမိုင်းနဲ့ စပ်ဆက်နေတယ်။ အတိတ်ကို အနှောင်အဖွဲ့ မခံနဲ့လို့ပြောတာဟာ ယေဘူယျအားဖြင့်တော့ မှန်ကောင်း မှန်နိုင်တယ်။ ဒါပေမယ့် ပဋိပက္ခကို နက်နက်ရှိုင်းရှိုင်း ကြည့်တဲ့အခါ အတိတ်က ဖယ်လို့ မရဘူး။ အသိအမှတ်ပြု မခံရမချင်း၊ တန်းတူတယ်လို့ မခံစားရမချင်း၊ ဒီအတိတ်က သူတို့ကို ဆုပ်စွဲထားမှာဘဲ။ သဘောက ပကတိအခြေအနေကို မရှင်းပဲနဲ့၊ ဆန္ဒစွဲနဲ့သော်လည်းကောင်း၊ အတ္တစွဲနဲ့သော်လည်းကောင်း၊ ဟေး ငါတို့ အတိတ်ကနေ လွတ်မြောက်လာပြီလို့ ပြောလို့မရဘူး။ အဲဒါက ပဋိပက္ခဖြေရှင်းတဲ့နေရာမှာ အရေးပါတဲ့ စဉ်းစားရမယ့် အရာပေ့ါ။ အသိအမှတ်ပြုခံရရေးဟာ သမိုင်းနဲ့ ဆက်စပ်နေတယ်။ ဒါကြောင့်မို့လို့ အတိတ်ကနေ လွန်မြောက်ချင်တယ်ဆိုရင် ပထမအဆင့်က အသိအမှတ် ပြုရမယ်။ အဲဒါ သိမ်မွေ့တယ်။ ဒါပေမယ့် အရေးကြီးတယ်။
တိုင်းရင်းသားတွေအတွက် အသိအမှတ်ပြုခံရရေးကို ပြောရင် အစိုးရဖက်ကို ပြောရမှာပေ့ါ။ ဒါပေမယ့် အစိုးရဖက်ကိုကြည့်ရင် ပြည်သူတွေမဲနဲ့ တက်လာတဲ့ အစိုးရကလည်း သူ့တစ်ယောက်တည်းသဘောနဲ့ မရပြန်ဘူး။ တပ်မတော်ဆိုတာ ပါနေတယ်။ အခုအစိုးရသစ်လက်ထက် ငါးလနီးပါးအတွင်းမှာလုပ်တဲ့ ဒီညီလာခံမှာ အရင်က မပါတဲ့သူတွေကိုပါ ပါအောင်လုပ်နိုင်တာ တွေ့ရတယ်။ ဆိုတော့ မဲနဲ့တက်လာတဲ့ အစိုးရဟာ ပျော့ပြောင်းမှု တစ်စုံတစ်ရာရှိတယ်လို့ မြင်လို့ရတယ်။ ဒါပေမယ့် ခုနပြောတဲ့ အသိအမှတ်ပြုမှုကိုမပေးနိုင်လို့ အချို့အဖွဲ့တွေ မပါလာတာကလည်း တွေ့ရတယ်။ တပ်မတော်က ဘာကြောင့် မပေးနိုင်ရသေးတယ် ထင်လဲ။
တပ်မတော်က တောက်လျှောက်မြင်ခဲ့တာက ပြည်တွင်းသောင်းကျန်းမှုလို့ မြင်တာကိုး။ တပ်မတော်က ပြည်တွင်းစစ်လို့တောင် မသုံးဘူး။ ကျွန်တော်မမှားဘူးဆိုရင် တပ်မတော်သည် ပြည်တွင်းစစ်ဆိုတဲ့ စကားကို ရှောင်တယ်။ ပြည်တွင်း မတည်မငြိမ်မှု၊ ပြည်တွင်း ပဋိပက္ခတွေ၊ ပြည်တွင်းသောင်းကျန်းမှု ဒီလိုပဲ သုံးတယ်။ ဒါလည်း သူ့ရဲ့ ဝိသေသ လက္ခဏာကိုဗျ။ သူ့ရဲ့ သမိုင်းဆိုင်ရာ အမှတ်သညာပေ့ါ။ ဆိုတော့ ခက်တယ်။ များများ ထိတွေ့ရမယ်။ များများ ပြောရမယ်။ ကျွန်တော့်စာတမ်းထဲမှာ ပါသလို ဖက်ဒရယ်စကားလိုပဲ။ နဂိုတုန်းက မထိရ၊ မပြောရ၊ မဆိုရဆိုတဲ့ တားမြစ်ချက် ဖြစ်နေတာကိုး။ အခုပြောလို့ ရလာတယ်။ ပြောလို့ရတိုင်း အမြင်တူလားဆိုတော့ တူတော့ မတူဘူး။ အနည်းဆုံးတော့ ပွင့်လာတာပေ့ါ။ ပြည်တွင်းစစ်ဆိုတဲ့ အသုံးအနှုန်းမျိုးဟာ ခုနပြောတဲ့ အသိအမှတ်ပြုမှုဆိုတာလို ကိစ္စမျိုးပါပဲ။ နှစ်ပေါင်းများစွာ ဖြစ်လာတာဆိုတော့လေ။ ခဏတစ်ဖြုတ်နဲ့တော့ မရလောက်ဘူး။
ခုနက မေးတဲ့ဟာ ဘာကြောင့်လဲဆိုတော့ တပ်မတော်ရဲ့ သင်ကြားချက်တွေ၊ တပ်မတော်ရဲ့ သမိုင်းသညာတွေ အကုန်လုံးက ဒီအပေါ်မှာ အခြေခံထားတာကိုး။ နောက်တစ်ခုက စစ်ကို တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်တိုက်ရင်းနဲ့ တစ်ဖက်ကို တိုက်ရင်းနဲ့ သူ့အချင်းချင်း ရဲဘော်ရဲဖက်စိတ်တွေ၊ သစ္စာစောင့်သိတဲ့စိတ်တွေ ဒါတွေ ဖြစ်သွားတာပေ့ါ။ သူလည်း သူကျဆုံးခဲ့တဲ့ ရဲဘော်တွေအပေါ် သစ္စာရှိရမယ်။ အဲဒီလိုကြည့်တဲ့အခါကျတော့ ရှုမြင်ချက်က ပြောင်းသွားတယ်။ ကျွန်တော်ထင်တယ်၊ များများ တွေ့ရမယ်။ များများဆက်စပ်ရမယ်။ အဲဒီနည်းနဲ့ပဲ အဖြေရယ်လို့ ပြောရခက်ပါတယ်။ အဖြေနဲ့ နီးစပ်မယ်လို့ပြောလို့ ရတယ်။
ခုနပြောတဲ့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ပြောခွင့်ရပြီ။ သဘောထားမတူတာတွေ တင်ပြခွင့်ရပြီဆိုပေမယ့် ဒီညီလာခံမှာပြောတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဖွင့်အမှာစကားမှာ ဖက်ဒရယ်ဆိုတာ တစ်လုံးမှ မပါတာ သတိထားမိတယ်။ တပ်မတော်အင်အားစုသည် မြန်မာ့နိုင်ငံရေးမှာ အဆုံးအဖြတ် ပေးနိုင်တဲ့ အနေအထားမှာရှိနေတယ်။ ဆိုတော့ အခုရွှေ့နေတဲ့ ငြိမ်းချမ်းရေး အလားအလာဟာ တစ်ကယ်ရော ပြည်တွင်းပြဿနာကို ဖြေရှင်းနေတဲ့ လမ်းစဟုတ်ရဲ့လား။
ပြဿနာဖြေရှင်းဖို့ လမ်းစအနေနဲ့ကတော့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ မျှမျှတတ ပြောမယ်ဆိုရင် ဒီလောက်အထိ လုပ်တယ်ဆိုတာလည်း တပ်မတော်ဖက်ရော တိုင်းရင်းသား လက်နက်ကိုင်တွေရော နိုင်ငံရေးအာသီသ တော်တော်ရှိလို့ လုပ်လို့ရတာ။ မလွယ်ဘူး။ တစ်ချိန်လုံးတိုက်နေတဲ့သူတွေ မျက်နှာချင်းဆိုင် ထိုင်ပြီးတော့ တစ်ယောက်က တစ်ယောက်ကို ကိုယ့်ရင်ထဲမှာရှိတာတွေ အကုန်ထုတ်ပြောတာကို နားထောင်နိုင်ဖို့ဆိုတာ တော်တော် မလွယ်တဲ့ကိစ္စ။ ဒါကောင်းတဲ့ လမ်းစပါပဲ။ အခုကတော့ တစ်ဖက်နဲ့တစ်ဖက် ကိုယ့်ရပ်တည်ချက်ပေါ်မှာ ရပ်ပြီး ပြောနေကြတာပေ့ါ။
ဒါပေမယ့် ခုနက မေးသလိုပေါ့။ အဲဒါဘယ်လောက် အရွှေ့အပြောင်းလုပ်နိုင်မလဲဆိုတာ နောက်နောင်လုပ်မယ့် ဆွေးနွေးပွဲတွေကို ဘယ်လိုပုံစံမျိုးနဲ့ သွားမလဲဆိုတာ အများကြီး မူတည်တယ်။ တစ်ခါတစ်လေကျတော့ အနှစ်သာရက အရေးကြီးသလို သဏ္ဍာန်ကလည်း အများကြီး အရေးကြီးတယ်။ ဘယ်လိုသဏ္ဍာန်မျိုးနဲ့ ဆွဲခေါ်သွားရင် ပိုပြီးတော့ ချောမွေ့နိုင်ခြေ၊ လွယ်ကူနိုင်ခြေ ရှိလဲဆိုတာ အရေးပါတယ်။
ဒီညီလာခံကြောင့် မြန်မာပြည်မှာရှိတဲ့ လက်နက်ကိုင်တွေနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ သဘောထားက ဘယ်လိုရှိလဲဆိုတာကို ပြည်သူတွေ ပွင့်ပွင့်လင်းလင်း သိခွင့်ရလိုက်ပြီ။ အရင်က ဘက်နှစ်ဘက်ကြားမှာဘဲ စိုးရိမ်ပူပန်မှု ရှိနေရာကနေ အခု ပြည်သူလူထုထံမှာလည်း စိုးရိမ်ပူပန်မှုတွေ ရှိလာပြီ။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ပြီး ထိရောက်အောင်မြင်ဖို့အတွက် ဘယ်လို ကိုင်တွယ်သင့်တယ်ထင်လဲ။
ဒေါ်အောင်ဆန်းစုကြည်လည်း ပြောပါတယ်။ ဒီလိုထုတ်ဖော်ပြသလိုက်ခြင်းအားဖြင့် ပြည်သူတွေဟာ ပွဲကြည့်ပရိသတ်မဟုတ်ဘဲ ကိုယ်တိုင်ပါဝင်ရတော့မယ်ပေ့ါ။ ဒါလည်း လိုအပ်ချက်တစ်ခုပါ။ တစ်ဖက်ကလည်း လူမျိုးရေးပြဿနာလိုမျိုး၊ အသိအမှတ်ပြု ခံရမှုပြဿနာလိုမျိုး၊ ဘာသာရေးပြဿနာလိုမျိုးက တစ်ခါတစ်လေကျရင် လူထုရဲ့ သမိုင်း ရင့်ကျက်မှု၊ ပညာရေချိန် ရင့်ကျက်မှုနဲ့လည်းဆိုင်တယ်။ လူတွေကို ပါဝင်ပတ်သက်ခွင့်ရအောင် ဖွင့်ပေးလိုက်တယ်ဆိုတာက မူအားဖြင့်တော့ ကောင်းတယ်။ ဒါပေမယ့် လူထုရဲ့ ခုနက ပြောတဲ့ ရင့်ကျက်မှုတွေနဲ့ စားဝတ်နေရေး မပြေလည်မှုတွေမရှိရင် စိတ်ရှည်သည်းခံလိုစိတ် ရှိမှာမဟုတ်ဘူး။ ဆိုတော့ သမိုင်း ရင့်ကျက်မှု၊ ပညာရေချိန်ရင့်ကျက်မှု၊ စားဝတ်နေရေးပြေလည်မှု၊ အဲဒီသုံးခုဟာ အရမ်းအရေးကြီးတယ်လို့ ကျွန်တော်မြင်တယ်။ စားဝတ်နေရေးအဆင်မပြေလို့ အားလုံးအပေါ်မှာ သည်းမခံနိုင်ဖြစ်နေတဲ့ လူတွေအနေနဲ့ အဲဒီလောက် ရှုပ်ထွေးတဲ့ကိစ္စတွေကို ရင်ဆိုင်ရရင် ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ ခေါင်းဆောင်တွေအနေနဲ့ စဉ်းစားသင့်တယ်လို့ ထင်တယ်။ လူတွေကို ပါဝင်ပတ်သက်စေချင်တာတော့ မှန်တယ်။ လူတွေရဲ့ ရေချိန်ကို ထည့်မစဉ်းစားမိရင် တစ်ခါတစ်လေကျတော့ ခုတ်ရာတစ်ခြား၊ ရှရှာတစ်လွဲဖြစ်ပြီး ဆေးကြောင့်လေး ဆိုတာမျိုး ဖြစ်လာတတ်ပါတယ်။
ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင် လုပ်လာတဲ့အချိန်မှာ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ စိတ်ဝမ်းကွဲပြားမှုတွေဟာ ပြည်တွင်းမှာ နက်နက်ရှိုင်းရှိုင်း ဖြစ်နေပြီ။ ဒီညီလာခံပြီးတဲ့နောက် နိုင်ငံအနှံံ့မှာ ဆက်လုပ်မယ့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ခုနက ဦးမင်းဇင်ပြောသလို လုပ်နည်းလုပ်ဟန် မမှန်ခဲ့ရင် ဘယ်အခြေအနေကို ဦးတည် သွားနိုင်သလဲ။ ဘယ်လို ဆိုးကျိုးသက်ရောက်နိုင်လဲ။ ကောင်းကျိုးဖြစ်ဖို့ ဘယ်လိုလုပ်သင့်တယ်ထင်လဲ။
အရပ်သားအစိုးရတက်လာပြီး ဒီမိုကရေစီအစိုးရ တက်လာတဲ့အချိန်မှာ ကွဲပြားမှုတွေ ပိုများလာသလိုခံစားရတယ်။ အဲဒီလိုဖြစ်တာက ဟိုတုန်းကတော့ စစ်အစိုးရဆိုတဲ့ ဘုံရန်သူရှိတယ်ဆိုတဲ့အမြင် အားလုံးမှာရှိတယ်။ အခုတော့ တပ်မတော်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ NLD အစိုးရရဲ့ နောက်ကွယ်မှာ ရှိနေတယ်။ NLD အစိုးရရဲ့ ပြောဆိုချက်တွေဟာ တစ်ချို့ဟာတွေဆိုရင် တပ်မတော်နဲ့တောင် သိပ်မကွဲဘူး။ ဆိုတော့လူထုကမြင်တာက ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံအောက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပြုံးပြုံးရွှင်ရွှင် ရီမောနေတယ်။ အာဇာနည်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တော်တော်ထူးခြားစွာနဲ့ ဒေါ်စုခြံထဲကို သွားတာ။ ဒါဟာ ၁၉၈၈ ခုနှစ်၊ ဒေါ်ခင်ကြည် (ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး) ဈာပနပြီးတဲ့အချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တစ်ဦး ပထမဆုံးအကြိမ် သွားတာပဲ။ ဒါကောင်းတဲ့ လက္ခဏာပဲ။ ဒီလိုဆိုတော့ ဗမာလူထုက တိုင်းရင်းသားတွေကို ဘာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်က မလိုက်ရမှာလဲဆိုတဲ့အမြင် ဖြစ်လာတယ်။
ဟိုတုန်းက ဘုံရန်သူဆိုတာ ရှိနေပေမယ့် အခုအဲဒါကြီး ပျောက်သွားတဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးတာတွေ ဖြစ်လာတယ်။ ဗမာနဲ့ တိုင်းရင်းသားကြားမှာရော၊ တိုင်းရင်းသားအချင်းချင်းကြားမှာရော၊ ဗမာ ဗမာ အချင်းချင်းကြားထဲမှာရော NLD အစိုးရကို ဝေဖန်တဲ့သူမှန်သမျှ အပြစ်တင်ခံရတယ်။ ကွဲပြားမှုတွေဟာ ပိုပြီး နက်ရှိုင်းလာတယ်။ ထင်ရှားလာတယ်။ ဟိုတုန်းကကျတော့ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်ရင်တောင်မှ စစ်အစိုးရဆိုတဲ့ ဘုံရန်သူ ယုံတမ်းကြီးရှိနေတဲ့အခါကျတော့ ပြဿနာမရှိဘူး။ အခုတော့လည်း ဒီစစ်အာဏာရှင်စနစ်က အမြစ်ပျောက်သွားလားဆိုတော့ မဟုတ်ဘူး။ ဒီစစ်အာဏာရှင်စနစ်က ရှိနေသေးတာပဲ။ အခြေခံဥပဒေကို ကြည့်မလား၊ တိုင်းပြည်ရဲ့ ဓနဥစ္စာခွဲဝေမှုကို ကြည့်မလား ရှိတာပဲ။
ဒါပေမယ့် စစ်အာဏာရှင်စနစ်က ပုံသဏ္ဍာန်တစ်မျိုးပြောင်းသွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက ရှေ့ ရောက်လာတဲ့အခါကျတော့ လူထုကြားထဲမှာ ခုနက ပြောသလို ပြဿနာတက်လာတယ်။ တိုင်းရင်းသားတွေဟာ ဘာဖြစ်လို့ ကဏ္ဍကောစ တိုက်နေရတာလဲဆိုတဲ့ အမြင်မျိုးတွေ တွေ့လာရတယ်။ ဆိုရှယ်မီဒီယာမှာ၊ မီဒီယာတွေမှာ ကြည့်မယ်ဆိုရင် တွေ့ရတယ်။ ကျွန်တော်ကတော့ စိတ်ပူတယ်။ ရုတ်တရက်ကြည့်ရင် ဒီမိုကရေစီအစိုးရ တက်လာပြီပဲ ပြေလည်ရမှာပေ့ါလို့ ပြောစရာရှိတယ်။ NLD အနိုင်ရကတည်းက ကျွန်တော်ပြောတဲ့ စကားရှိတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တိုးတက်လာတိုင်း တိုင်းရင်းသားအရေး တိုးတက်လာမယ်လို့ မျှော်လင့်လို့မရဘူး။ အရပ်ဖက် စစ်ဖက်ဆက်ဆံရေး ကောင်းလာမယ်လို့ မျှော်လင့်လို့မရဘူး။ ဆင်းရဲမွဲတေမှု ပြေလည်သွားမယ်လို့ မျှော်လင့်လို့ မရဘူး။ သီးသန့်စီ ရှိတယ်။ ဆက်စပ်ပြီး စဉ်းစားရမယ်လို့ ထင်တယ်။ အဲဒီဟာ အရေးကြီးတယ်၊ သားရွှေအိုးထမ်းလာတယ်ဆိုတဲ့ အယူအဆမျိုး ဒီတစ်ခုပြေလည်ရင် ကျန်တာတွေ အလိုလို ဖြစ်လာနိုင်တယ်ဆိုတဲ့ အယူအဆမျိုး။ အဲဒါ မပြည့်စုံဘူး။
လက်ရှိအခြေအနေမှာ ကျွန်တော်ယုံကြည်တာက ဒီမိုကရေစီအသွင်ကူးပြောင်းရေး ချော်မထွက်သွားဖို့ အရေးကြီးတယ်။ ဘာပဲပြောပြော ကောင်းတဲ့လမ်းကြောင်းပေါ် ရောက်နေတယ်၊ သူ့အုပ်စိုးတဲ့သူကို ရွေးခွင့်ရှိတယ်။ ဒီမိုကရေစီရပိုင်ခွင့်တွေ ရှိနေတယ်။ ဒါအရေးကြီးတယ်။ နောက်တစ်ခုက တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး၊ ပြည်ထောင်စုတည်ဆောက်ရေး၊ ဒါလည်းအရေးကြီးတယ်။ အရေးအကြီးဆုံးလို့ ပြောလို့ရတယ်။ နောက်တစ်ခုက အရပ်ဖက်စစ်ဖက် ဆက်ဆံရေးပေ့ါ။ နောက်တစ်ခုက ခပ်ကျဉ်းကျဉ်းပြောရရင် စားဝတ်နေရေး၊ ကျယ်ကျယ်ပြောရရင် ဒီနိုင်ငံမှာ လူမှုတရားမျှတမှု ကင်းမဲ့တဲ့ ပြဿနာဖြစ်နေပြီ။ တစ်ဖက်စောင်းနင်း ဖြစ်နေပြီ။ ဆင်းရဲချမ်းသာ ကွာဟမှုက သိပ်ကြောက်ဖို့ ကောင်းတယ်။ ဆင်းရဲတဲ့သူတွေဟာ နင်းပြားတွေဟာ နိမ့်သထက် နိမ့်သွားတယ်။ မနက်ဖြန် သန်ဖက်ခါ အခြေခံဥပဒေပြင်ရင်တောင်မှ အဲဒီလူတွေဘဝ ချက်ခြင်းကောင်းသွားဖို့ မဖြစ်နိုင်ဘူး။ လေးခုလုံးကို ဆက်စပ်စဉ်းစားဖို့ လိုတယ်။ တစ်ခုတည်းကို ပုံအောပြီးလုပ်မယ်ဆိုရင် ဦးနင်းပဲ့ထောင် ဖြစ်လိမ့်မယ်။
ကျွန်တော်ပြောခဲ့တဲ့စကား ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ကတော့ လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ၊ တစ်ကြောင်းတည်းသော စိတ်နဲ့ လုပ်လို့ရတယ်။ အခုကျတဲ့အခါကျတော့ ငြိမ်းချမ်းရေးဆိုပြီးတော့ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး တစ်ခုတည်းကိုပဲ လုပ်မယ်ဆိုရင် စစ်ဖက်နဲ့ အရပ်ဖက် ပွတ်တိုက်မှု ပိုဖြစ်ကောင်းဖြစ်လာနိုင်တယ်။ အဲဒီလိုဖြစ်လာရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ထိခိုက်ကောင်း ထိခိုက်လာနိုင်တယ်။ ငြိမ်းချမ်းရေးကိစ္စချည်းပဲ တစ်ချိန်လုံးပြောနေပြီး စားဝတ်နေရေးနဲ့ ဆင်းရဲမွဲတေမှုကိစ္စတွေကို လစ်လျူရှုထားလို့ရှိရင် ကုန်ဈေးနှုန်းကြီးတဲ့ ပြဿနာဖြစ်လာမယ်။ ရာဇဝတ်ထူပြောမှု ပိုများလာမယ်။ ဆိုတော့ ဒီလေးခုဟာ စပ်ဆက်နေတယ်။ ငြိမ်းချမ်းရေးကတော့ ပြည်ထောင်စု တည်ဆောက်ရေးဖြစ်တဲ့အတွက် အရေးအကြီးဆုံးပဲ။ ဒါပေမယ့် ရှိသမျှ အရင်းအမြစ်တွေအကုန်လုံး ဒီထဲမှာဘဲ ပုံထားမယ်။ ဒါပြီးမှ ကျန်တာတွေလုပ်ဆိုတာတော့ မရဘူး။ ဗိုလ်ချုပ်အောင်ဆန်းတုန်းကလိုမျိုး လွတ်လပ်ရေးသည် ပထမ၊ ဒုတိယ၊ တတိယဆိုဒါမျိုး ဒီမှာလုပ်လို့မရဘူး။ အဲဒီလိုပြောရင် ကျွန်တော့်ကို ကြိုက်ချင်မှ ကြိုက်မယ်။ လက်ရှိ ကျွန်တော့်သုံးသပ်ချက်အရတော့ အဲဒါကို ခေါင်းဆောင်တွေ ထည့်စဉ်းစားသင့်တယ်။ ဒီနိုင်ငံမှာမှ မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ စားဝတ်နေရေး ချွတ်ခြုံကျလာရင် မတည်ငြိမ်မှုတွေ ဖြစ်လာတာပဲ။ မတည်ငြိမ်မှုဖြစ်လာရင် လုံခြုံရေးကို ဦးစားပေးတဲ့အမြင်တွေ အားကောင်းလာမယ်။ လုံခြုံရေးကို ဦးစားပေးတဲ့အမြင်တွေ အားကောင်းလာရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပိုအားကောင်းလာမယ်။
အခုပြောတဲ့ အရှုပ်အထွေးကြီးပေါ့။ ဒါကို ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ပြောပါဆိုရင် ဘယ်လိုအကြံပြုချင်လဲ။
ဖြေရှင်းနိုင်မယ့်နည်းလမ်းကတော့ အစီအစဉ်တကျပေ့ါဗျာ။ ဦးစားကတော့ အကုန်ပေးရမှာဘဲ။ ဒါပေမယ့် ဘယ်ဟာကို ဘယ်လိုလုပ်မလဲဆိုတဲ့ ကိစ္စမျိုးပေ့ါ။ ကျွန်တော်ကတော့ ပြည်ထောင်စုသစ် တည်ဆောက်ရေးသည် သိပ်အရေးကြီးတယ်။ ဒါပေမယ့် လတ်တလောကတော့ ပဋိပက္ခဖြေရှင်းရေးသည် အဓိက နံပါတ်တစ် ရင်ဆိုင်ရမယ့် ပြဿနာပေ့ါ။ အဲဒီတော့ သေနတ်သံတွေ ရပ်စဲသွားဖို့ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်ဖို့၊ လက်နက်ကိုင် အင်အားစုအသစ်တွေ ထပ်မပေါ်လာဖို့၊ ဒါကဦးစားပေးပဲ။ အဲဒီဦးစားပေး တစ်စုံတစ်ရာ အဆင်ပြေလာပြီဆိုရင် အဲဒါကို ထိန်းထားပြီးတော့ ပြည်ထောင်စုသစ်အတွက် ဆက်ဆွေးနွေးကြ၊ ဆက်ပြောကြ၊ တစ်ဖက်ကတော့ အစိုးရသစ်အနေနဲ့ စားဝတ်နေရေး၊ စီးပွားရေးဖက်လှည့်ဖို့ လိုလာပြီ။ အဂတိလိုက်စား မှု တိုက်ဖျက်ရေးလုပ်ဖို့ လိုလာမယ်။ ရင်းနှီးမြှပ်နှံသူတွေ လုပ်နိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့လိုလာမယ်။ စီမံခန့်ခွဲမှု လွဲချော်တာတွေ ရှင်းဖို့ လိုလာမယ်။ ဗျူရိုကရေစီကို ပြင်တာလုပ်ရမယ်။ ကျွန်တော့်တစ်ဦးတည်း သဘောပြောရမယ်ဆိုရင်တော့ အားလုံးကို ဆက်စပ်စဉ်းစားဖို့ လိုတယ်။ ကျွန်တော့်အမြင်အရတော့ ပဋိပက္ခ ဖြေရှင်းရေးကို ရပ်တန့်ဖို့ မဟုတ်တောင် ထိန်းချုပ်ထားနိုင်ပြီဆိုရင် ပြည်ထောင်စုသစ် တည်ဆောက်ရေးက ရေရှည်သွားမှာဘဲ။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ ပြီးချင်မှလည်း ပြီးမယ်။ ဒါပေမယ့် သူသည် အုတ်မြစ်ချပေးနိုင်ခဲ့မှာဘဲ။ အစီအစဉ်တကျ မဟုတ်ဘူးဆိုရင်တော့ ဘယ်နေရာမှာမှ မှန်းထားသလောက် အောင်မြင်မှာမဟုတ်ဘူး။
အရွှေ့တွေအကုန်လုံးကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးသြဇာပေါ် မူတည်တာများတယ်။ သူ့ဦးဆောင်မှု မရှိတဲ့အချိန်မှာ မြန်မာနိုင်ငံကြီးရဲ့ တိုးတက်ဖို့လိုနေတဲ့ အရာရာဟာ ဒီအတိုင်းခရီးဆက်ဖို့ အဆင်သင့်ဖြစ်နေပြီလား။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုအုတ်မြစ်မျိုးတွေ ချခဲ့သင့်လဲ။
လက်ရှိအချိန်မှာ အဲဒီလိုအနေအထား မရှိသေးတာကတော့ ထင်ရှားပါတယ်။ တစ်ပိုင်းက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပဋိပက္ခတွေကို တစ်စုံတစ်ရာ ဖြေရှင်းပေးနိုင်ပြီးတော့ ပြည်ထောင်စုသစ်ကို ဘယ်လိုသွားမယ်ဆိုတဲ့ လမ်းကြောင်း၊ ခဏခဏတော့ ဆွေးနွေးရမယ်။ ဒါပေမယ့် အဲဒီလိုယန္တရားလေး လုပ်ပေးနိုင်ခဲ့ရင် မဆိုးဘူး။ ဥပမာ ဦးသိန်းစိန်လက်ထက်တုန်းကလိုပေ့ါ။ NCA ဆိုတာပေါ်လာတယ်။ မပြည့်စုံဘူး။ ဒါပေမယ့် လမ်းစသွားဖို့တော့ ဖြစ်တာပေ့ါ။
ပြောချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့လက်ထက်မှာ ပြည်ထောင်စုသစ်ကြီးတည်ဆောက်နိုင်ဖို့ ပဋိညာဉ်ကြီး လမ်းစဖော်ပေးနိုင်ခဲ့မယ်ပေ့ါ။ ဘယ်အဆင့်အထိ သဘောတူနိုင်မလဲတော့ မသိဘူးပေ့ါ။ သဘော မတူနိုင်ခဲ့ရင်တောင်မှ ခဏခဏ ပြန်ပြီးဆွေးနွေးနေရမယ့်ဆိုတဲ့ တွေ့ဆုံဆွေးနွေးတဲ့ နိုင်ငံရေး ဓလေ့လေး ချပေးနိုင်ခဲ့ရင် ကောင်းတယ်။ တစ်ဖက်မှာတော့ စားဝတ်နေရေး၊ အရပ်ဖက်စစ်ဖက်ဆက်ဆံရေး စသဖြင့်ပေါ့ လုပ်ရမယ်။ အဲဒါတွေက ငြိမ်းချမ်းရေး အားလုံးပြေလည်မှ လုပ်လို့ရမယ်ဆိုတာမျိုးတော့ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။ မူအားဖြင့်တော့ ဟုတ်တယ်။ ငြိမ်းချမ်းမှ စီးပွားရေး တိုးတက်မယ်။ ဒါပေမယ့် မူဝါဒစဉ်းစားတဲ့အခါ လုပ်နိုင်တာတွေ အများကြီးရှိပါသေးတယ်။