အသက်မွေးနိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်း အားနည်းတဲ့အပြင် ဆင်ဆာဖြတ်တောက်မှုတွေကြောင့် သမိုင်းဘာသာ လေ့လာမှုကို အကြီးအကျယ် ထိခိုက်စေပါတယ်။ ဒါပေမဲ့ သမိုင်းဘာသာဟာ မြန်မာနိုင်ငံအတွက် ပိုကောင်းတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ရာမှာတော့ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေဆဲပါ။
ရိုဆာလီ မက်ထရို ရေးသားသည်။
ရန်ကုန်တက္ကသိုလ်ရဲ့ သမိုင်းဌာနကို ဝင်လာတဲ့ ကျောင်းသားမရှိဘူးလို့ မြန်မာမီဒီယာတွေက မကြာသေးခင်က ဖော်ပြခဲ့ကြပါတယ်။ ဒေါက်တာသန်းထွန်းတို့လို ကျော်ကြားတဲ့ သမိုင်းပညာရှင်တွေ မွေးထုတ်ပေးခဲ့တဲ့ တက္ကသိုလ်တစ်ခုမှာ ဒီလိုစိတ်ဝင်စားမှု မရှိတာမျိုးက သိသာထင်ရှားလှပါတယ်။ မြန်မာအနေနဲ့ နိုင်ငံရေးခေတ်သစ် တစ်ခုဘက်ကို လှည့်လာချိန်မှာ အတိတ်ကို ဆန်းစစ်ခြင်းက အကျိုးရှိရာ ရှိကြောင်း သိမြင်နားလည်မှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ခံသူမရှိလည်း မအံ့သြပါဘူး။ ပညာရေး မနုဿဗေဒပညာရှင်တစ်ယောက်အနေနဲ့ မြန်မာနိုင်ငံမှာ သမိုင်းကို ဘယ်လိုသင်လဲဆိုတာ ကျွန်မ လေ့လာနေတာ ၁၅ နှစ် ရှိပါပြီ။ လက်ရှိအခြေအနေအတွက် အဓိက အကြောင်းရင်းသုံးခုကို မြင်ထားပါတယ်။
ပထမအချက်အနေနဲ့ သမိုင်းကို(ကျွမ်းကျင်ခြင်းက) ဈေးကွက်ဝင်တဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်တယ်လို့ မမြင်ကြပါဘူး။ ခြုံကြည့်ရင်တော့ အလုပ်အကိုင်ဈေးကွက်က ကျပ်တည်းပါတယ်။ သိပ္ပံဘာသာနဲ့ ဘွဲ့ရထားသူတွေတောင် တက္ကစီမောင်းနေရပါတယ်။ သမိုင်းဘာသာနဲ့ ဘွဲ့ရထားတဲ့လူတစ်ယောက်ဟာ ဘယ်လိုအလုပ်အကိုင်မျိုးရဖို့ မျှော်လင့်နိုင်ပါသလဲ။ ပါမောက္ခရာထူးရှိသူ တော်တော်များများကလည်း ပုဂ္ဂလိကကဏ္ဍက အလုပ်တွေလောက် လစာမများကြပါဘူး။
ဒီပြဿနာက တစ်ကမ္ဘာလုံးက လူသားတွေနဲ့ လူမှုသိပ္ပံပညာတွေအပေါ် ထိခိုက်နေတာပါ။ ဒါပေမဲ့ တခြားနေရာတွေက သမိုင်းဘွဲ့ရတွေလည်း ထိပ်တန်းကျွမ်းကျင်သူ သမိုင်းပညာရှင်တွေလောက်တော့ အလုပ်မရနိုင်ပါဘူး။ ဒါပေမဲ့ သူတို့က အနည်းဆုံးတော့ တခြားစွမ်းဆောင်ရည်တွေနဲ့ ကျောင်းပြီးတာပါ။ အဲဒါတွေက စောဒကတစ်ခု တည်ဆောက်တာ၊ အထောက်အထားကို ခွဲခြမ်းစိတ်ဖြာတာ၊ အမြင်အမျိုးမျိုးက ယူဆတာတွေ ဖြစ်ပါတယ်။ ဒီလို စာပေနဲ့ဆိုင်ပြီး ပြဿနာဖြေရှင်းနိုင်တဲ့ ကျွမ်းကျင်မှုဟာ အလုပ်အကိုင်များစွာအတွက် အသုံးပြုနိုင်ပါတယ်။
ဒါပေမဲ့ ကံမကောင်းချင်တော့ မြန်မာနိုင်ငံက သမိုင်းဘွဲ့ရတွေဟာ သင်ကြားနည်းလမ်း မမှန်ကန်တဲ့အတွက် ဒီလိုမျိုးစွမ်းရည်တွေ ရရှိဖို့ အခွင့်အရေး မရကြပါဘူး။ သူတို့ဟာ ပါမောက္ခတွေ ပြောတာကိုမှတ်၊ စာမေးပွဲမှာ မှတ်ထားတွေ ပြန်ရေးပြတာပဲ လုပ်ကြတာပါ။
ပါမောက္ခတွေ ပြောဖို့လိုတာတွေကို နိုင်ငံရေး ချုပ်ချယ်မှုက ကန့်သတ်ထားပါတယ်။ ၁၉၆၂ မှာ အာဏာသိမ်းတာကို အာဏာသိမ်းတာလို့ မသင်ရဘဲ နိုင်ငံမပြိုကွဲအောင် ဗိုလ်ချုပ်ကြီးနေဝင်းက ငြိမ်းချမ်းစွာ ထိန်းချုပ်ခဲ့တယ်လို့ သင်ရမယ့်အကြောင်း ဖိအားပေးခံရတယ်လို့ သမိုင်းပါမောက္ခတစ်ဦးက ကျွန်မကို ပြောဖူးပါတယ်။
ဆိုလိုတာက ဒါဟာ မြန်မာ့သမိုင်းမှာ ဒီအချက်နဲ့ပတ်သက်လို့ သီအိုရီတစ်ခုကို ကျွန်မတို့ ပြောနိုင်တယ်။ တခြားဆက်စပ်စဉ်းစားရမယ့် ကိစ္စအများစုမှာလည်း ကျောင်းသားတွေကို ဒီသီအိုရီအတွက် အထောက်အထားကို စဉ်းစားဖို့ အားပေးရပါလိမ့်မယ်။ အဲဒီလို လုပ်မယ့်အစား ပါမောက္ခတွေနဲ့ ကျောင်းသားတွေဟာ သူတို့အများအပြားက မကောင်းတဲ့ပြက်လုံးတစ်ခုလို့ ယူဆထားတာကို ထပ်တလဲလဲ လုပ်ဖို့သာ ဖိအားပေးခံရပါတယ်။
အရင်(ရွေးကောက်ခံ မဟုတ်တဲ့) အစိုးရရဲ့ ဝါဒဖြန့်ချိမှုတွေကို အကန်းလို ထပ်တလဲလဲ သင်ကြားရတဲ့ ပညာရပ်တစ်ခုအတွင်း ဘယ်သူက ဝင်မှာလဲ။ ဒီလိုလုပ်ရတာဟာ ပါမောက္ခတွေနဲ့ ကထိကတွေအတွက်၊ အနည်းဆုံး သမိုင်းကို အမှန်တကယ် စိတ်ဝင်စားသူတွေအတွက်တော့ စိတ်ပျက်ငြီးငွေ့စရာပါ။ ကျောင်းသားတွေအတွက်လည်း ငြီးငွေ့စရာပါပဲ။
နောက်ဆုံးတော့ သမိုင်းဘာသာဟာ သိက္ခာမရှိတော့လို့ နှစ်သက်စရာလည်း မဟုတ်တော့ပါဘူး။ ဆယ်တန်းအောင်မှတ် အနည်းဆုံးရတဲ့ ကျောင်းသားတွေသာ သမိုင်းဘာသာ သင်ယူလေ့လာခြင်းကို စဉ်းစားဖို့ ခွင့်ပြုတော့တယ်။ အမှတ်အကောင်းဆုံးတွေက ဆရာဝန်၊ အင်ဂျင်နီယာလိုင်းပေါ့။ ဒါ့ကြောင့် သမိုင်းဘာသာက ဉာဏ်ထိုင်းသူတွေနဲ့သာ သက်ဆိုင်သလို ဖြစ်နေတော့တယ်။ တကယ်တော့လည်း အမှန်တစ်ဝက်သာပါတဲ့ စာရင်းတစ်ခုကို အလွတ်ကျက်ဖို့က ဉာဏ်သိပ်ကောင်းဖို့ မလိုပါဘူး။
ဘာတွေလုပ်နိုင်သလဲ။ တက္ကသိုလ်တွေက စာမေးပွဲရလဒ်တွေကို ခွဲခြားပစ်ဖို့ အစီအစဉ်တွေ လုပ်နေပါပြီ။ ဒါကတော့ သမိုင်းဘာသာကို စိတ်ဝင်စားမှုရှိမှသာ ရွေးချယ်ဖို့ ကျောင်းသားတွေကို လွတ်လပ်ခွင့်ပေးတာပါ။ ဒါပေမဲ့ သမိုင်းဘာသာကိုသင်ဖို့ ကျောင်းသားတွေကို ဆွဲဆောင်ဖို့ဆိုရင် အဲဒီကျောင်းသားတွေနဲ့ သူတို့ရဲ့ ပါမောက္ခတွေဟာ ပညာရေး လွတ်လပ်ခွင့်ရှိတယ်၊ ဒါမှမဟုတ် ပညာရေး လွတ်လပ်ခွင့် ရှိရလိမ့်မယ် ဆိုတာကို ယုံကြည်ရလိမ့်မယ်။
ဒါပေမဲ့ ဒီစာအုပ်က သမိုင်းကို တစ်ကျော့ပြန် တန်ဖိုးထားတတ်လာအောင် လုပ်ဆောင်ရာမှာ သေးငယ်တဲ့ အစိတ်အပိုင်းလေးပါ။ စစ်အုပ်ချုပ်ရေးက သမိုင်းကို တန်ဖိုးလျော့ပါးအောင် လုပ်ဆောင်ပေမဲ့ မြန်မာသမိုင်းပညာရှင်တွေကတော့ ဘာသာရပ်ကို ရှင်သန်အောင် ထိန်းသိမ်းထားပါတယ်။
၂၀၁၄ က ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေကတော့ ဒီလိုလွတ်လပ်မှုကို ကတိပေးထားပါတယ်။ ဒါပေမဲ့ ဒါနဲ့ပတ်သက်လို့ကတော့ အစိုးရရဲ့ရိုးသားမှုကို စမ်းသပ်တဲ့ ရဲရင့်တဲ့ မျိုးဆက်သစ်တစ်ခုတော့ ရှိရလိမ့်မယ်။
စာမေးပွဲတွေထဲမှာ ပါတာနဲ့ စာမေးပွဲတွေရဲ့တည်ဆောက်ပုံကို ပြောင်းလဲဖို့ ရိုးသားမှုတစ်ခုတော့ ရှိရလိမ့်မယ်။ အတိတ်ကို အာဏာရှင်ဆန်ဆန် အမြင်တစ်ခုကို ကြက်တူရွေးလို ကျက်မှတ်နေမယ့်အစား သမိုင်းနဲ့ပတ်သက်လာရင် အထောက်အထားကို ချိန်ဆတတ်ဖို့ရယ်၊ ကိုယ်ပိုင်သီအိုရီတွေ ထိရောက်အောင် သွားဖို့တော့ ကျောင်းသားတွေဘက်က လိုအပ်ပါလိမ့်မယ်။ အဲဒီအတွက် တက္ကသိုလ်အဆင့်မှာတင် မဟုတ်ဘဲ အလယ်တန်း၊ အထက်တန်းအဆင့်တွေမှာတောင် သင်ကြားရေးနည်းအသစ်တွေ လိုအပ်ပါလိမ့်မယ်။
ကျွန်မရဲ့သုတေသနအရ အစိုးရကျောင်းတွေက လက်ရှိသမိုင်းသင်ရိုးဟာ ဝေဖန်ဆန်းစစ်နိုင်တဲ့ ကျွမ်းကျင်မှုတွေကို သေသွားစေပြီး တိုင်းရင်းသားပဋိပက္ခကို အားပေးရာ ရောက်ပါတယ်။ အဆုံးစွန်ဦးစားပေးမှုကတော့ မျိုးချစ်ဝါဒကို မြှင့်တင်ဖို့ ဖြစ်နေပါတယ်။ ဒါက ဘာလဲဆိုတော့ အမျိုးသားရေး အမှတ်လက္ခဏာရှိ ကျောင်းသားတွေက လူနည်းစု တိုင်းရင်းသားတွေကို ဘေးဖယ်ရေး၊ တရုတ်လူမျိုးတွေ၊ တောင်အာရှတွေနဲ့ ဗုဒ္ဓဘာသာ မဟုတ်သူတွေကို ချွင်းချန်ရေးု လိုလားမှာကို ဂရုမစိုက်တဲ့သဘောပါပဲ။
ဒီလိုချွတ်ယွင်းချက်တွေကြောင့် မြန်မာလုပ်ဖော်ကိုင်ဘက်တစ်ဦးနဲ့ ကျွန်မတို့က ပဓာနအရင်းအမြစ် အခြေပြုပြီး အကြောင်းအရာအလိုက် စီစဉ်ထားတဲ့ ဖတ်စာအုပ် Histories of Burma တစ်အုပ် လုပ်ထားပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ရရှိနိုင်ပြီဖြစ်ပြီး မြန်မာဘာသာနဲ့လည်း မကြာခင် ရရှိတော့မှာ ဖြစ်ပါတယ်။ မုခ်ဦးပညာရေးကနေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီဖတ်စာအုပ်ထဲမှာ အထောက်အထားကို ခွဲခြမ်းစိတ်ဖြာခြင်း၊ ဘက်လိုက်မှုကို ခွဲခြားဖော်ထုတ်ခြင်းနဲ့ ရှုမြင်မှုအမျိုးမျိုးကို နှိုင်းယှဉ်ခြင်းတွေလို ကျွမ်းကျင်မှုတွေကို ကျောင်းသားတွေအတွက် မိတ်ဆက်ပေးထားပါတယ်။
စာအုပ်ကို ရှာတွေ့ဖို့ ခက်ခဲတဲ့၊ ဒါမှမဟုတ် စစ်အုပ်ချုပ်ရေးအောက်မှာ ဝေဖန်ဆန်းစစ်ဖို့ ထိရှလွယ်လွန်းတဲ့ စာရွက်စာတမ်းတွေ ဖြည့်သွင်းထားပါတယ်။ အဲဒီလို စာရွက်စာတမ်းတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ချုပ်နေဝင်းတို့ရဲ့ မိန့်ခွန်းတွေ ပါပါတယ်။ ဒါ့အပြင် ပင်လုံသဘောတူညီချက်နဲ့ အခြေခံဥပဒေ အမျိုးမျိုးတွေ ပါဝင်တဲ့ အစိုးရစာရွက်စာတမ်းတွေ၊ အမျိုးသားရေးဝါဒနဲ့ တိုင်းရင်းသားတွေရဲ့သဘောကွဲလွဲမှု အကြောင်းရင်းတွေကို သရုပ်ဖော်ထားတဲ့ ကိုလိုနီခေတ်က အရင်းအမြစ်တွေ ပါဝင်ပါတယ်။
ဒါပေမဲ့ ဒီစာအုပ်က သမိုင်းကို တစ်ကျော့ပြန် တန်ဖိုးထားတတ်လာအောင် လုပ်ဆောင်ရာမှာ သေးငယ်တဲ့ အစိတ်အပိုင်းလေးပါ။ စစ်အုပ်ချုပ်ရေးက သမိုင်းကို တန်ဖိုးလျော့ပါးအောင် လုပ်ဆောင်ပေမဲ့ မြန်မာသမိုင်းပညာရှင်တွေကတော့ ဘာသာရပ်ကို ရှင်သန်အောင် ထိန်းသိမ်းထားပါတယ်။
သူတို့ထဲက တချို့ကတော့ ရှေးဟောင်းသမိုင်းထဲက အငြင်းပွားဖွယ် သိပ်မရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ရေးသားရာမှာ သူတို့ရဲ့အစွမ်းအစကို ပြသနေပါတယ်။ တချို့ကလည်း အရင်က တားမြစ်ခံခဲ့ရတဲ့ အကြောင်းအရာတွေ၊ ဥပမာ ဦးထိန်ဝင်းရဲ့ကုလအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့ ဈာပနအရေးအခင်းနဲ့ ပတ်သက်တဲ့ ပါးစပ်ရာဇဝင်ပေါင်းချုပ်လိုဟာတွေ ပုံနှိပ်ထုတ်ဝေဖို့ အသစ်ရရှိလာတဲ့ လွတ်လပ်ခွင့်ကို အသုံးချနေပါတယ်။
ဒါပေမဲ့ စိတ်ပျက်ဖို့ ကောင်းတာက ၂၀၁၅ က အကြောင်းအရာ ဖော်ကျူးတဲ့ သူ့ရဲ့ ဓာတ်ပုံပြပွဲကို အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ပါတယ်။ ဒါက သမိုင်းကို ပြန်လည်သုံးသပ်ရေးဝါဒအပေါ် သည်းခံနိုင်စွမ်းဟာ နိမ့်နေသေးတယ်ဆိုတာ ပြသလိုက်တာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလိုမျိုး ဆင်ဆာဖြတ်တောက်မှုဟာ မျိုးဆက်သစ် ပညာရှင်တွေကိုတော့ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ သူတို့ဟာ မြန်မာယဉ်ကျေးမှု သုတေသနအဖွဲ့အစည်း(Myanmar Cultural Research Society) လို ဖိုရမ်တွေကတဆင့် သမိုင်းနဲ့ လူမှုရေးသိပ္ပံဆိုင်ရာ သီအိုရီသစ်တွေကို အသုံးပြုကြပါတယ်။
အမှန်တကယ်တော့ မကြာသေးခင်က သွားရောက်ခဲ့တဲ့ ရန်ကုန်ခရီးစဉ် တစ်ခုအတွင်းမှာ သမိုင်းနဲ့ပတ်သက်လို့ ပါမောက္ခတွေ၊ ကျောင်းသားတွေနဲ့ ပြောဆိုဆွေးနွေးပြီးတဲ့နောက် ကျွန်မယုံကြည်တာကတော့ သူတို့ထဲက တော်တော်များများဟာ သင်ယူလေ့လာမှု နည်းလမ်းသစ်တွေအတွက် အဆင်သင့် ဖြစ်နေကြပါတယ်။ သူတို့ကို ဆွဲထားတာက စာမေးပွဲစနစ် တစ်ခုဖြစ်ပြီး အဲဒီစာမေးပွဲက မုသားတွေကို အန်ထုတ်တာပါ။ ပညာရေးလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်ထားတဲ့ ဗျူရိုကရက်တွေလည်း မွေးထုတ်တာပေါ့။
နှစ် ၅၀ ကြာ စစ်အုပ်ချုပ်ရေးက မြန်မာနိုးထလာချိန်မှာ အပြောင်းအလဲ အများကြီး လိုအပ်နေပါတယ်။ ဘာတွေ ဦးစားပေးရမယ် ဆိုတာလည်း ခက်ခဲနိုင်ပါတယ်။ သမိုင်းကို သင်ကြားရေးနဲ့ သင်ယူရေးကို ပြန်လည် အသက်ဝင်အောင် ပြုလုပ်ခြင်းဟာ စတင်ဖို့ နေရာကောင်းတစ်ခုပါ။
အမျိုးသားရေး အမှတ်လက္ခဏာကို ပြန်လည်ဖွင့်ဆိုနေချိန်၊ နိုင်ငံရေးဆက်ဆံမှုကို ပြန်လည်တည်ဆောက်နေချိန်၊ လူ့အဖွဲ့အစည်းကို လက်ရှိအရှိတရားတွေက ပြန်လည်ပုံဖော်နေချိန်မှာ ကျောင်းသားတွေဟာ ကိုယ်လိုချင်တဲ့ အနာဂတ်မျိုး တည်ဆောက်နိုင်ဖို့ အတိတ်ကနေ သင်ယူနိုင်ပါတယ်။ ဒါပေမဲ့ မြင်းမျက်ကာတွေ မပါဘဲ နောက်ပြန်ကြည့်ခွင့်ရှိဖို့တော့ လိုတာပေါ့။
အောင်ကျော်ဦး ဘာသာပြန်သည်။