ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်များ ဆုတ်ခွာစဉ် ရန်ကုန်သို့ ဆိုက်ရောက်ခဲ့သည့် ပထမဆုံး ဗြိတိသျှ စစ်မှုထမ်း တစ်ယောက်သည် အလွန်တရာ အန္တရာယ်များသော စစ်ရေယာဉ်တိုက်ပွဲ တစ်ပွဲ ဖြစ်ပွားခဲ့ရာ နေရာသို့ စိတ်လှုပ်ရှားစွာ သွားရောက်လည်ပတ်ခဲ့သည်။
သောမတ်စ် ကင်း(န်) ရေးသားသည်။
ကင်န် ဂျွိုက်စ် သည် ၁၉၄၅ ခုနှစ် မေလ ၂ ရက်တွင် ၎င်း၏ တိုက်သင်္ဘောကို ရန်ကုန်သို့ အရှိန်မြှင့် မောင်းနှင်လာချိန်တွင် တိုက်ပွဲ တစ်ပွဲအတွက် စိတ်အားထက်သန်လျက်ရှိသည်။
ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတို့၏ အရှည်ကြာဆုံးသော စစ်ရေးလှုပ်ရှားမှုမှာ အဆုံးသတ်လုနီးလာခဲ့ပြီ ဖြစ်သည်။ နှစ်များစွာ ပြန်လည်ဆုတ်ခွာပြီးနောက်တွင် ဗိုလ်ချုပ် ဝီလျံ စလင်း၏ အမှတ် ၁၄ တပ်မတော်က မြန်မာနိုင်ငံ အလယ်ပိုင်းမှတစ်ဆင့် နိုင်ငံတောင်ဘက်ပိုင်းဆီသို့ စုန်ဆင်းလာခဲ့ရာ ဂျပန်များ ရံှုးနိမ့်ရန် သေချာသလောက် ဖြစ်နေပြီဟု ထင်ခဲ့ရပေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာ့အမျိုးသားတပ်မတော်ကလည်း မကြာသေးမီကပင် ဗြိတိသျှတို့နှင့် ပူးပေါင်းခဲ့ပြီး မုတ်သုံရာသီမတိုင်မီတွင် ရန်ကုန်မြို့ကို သိမ်းမိရန် စတင်ကြိုးပမ်းဆောင်ရွက်နေပေပြီ။
သို့သော် ဒရက်ကူလာ Dracula စစ်ဆင်ရေးဟု လူသိများသည့် တိုက်ခိုက်သိမ်းပိုက်မှုတွင် ဂျပန်တပ်ဖွဲ့များ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ရွပ်ရွပ်ချွံချွံ ခုခံခြင်းများမှာလည်း ရန်ကုန်မြို့သို့ ချဉ်းကပ်လာသည်နှင့်အမျှ ဗြိတိသျှတပ်ဖွဲ့ဝင်များ၏ စိတ်ထဲမှ ပျောက်မသွားခဲ့ပေ။ တချိန်က ဘားမားဟု ခေါ်ဆိုခဲ့သော နိုင်ငံတစ်နိုင်ငံ၏ မြတ်နိုးတန်ဖိုးထားဖွယ်ရာ မြို့တော်ကို ဂျပန်များ လုံးဝဥဿုံ စွန့်ခွာသွားလိမ့်မည်ဟု မျှော်လင့်ခဲ့သူ အရေအတွက်မှာလည်း အနည်းငယ်မျှသာ ရှိသည်။
ယခုအချိန်တွင် အသက် ၉၀ ရှိနေပြီဖြစ်သော မစ္စတာ ဂျွိုက်စ်၏ ပြန်ပြောင်းပြောပြချက်အရ ရွှေတိဂုံစေတီကို အဝေးမှ လှမ်းဖူးမြော်နေရပြီးနောက် ဘရွတ်ကလင်းလမ်း (ယခုဘိုကလေးဈေးလမ်း) ၏ တောင်ဘက်စွန်းပိုင်းမှ သင်္ဘောဆိပ်တစ်ခုဆီသို့ ၎င်း၏ တိုက်ရေယာဉ်ကို ချဉ်းကပ်ခဲ့သည်။ “ကျွန်တော်တို့က သင်္ဘောဆိပ်ကမ်း တစ်လျှောက်မှာ ရန်သူက ပစ်ခတ်တိုက်ခိုက်လာကြလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ”ဟုလည်း ၎င်းက ဆိုသည်။
ဤသို့ကြုံတွေ့ရမည့်အစား ဂျွိုက်စ်နှင့် ကျန်တပ်ဖွဲ့ဝင် ၂၃ ဦးတို့သည် စွန့်ခွာထားရစ်ခဲ့သော အမြောက်ကြီး တပ်ဆင်ထားရာ နေရာများ၊ ဂျပန်ငွေစက္ကူများ ပျံ့ကြဲနေသည့် လူသူကင်းမဲ့သောလမ်းများနှင့် မှိုတက်ပျက်စီးနေသောဆန်များဖြင့် ပြည့်နှက်နေသည့် နံဆော်နေသော ကုန်လှောင်ရုံများကိုသာ တွေ့ရှိခဲ့ကြရသည်။ စကော့လူမျိုးဖြစ်သည့် ၎င်းအား ဂလတ်စကိုတွင် ဖွဲ့စည်းခဲ့သည့် လုပ်ငန်းတစ်ခုအဖြစ် ကြေညာခဲ့သောသည့် ဧရာဝတီ ဖလုပ်တီလာ (Irrawaddy Flotilla) ကုမ္ပဏီအတွက် စာချုပ်ချုပ်ဆို ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။
“ဂျပန်တွေ ဆုတ်ခွာသွားတဲ့သတင်းကို အတည်ပြုပေးခဲ့တဲ့ ရန်ကုန်ဒေသခံလူအုပ်ကြီးက ကျွန်တော်တို့ကို ကြိုဆိုခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။ “ဒီလိုမြို့ကြီးတစ်မြို့က လမ်းတွေပေါ်မှာ လျှောက်ရင်းနဲ့ မြို့ခံမဆိုစလောက်ကိုပဲ မြင်တွေ့ရတာက အထူးအဆန်းကြီး ဖြစ်ခဲ့ပါတယ်”ဟုလည်း ဖြည့်စွက်ပြောကြားသည်။
၎င်းတို့အား လွတ်မြောက်စေသူများ၊ သို့မဟုတ် ကယ်တင်ရှင်များအဖြစ်သာ ကြိုဆိုခြင်း ဟုတ်၊ မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိခဲ့ရပေ။ တစ်ကြိမ်တစ်ခါက “အရှေ့ဒေသ၏ ဥယျာဉ်မြို့တော်”ဟု ညွှန်းဆိုခဲ့သည့် ရန်ကုန်မြို့မှာ စစ်ပွဲကြောင့်၊ အထူးသဖြင့် မရှေးမနှောင်းအချိန်အတွင်းက မဟာမိတ်တပ်ဖွဲ့များ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သုသာန်တစ်စပြင် ဖြစ်နေသည်။
မြို့တွင်း၌ လျှပ်စစ်မီး၊ သောက်သုံးရေ၊ သို့မဟုတ် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များ ပြတ်လပ်ပျက်စီးနေသည်မှာလည်း ၁၉၄၅ ခုနှစ် မေလအထိ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရောဂါဘယများ ထူပြောနေကာ အကြမ်းဖက်မှုများ ကျူးလွန်သည့် လူဆိုးဂိုဏ်းများမှာလည်း မြို့အနှံ့ သွားလာလှုပ်ရှားလျက်ရှိသည်။
ကြံရာမရ ကြိုးပမ်းမှု ဖြစ်သည့် စစ်တကောင်းမြစ်ကို ဖြတ်ကျော်ကာ မော်လမြိုင်တွင် လူပြန်စုရန် ဂျပန်များ ထွက်ပြေးခဲ့သည့် ဧပြီလ ၂၃ ရက် နောက်ပိုင်းတွင် ရာဇဝတ်မှုများ တိုးမြင့်လာခဲ့သည်။
ဂျပန်များ တပ်ဆုတ်ခြင်းမှာ နေရာအနှံ့ လုယက်ခြင်းများကိုသာ ဖြစ်ပေါ်စေခဲ့ပြီး လုယက်သော လူအုပ်များမှ ဖြစ်ဖွယ်ရှိသည့် အရပ်သားများ၏ ရုပ်အလောင်းများမှာလည်း ဗြိတိသျှတပ်ဖွဲ့များ ရောက်ရှိလာချိန်အထိ လမ်းမများပေါ်၌ မြင်မကောင်းအောင် တွေ့မြင်နေရသည်။
ဆိပ်ခံတံတားပေါ်ရှိ ကရိန်းတစ်ခုအတွင်း ပုန်းခိုစောင့်ဆိုင်းနေသည့် လက်ဖြောင့်တပ်သားတစ်ဦးအပါအဝင် တဝဲလည်လည် ဖြစ်နေသော ဂျပန်စစ်သားအနည်းငယ်အား အချိန်တိုတိုအတွင်း သုတ်သင်ရှင်းလင်းပစ်နိုင်ခဲ့သည်။ ရန်ကုန်မြို့ကျရှုံးပြီးနောက် သုံးနှစ်ကျော်အကြာ၌ လက်နက်ကိုင် တိုက်ခိုက်မှုများ မယ်မယ်ရရမရှိဘဲ ဗြိတိသျှတို့လက်ဝယ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
တိတ်တဆိတ် အောင်ပွဲခံခြင်းများ
ပင်မဗြိတိသျှတပ်မှာ ရန်ကုန်မြစ်တွင်း ရှင်းလင်းရန် မိုင်းရှင်းလင်းရေးသမားများအား စောင့်ဆိုင်းနေရသည့်အလျောက် ရန်ကုန်မြို့မှာ သီတင်းပတ်များစွာကြာအောင် ချောက်ကပ်ကပ် ဖြစ်နေခဲ့ရသည်။ ဂျွိုက်စ်နှင့် ၎င်း၏ရဲဘော်များမှာ မြို့တွင်းသို့ လှည့်ပတ်သွားလာခဲ့ကြပြီး မေလ ၂ ရက်ညတွင် ဘီယာပုလင်းကြီးများဖြင့် အောင်ပွဲခံခဲ့ကြသည်။ ထိုဘီယာများကို ရခိုင်ကမ်းရိုးတန်းအလွန်၌ တွေ့ရသည့် သင်္ဘောကြီးတစ်စင်းပေါ်မှ ခပ်စောစောပိုင်းကတည်းက “ရှာဖွေသိမ်းယူလာခဲ့ခြင်း”ဖြစ်သည်။
“ဘီယာ သောက်လို့ရအောင် ပုလင်းတွေကို အိတ်တစ်လုံးထဲ ထည့်ပြီး မြစ်ကြမ်းပြင်အောက်ကို ချထားခဲ့တာပါ။ ညနေခင်းကျတော့ အဲဒီဘီယာတွေက တော်တော်လေး အေးနေပါပြီ”ဟု ၎င်းက ဆိုသည်။
၎င်းတို့၏ သင်္ဘောငယ်လေးဖြင့် သယ်ဆောင်လာနိုင်ခဲ့သည့် ရိုးအီနေသော ဆီသွတ်ဘူးများသာ စားသုံးနေရခြင်းမှ အလှည့်အပြောင်း ဖြစ်စေရန် စထရန်းလမ်း(ယခုကမ်းနားလမ်း)ပေါ်တွင် ပြန့်ကျဲနေသည့် ဂျပန်ငွေစက္ကူများကို ကောက်ယူစုဆောင်းပြီး အိပ်ချ်အမ်အက်စ် ဖိုဘီ (HMS Phoebe) အမည်ရ ရေတပ်သင်္ဘောကြီးတစ်စင်းဆီကို သွားခဲ့ကြသည်။ ထိုသင်္ဘောပေါ်တွင် အကြီးစား ညစာစားပွဲတစ်ပွဲစာ အမဲကင်များကို ကောက်လာသည့် ဂျပန်ပိုက်ဆံမျာနှင့် ဝယ်ယူလိုက်ကြသည်။
“သူတို့ ရန်ကုန်ရောက်လာချိန်မှာ လုယက်ခံထားရတဲ့ဘဏ်တွေကို တွေ့လိုက်ရရင် သူတို့တွေ ဘယ်လိုစဉ်းစားမိကြမလဲဆိုတာ ကျွန်တော်ခန့်မှန်းလို့ ရပါတယ်”ဟုလည်း ဂျွိုက်စ်က ဆိုသည်။
ကင်းလှည့်ထွက်ခဲ့ရအပြီး ရန်ကုန်ဆိပ်ကမ်း ပြန်အရောက်မှာ ထိန်းသိမ်းရေးစခန်း တစ်ခုမှ ပူပူနွေးနွေး လွတ်မြောက်လာခဲ့သည့် စတီးဘရားသားကုမ္ပဏီမှ ရာဘာခြံ မန်နေဂျာလူရွယ်တစ်ဦးဖြစ်သူ တွမ် ဂျွိုက်စ်နှင့် တွေ့ဆုံသိကျွမ်းခဲ့ရသည်။ ၎င်းတို့နှစ်ဦးမှာ ဆွေမျိုး မတော်စပ်ကြသည့်တိုင် ‘ဂျွိုက်’ ဆိုသည့် မိသားစုအမည် တူညီသောကြောင့် ခင်မင်ရင်းနှီးကာ တွဲဖြစ်သွားကြသည်။
“အဲဒီအချိန်က ရန်ကုန်မှာ သောက်စရာ တစ်ခုခု ရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ သူက ကျွန်တော့်ကို ကက်သလစ် ဘုရားရှိခိုးကျောင်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ဘုရားရှိခိုးကျောင်း) ခေါ်သွားပြီး ထူးဆန်းတဲ့ အရက်တမျိုး သောက်ဖို့အတွက် ဧည့်ခန်းထဲကို ဖိတ်ခေါ်လိုက်တဲ့အခါ ကျွန်တော့်အတွက် အတော်လေး အံ့အားသင့်ခဲ့ရပါတယ်”ဟု ဂျွိုက်စ်က ဆိုသည်။ “အဲဒီအချိန်မှာ ကျွန်တော်က ရေတပ်ရမ်ခွဲတမ်း ရဖို့ အသက်မမီသေးဘဲ အရမ်းငယ်သေးတော့ ဘီယာလောက်ပဲ ရံဖန်ရံခါ သောက်ရပါတယ်”ဟုလည်း ရှင်းပြခဲ့သည်။
ဒရက်ကူလာ စစ်ဆင်ရေး၏ လျင်လျင်မြန်မြန် အောင်မြင်သွားမှုကို ဗြိတိသျှတပ်ဖွဲ့ဝင်တိုင်း သဘောကျကြသည်တော့ မဟုတ်ပေ။
ထိုစဉ်အခါက စလင်း၏ အမှတ် ၁၄ တပ်မတော်တွင် အရာခံဗိုလ်လေး တစ်ဦးဖြစ်သည့် စာရေးသူ ဂျော့ မက်ဒေါ်နယ် ဖရေဇာ၏ Quartered Safe Out Here ဟူသော ကိုယ်တွေ့မှတ်တမ်းတွင် မြို့တွင်းသို့ ဦးစွာရောက်ရှိရန် စိတ်ပိုင်းဖြတ်ထားခဲ့ကြသော်လည်း မုတ်သုံရာသီအရောက်တွင် ပဲခူးမြို့အနီးမှာပင် ရပ်တန့်ခဲ့ကြရသည့် ၎င်း၏ ရဲဘော်များအတွက် ရန်ကုန်မြို့ကျသွားသောသတင်းကို “ထိတ်လန့်တုန်လှုပ်ဖွယ်ရာ” တစ်ခုအဖြစ် ဖော်ပြထားသည်။ ထိုအခြေအနေမှာ ၎င်း၏ တပ်စိတ်အတွင်း “အာဏာဖီဆန်မှုများ”အဖြစ်သို့ တမဟုတ်ချင်း ပြောင်းလဲသွားခဲ့သည်ဟု ၎င်းက ရေးသားဖော်ပြခဲ့သည်။
“ပြန်လည်ဆုတ်ခွာမှုကို လွန်ခဲ့သော သုံးနှစ်ကတည်းက ကြံ့ကြံ့ခံနိုင်ခဲ့ပြီးဖြစ်သော တပ်မဟောင်းမှာ ဂျပန်များအား အိန္ဒိယဂိတ်ပေါက်တွင် ရပ်တန့်စေခဲ့သည့် ကြီးကျယ်ခမ်းနားသောတိုက်ပွဲများကို ခပ်စိပ်စိပ် ဆင်နွှဲခဲ့ရပြီး တောင်ဘက်ကို ဆက်လက်ချီတက်ခြင်းက နောက်ဆုံးအချိန် အဆုံးသတ်ဆုလာဘ်ရယူရန် ငြင်းပယ်ခံရခြင်းပင် ဖြစ်သည်။”
ဗိုလ်ချုပ်စလင်းကမူ ၎င်း၏ စာအုပ်ဖြစ်သော “Defeat into Victory” ဟူသော ကိုယ်ရေးအတ္ထုပ္ပတ္တိတွင် ဤအကြောင်းအရာများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မဖော်ပြခဲ့ပေ။ ထိုခံယူချက်ကို သတိမထားမိခြင်းကြောင့် လည်း ဖြစ်ဖွယ်ရာရှိသည်။ ကုန်း၊ ရေနှစ်သွယ် စစ်ဆင်မှုကို “အနည်းငယ် နောက်ကျသောအချိန်တွင်” ပြုလုပ်လိုသည်ဟုသာ ဖော်ပြခဲ့သော်လည်း ရေတပ်၏ တစ်ညီတစ်ညွှတ်တည်းသော ဤအကြံပြုချက်မှာ ရာသီဥတု အခြေအနေအရ ဖြစ်နိုင်ခြေရှိသော နောက်ဆုံးရက်စွဲတစ်ခုပင်ဖြစ်သည်ဟု မှတ်တမ်းတင်ခဲ့သည်။ ဤစစ်ဆင်ရေးကို “ကြီးကြယ်ခမ်းနားသောအောင်မြင်မှု”တစ်ရပ်အဖြစ် ၎င်းက ဝမ်းပန်းတသာ ဖော်ပြခဲ့သည်။
ဂျွိုက်စ်အပိုင်းတွင်မူ ML269 တိုက်သင်္ဘော၏ တပ်ဖွဲ့ဝင်များသည် “ရန်ကုန်မြို့ထဲသို့ ၎င်းတို့ လွယ်လင့်တကူ ဝင်ရောက်နိုင်ခဲ့ခြင်းမှာ အမှတ် ၁၄ တပ်မတော် ကျေးဇူးကြောင့်ဆိုသည်ကို ကောင်းစွာသတိပြုမိကြသည်”ဟု ဆိုသည်။
ရန်ကုန်မြို့မှာ အခိုက်အတန့်အားဖြင့် တိတ်ဆိတ်ငြိမ်သက်နေစဉ် ဂျွိုက်စ်၏ မြန်မာနိုင်ငံတွင်း စစ်ပွဲမှာမူ ပြီးဆုံးသွားခြင်း မရှိခဲ့ပေ။
တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်နေခြင်း
ဂျွိုက်စ်သည် တော်ဝင်ရေတပ်မတော်သို့ ၁၉၄၇ ခုနှစ်၌ ၎င်းသဘောဆန္ဒအလျောက် ဝင်ရောက်ခဲ့ချိန်တွင် အသက် ၁၇ နှစ်မျှသာ ရှိသေးသည်။ ရေတပ်မတော်သို့ ဝင်ရောက်လိုသော စိတ်ဆန္ဒမှာလည်း ၁၉၄၀ ပြည့်နှစ် မေလကတည်းကပင် ကိန်းအောင်းခဲ့ပြီးဖြစ်သည်။ ဒုတိယကမ္ဘာစစ်စတင်သည်မှာ ကိုးလပင် မရှိသေးသောအချိန် ဖြစ်သော်လည်း ဦးလေးနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဂျာမနီစစ်တပ်၏ အကျဉ်းသားအဖြစ် ခေါ်ဆောင်ခြင်း ခံခဲ့ကြရသည်။ ရက်သတ္တပတ် အနည်းငယ်ခန့်ကြာ မွမ်းမံသင်တမ်းတစ်ခုတွင် တက်ရောက်ပြီးနောက် ဂျွိုက်စ်အား သိမ်းပိုက်ခံထားရသည့် ပြင်သစ်၊ ဟော်လန်နှင့် ဘယ်လ်ဂျီယံ ရေပိုင်နက်များပတ်လည်တွင် လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် သစ်သားမော်တာတော်ပီဒိုသင်္ဘောများနှင့် တိုက်ရေယာဉ်များဖြင့် လှုပ်ရှားသည့် အပေါ့စားကမ်းရိုးတန်းတပ်သို့ လွှဲပြောင်းတာဝန်ပေးအပ်ခဲ့သည်။
၎င်း၏ တော်ပီဒိုသင်္ဘော ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီးနောက် ၎င်းအား ဒီဒေးတွင် နော်မန်ဒီကမ်းခြေပေါ်သို့ မဟာမိတ်တပ်များ ချီတက်နိုင်ရန် အကူအညီပေးခဲ့သည့် ML 269 ပေါ်သို့ လွှဲပြောင်းတင်ပေးခဲ့သည်။
ပြင်သစ်ကမ်းခြေကို သိမ်းပိုက်ပြီးနောက် ထိုတိုက်ရေယာဉ်ကို ဂျပန်စစ်ပွဲအတွင်း အသုံးပြုရန် ဗြိတိန်ရေတပ်မတော်က ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် အလျား ၁၁၂ ပေ၊ အနံ ၁၈ ပေခန့်ရှိသည့် သစ်သားသင်္ဘောဖြစ်သော ML 269 ကို မိုင် ၁၀,၀၀၀ ကွာဝေးသည့် မြန်မာနိုင်ငံသို့ ခုတ်မောင်းသွားရောက်ရန် ဇူလိုင်လတွင် အမိန့်ပေးခဲ့သည်။ ထိုရေယာဉ်မှာ မြေထဲပင်လယ်၏ ငြိမ်သက်သော ရေပြင်အတွင်းသို့ ဝင်ရောက်ခြင်း မပြုမီ အတ္တလန်တိတ် သမုဒ္ဒရာတွင်းမှာ ဖော့ဆို့တစ်ခုနှယ် တစ်ပတ်ကြာ အလူးအလဲ လူးလွန့်မောင်းနှင်နေခဲ့ရသည်။
မြေထဲပင်လယ်ကမှ အိန္ဒိယနိုင်ငံသို့ ချောချောမွေ့မွေ့ မောင်းနှင်နိုင်ခဲ့သည်။ ဤဖြစ်စဉ်ကို ဂျွိုက်စ်က “သန်းကြွယ်သူဌေးတစ်ဦး၏ အပျော်ရေလမ်းခရီး”အဖြစ် ဖော်ပြခဲ့သည်။ လမ်းတလျှောက်ရှိ ဆိပ်ကမ်းများတွင် ရပ်နားရာ၌ ဒုတိယကမ္ဘာစစ် စတင်စဉ်ကတည်းက ဗြိတိန်တွင် မတွေ့ခဲ့ဖူးသော အစားအစာများနှင့် အခြားပစ္စည်းများကို ရယူသုံးစွဲခဲ့ရသောကြောင့် ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဘုံဘေ (ယခု မွန်ဘိုင်း) တွင် မြန်မာနိုင်ငံစစ်ဆင်ရေး၏ အခန့်ညားဆုံးသော တိုက်ရေယာဉ် ဖြစ်လာစေမည့် လက်နက်များဖြင့် ပြန်လည်ပြင်ဆင်ခဲ့သည်။
ဂျပန်များ ပြန်လည်ဆုတ်ခွာနေသဖြင့် ယင်းသင်္ဘောကို ရန်ကုန်ကို တိုက်ခိုက်သိမ်းပိုက်သည့် နှစ်ပတ်ကြာထိ အနည်းငယ်သာ အသုံးပြုခဲ့ရသည်။ နှစ်ပတ်ကြာချိန်တွင်မူ ML 269 မှာ ရန်ကုန်အနောက်ပိုင်း၌ လှိုင်မြစ်နှင့် ဘောလယ်မြစ်တို့ဆုံရာ ကုက္ကိုဝကျေးရွာတွင် အခြားတိုက်ရေယာဉ် သုံးစင်းနှင့် ပူးပေါင်းခဲ့သည်။ ည ၈ နာရီတွင် လောင်စာဆီစည်ပိုင်းများ တင်ဆောင်ထားသည့် ဂျပန်စစ်ရေယာဉ် နှစ်စင်းပေါ်လာခဲ့ပြီး ပစ်ခတ်တိုက်ခိုက်ကြရာ ယင်းဂျပန်ရေယာဉ် နှစ်စင်းစလုံး မီးလောင်သွားကြသည့်ပြင် ကုက္ကိုဝကျေးရွာ၏ ကမ်းစပ်မှ အိမ်အချို့လည်း မီးသင့် လောင်ကျွမ်းခဲ့သည်။ သို့ဖြင့် ဂျပန်စစ်ရေယာဉ်များ ထပ်မံဖြတ်လာနိုင်ခြေမရှိတော့ဟု တွက်ဆထားလိုက်ကြသည်။
သို့သော် သန်းခေါင်ယံ မတိုင်မီကလေးတွင် အခြားဂျပန်ရေယာဉ် သုံးစင်း ပေါ်ထွက်လာခဲ့သည်။ မီးလောင်နေသောကျေးရွာကို နောက်ခံပြုပြီး အရိပ်မည်း ထင်းထင်းကြီးများအဖြစ် ပေါ်လာသဖြင့် ယင်းဂျပန်သင်္ဘောများမှာ ပစ်မလွဲသောပစ်မှတ်များ ဖြစ်လာခဲ့သည်။ များမကြာမီ ၎င်းသင်္ဘောများအားလုံး ထိမှန်ပျက်စီးသွားခဲ့သည့်တိုင် ရေအောက်သို့ စုံးစုံးမနှစ်မြုပ်မီအထိ အဆက်မပြတ် ပြန်လည်ပစ်ခတ်ခဲ့သည်။ တရားဝင် သတင်းပို့ချက်များအရ ဗြိတိသျှသင်္ဘောသားတစ်ဦး ကျဆုံးပြီး ဂျပန်စစ်သား ၅၀ သေဆုံးခဲ့သည်။
နောက် လေးရက်အကြာတွင် ML 269 မှာ ညောင်တုန်းမြို့သို့ ရောက်ရှိခဲ့ပြီး ထိုဒေသတွင် ဂျပန်စစ်ရေယာဉ်များ ပိုမိုတွေ့ရှိရသော သတင်းများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ အခြားတိုက်ရေယာဉ် သုံးစင်းနှင့်အတူ ဧရာဝတီမြစ်ရိုးကို ဝဲဘက်ကမ်းကပ်လျက် ဆန်တက်ခဲ့ရာ နောက်ဆုံးတွင် မြစ်ကမ်းပါးဘေး ချုံပုတ်များနောက်တွင် ပုန်းကွယ်နေသော ရေယာဉ်သုံးစင်းကို တွေ့ရှိခဲ့ရသည်။
ML 269 ကို ဘေးချင်းကပ် အနေအထား ရောက်အောင် မောင်းနှင်သွားကာ ခြောက်ပေါင် အမြောက်ဖြင့် အချက် ၂၀ နီးပါး ဆက်တိုက်ပစ်ခတ်ခဲ့ရာ ဂျပန်သင်္ဘောများ တခဏအတွင်း မီးလောင်ကျွမ်းခဲ့ရသည်။ ဤတိုက်ပွဲမှာ တော်ဝင်ရေတပ်မတော်၏ အပေါ့စားကန်းရိုးတန်းတပ်အတွက် ဒုတိယကမ္ဘာစစ်၏ နောက်ဆုံးတိုက်ပွဲ ဖြစ်ခဲ့ပြီး ဥရောပတိုက်မှ စစ်ပွဲမှာမူ ကမ္ဘာ့အရှေ့ခြမ်းထက် ၁၂ ရက်မျှစောကာ တရားဝင် အဆုံးသတ်ခဲ့သည်။
Burma: A lifelong affinity
သြဂုတ်လတွင် ဂျပန်များ လက်နက်ချလိုက်ခြင်းက အခြားဗြိတိသျှနှင့် မဟာမိတ်တပ်သားများနည်းတူ ဂျွိုက်စ်ကိုလည်း အံ့သြသင့်စေခဲ့သည်။ ၎င်းတို့ကမူ ကျန်ရှိနေသေးသော ဂျပန်တပ်ဖွဲ့များကို မလေးရှားနှင့် ကျန်အရှေ့တောင်အာရှနိုင်ငံများမှ ရှင်းလင်းသုတ်သင်ရန် နှစ်များစွာပင် ကြာဖွယ်ရာရှိသော ရေရှည်စစ်ဆင်ရေးတစ်ရပ်ကို မျှော်လင့်ထားခဲ့ကြသည်။ ML 269 ကို စစ်ဆင်ရေးတစ်ခုအတွက် ကွာလာလမ်ပူမြို့အနီးရှိ ဖို့ဒ် ဒစ်ခ်ဆင်တံတားကို ပစ်မှတ်ထား တိုက်ခိုက်ရန် သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။
“စစ်ပွဲ အဆုံးသတ်သွားတဲ့အခါမှာ ဒီစစ်ပွဲ ရပ်တန့်သွားလိမ့်မယ်ဆိုတဲ့ အတွေးမျိုး မရှိကြသေးပါဘူး”ဟု ၎င်းက ဆိုသည်။ “ကျွန်တော်တို့တွေရဲ့ ကြိုးပမ်းအားထုတ်မှုက ဂျပန်တွေ သိမ်းထားတဲ့ အင်ဒိုနီးရှားကျွန်းတွေကို များနိုင်သမျှ များများ သိမ်းပိုက်ဖို့ပါ။ ဂျပန်တွေ လက်နက်ချလိုက်မယ်လို့ လုံးဝ မတွေးမိခဲ့ပါဘူး”ဟုလည်း ထပ်လောင်းရှင်းပြခဲ့သည်။
သို့တစေ ၎င်းတို့၏ရေယာဉ်များကို အောက်တိုဘာလတွင် ဗမာ့ရေတပ်မတော်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၁၉၃၉ ခုနှစ်မှစ၍ စစ်မှုထမ်းခဲ့သူအချို့ ပါဝင်သည့် ML 269 တပ်ဖွဲ့ဝင်များထဲမှ အသက်ကြီးသူများအား နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး ဖြစ်သော်လည်း ဂျွိုက်စ်မှာမူ ရန်ကုန်တွင် ဆက်လက်နေထိုင်ခဲ့သည်။
များမကြာမီ ၎င်းအားလည်း အနားယူခွင့်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့အနီးမှ ၎င်းနှင့် မိသားစုနာမည်တူ ရာဘာခြံမန်နေဂျာထံသို့ အလည်အပတ် သွားရောက်ခဲ့သည်။ ထိုနေရာတွင် တွမ် ဂျွိုက်စ်၏ သမီးဖြစ်သူ ဟီသာနှင့် ဆုံစည်းခဲ့သည်။
ငယ်ရွယ်သူ ဂျွိုက်စ်မှာ မကြာမီ ဂျာဗားရှိ ဒတ်ချ်အမျိုးသမီးများနှင့် ကလေးငယ်များကို ကယ်တင်နိုင်ရေးအတွက် “ရက်စက်သော စစ်ပွဲငယ်”တစ်ပွဲကို တိုက်ခိုက်ရန် ထွက်ခွာခဲ့ရသည်။ အဆုံးတွင် ၎င်းနှင့် ဟီသာတို့သည် ဗြိတိန်နိုင်ငံ၌ ပြန်လည်ဆုံစည်းခဲ့ကြပြီး ကိုးနှစ်အကြာတွင် လက်ထပ်လိုက်ကြသည်။
၎င်းတို့သည် နှစ်အတန်ကြာအောင် မိဘမဲ့ ကလေးများအတွက် အထူးအလေးပေးကာ ပရဟိတ လုပ်ငန်းများအတွက် အလှူငွေထည့်ဝင်ခြင်းနှင့် လန်ဒန်မြို့သို့ အလည်အပတ် လာရောက်သော မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံခြင်းများအားဖြင့် မြန်မာနိုင်ငံရှိ အဖြစ်အပျက်များနှင့် အစဉ်တစိုက် ထိတွေ့နေခဲ့ကြသည်။
၁၉၆၂ ခုနှစ် အာဏာသိမ်းမှုသည် မြန်မာနိုင်ငံသို့ တခေါက်တကျင်း ပြန်သွားရန် အခွင့်အလမ်းကို ပိတ်ဆို့ပစ်ခဲ့ပြီး နှစ်ပေါင်းများစွာ ကြာအောင် ကမ္ဘာလှည့်ခရီးသွားများမှာလည်း ၂၄ နာရီဗီဇာကိုသာ ရရှိနိုင်ခဲ့ကြသည်။
၂၀၀၄ ခုနှစ်တွင်မူ သြစတြေးလျ၌ နေထိုင်နေပြီဖြစ်သည့် ဂျွိုက်စ်နှင့် ၎င်း၏ဇနီးသည်တို့မှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။ ၎င်းတို့သည် ရှေးယခင်နှစ်များစွာက ၎င်းတို့သိရှိခဲ့သော နေရာများသို့ အလည်အပတ် သွားရောက်ခဲ့ကြပြီး ရန်ကုန်မြို့လယ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကာလက အနေအထားနှင့် အနည်းငယ် ကွာခြားသွားသည်ကို သတိပြုမိခဲ့ကြသည်။
၂၀၀၆ ခုနှစ်တွင်မူ မြန်မာနိုင်ငံသို့ ဂျွိုက်စ်တစ်ဦးတည်း ပြန်လာခဲ့ပြီး (လေးကြိမ်လေးခါ လည်ပတ်မှုများအနက်မှ ဒုတိယအကြိမ်) မြန်မာနိုင်ငံရှိ ၎င်းကိုယ်တွေ့ အထင်ကရ အတွေ့အကြုံများကို ပြန်လည်တူးဆွရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းသည် ဒုတိယကမ္ဘာစစ်အတွင်းမှ စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများအတွက် အထူးဇောင်းပေး လုပ်ဆောင်သည့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ဆောင်ရွက်နေသည့် ဒေါ်ခိုင်ထွန်းနှင့် မကြာမတင်ကလေးက ချိတ်ဆက်မိခဲ့သည်။
၎င်းတို့သည် နံနက်အစောပိုင်း၌ ဧရာဝတီမြစ်ပေါ် တည်ဆောက်ထားသော တံတားကို ဖြတ်ကျော်ကာ ရန်ကုန်မှ ညောင်တုန်းသို့ ထွက်ခွာခဲ့ကြသည်။ ကုက္ကိုဝသို့ မည်သို့သွားရောက်ရမည်ကို အကြံအိုက်ခဲ့ရသော်လည်း အညာစုကျေးရွာသို့ သွားရောက်ရန်လမ်းကြောင်းကိုမူ ဒေသခံများက လမ်းညွှန်နိုင်ခဲ့ကြသည်။ ၎င်းတို့သွားလိုရာသို့ မိနစ် ၃၀ ကြာ လှေခရီးဖြင့် ရောက်ရှိခဲ့ကြသည်။
ဂျွိုက်စ်အတွက်မူ တကျော့ပြန်ခရီးစဉ်မှာ “စိတ်ထိခိုက်ဖွယ် အကောင်းဆုံးသော အချိန် တစ်ချိန်”ပင် ဖြစ်သည်။
“မကြာခင်မှာ ကုက္ကိုဝ တိုက်ပွဲအကြောင်း မှတ်မိနေတဲ့ ကျွန်တော့်ထက် တစ်နှစ်ငယ်တဲ့ အမျိုးသမီးတစ်ဦးကို တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ရွာကို မတော်တဆ ပစ်ခတ်မိတဲ့ညက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းသလဲဆိုတဲ့ အကြောင်းကို သူက ပြောပြခဲ့ပါတယ်။ သူ့စကားကို ကျွန်တော်တို့အတွက် ဘာသာပြန်ပေးတာပါ။ သူရဲ့နောက်ဆုံးစကားကတော့ ‘သနားစရာကောင်းတဲ့ ဂျပန်တွေအားလုံး အသတ်ခံခဲ့ရတယ်’ ဆိုတာပါပဲ”ဟု ပြန်ပြောင်းဖွင့်ဟခဲ့သည်။
“စကားပြောဖို့အတွက် ကျွန်တော် ကြိုးစားခဲ့ပေမဲ့လည်း အရမ်းကို စိတ်လှုပ်ရှားနေခဲ့လို့ မခိုင်က ကျွန်တော့်အတွက် ဝင်ထိန်းပေးခဲ့ရပါတယ်။ ကျွန်တော်လုပ်နိုင်တာက ကျွန်တော့်ရဲ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေအကုန်ထုတ်ပြီး လက်ဆောင်အဖြစ် ပေးခဲ့ဖို့ပဲ ရှိပါတော့တယ်။ ရန်ကုန်အပြန်ခရီးက တိတ်ဆိတ်ခဲ့ရပါတယ်။ ဒီအချိန်က ကျွန်တော့်ဘဝရဲ့ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အချိန်တစ်ချိန်လည်း ဖြစ်ပါတယ်”
၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင်မူ ပြင်သစ်နော်မန်ဒီကမ်းခြေကို တက်သိမ်းသည့် ဒီဒေးစစ်ဆေးရေးအတွင်းမှ ၎င်း၏ ဆောင်ရွက်မှုကို အသိအမှတ်ပြုသောအားဖြင့် ဂျွိုက်စ်နှင့် ဒုတိယကမ္ဘာစစ်အတွင်းက အခြားစစ်မှုထမ်းဟောင်း လေးဦးအား ပြင်သစ်နိုင်ငံမှ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆု Légion d’honneur ဆုကို ချီးမြှင့်ခဲ့သည်။
ဤဆုတံဆိပ်မှာ ဧပြီလ ၂၅ ရက်တွင် ကျရောက်သော ANZAC နေ့သို့ တက်ရောက်ရန် ဆစ်ဒနီမြို့တွင် ချီတက်ရာ၌ သူ ဂုဏ်ယူဝင့်ကြွားစွာ ဝတ်ဆင်ခဲ့သော ဆုတံဆိပ်ဖြစ်သည်။ ANZAC နေ့မှာ ပြည်ပတိုက်ပွဲများအတွင်း တာဝန်ထမ်းဆောင်ခဲ့၊ ကျဆုံးခဲ့သည့် အမျိုးသားနှင့် အမျိုးသမီးများအတွက် သြစတြေးလျနိုင်ငံ၏ နှစ်စဉ် အောင်းမေ့ဖွယ် အခမ်းအနားနေ့ တစ်နေ့ ဖြစ်သည်။
ဂျွိုက်စ်မှာမူ ဆစ်ဒနီသို့ ချီတက်ခဲ့သည့် တစ်ဦးတည်းသော မြန်မာနိုင်ငံရောက် စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်ပြီး သြစတြေးလျနိုင်ငံတွင် အခြားနှစ်ဦးသာ ကျန်ရှိတော့သည်ကိုလည်း ၎င်းက သိရှိထားသည်။ အခမ်းအနားများစွာတွင် နှစ်အတန်ကြာကတည်းက ဆုံးပါးသွားခဲ့သည့် ဒုတိယကမ္ဘာစစ်အတွင်းမှ စစ်မှုထမ်းဟောင်းများအတွက် ၎င်းတို့၏ ကလေးငယ်များ၊ သားမြေးများ၊ သို့မဟုတ် အခြားဆွေမျိုးများသာ ကိုယ်စားပြုတက်ရောက်လေ့ရှိသည်။
ဂျွိုက်စ်အတွက်မူ ဤဆစ်ဒနီချီတက်ပွဲမှာ ခါးသီးချိုမြိန်သော ဖြစ်ရပ်တစ်ခု ဖြစ်ပြီး ၎င်း၏ ဘဝကိုသာမက များမကြာမီတွင် လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေသည့် မြန်မာ့အနာဂတ်အတွက် ပုံဖော်ပေးခဲ့သော စစ်ပွဲတစ်ပွဲ၏ နောက်ဆုံးနေ့ရက်များအကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများအနက် ၎င်းသည်လည်း တစ်ဦးဖြစ်သည်ကို သတိပေးနေပေတော့သည်။
အောင်မင်း ဘာသာပြန်သည်။
ခေါင်းစီးဓာတ်ပုံ – အိန္ဒိယ အမှတ် ၁၅ တပ်မကြီး၏ တပ်ဖွဲ့များကို သယ်ဆောင်လာသည့် တပ်ရွှေ့သင်္ဘော ရန်ကုန်မြစ်အတွင်း ဆန်တက်နေသည်ကို ၁၉၄၅ ခုနှစ် မေလတွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ဓာတ်ပုံ – အင်ပါယာ စစ်သမိုင်းပြတိုက်/ Wikimedia Commons