စစ်ကောင်စီသည် စစ်ဘေးရှောင်ရသည့် နိုင်ငံ့ဝန်ထမ်းများကို အခြားသို့ နေရာရွှေ့ပြောင်းတာဝန်ချထားခြင်း မပြုသည့်အပြင် လုပ်ခလစာလည်း မထောက်ပံ့တော့သဖြင့် သစ္စာအဖောက်ခံရသည်ဟု ခံစားရကြောင်း ဝန်ထမ်းများက ဆိုသည်။ ထို့ပြင် ပဋိပက္ခဒေသများတွင် တာဝန် ဆက်လက်ထမ်းဆောင်နေသည့် ဝန်ထမ်းများကလည်း ၎င်းတို့လစာမရသည်မှာ လပေါင်းများစွာ ကြာမြင့်ပြီဟု ညည်းတွားကြသည်။
ဖရွန်းတီးယားမြန်မာ
ဖေဖော်ဝါရီနှောင်းပိုင်းတွင် ဆရာမဒေါ်ကျော့ကျော့ခင် (လုံခြုံရေးအရ အမည်လွှဲထားသူ) သည် လွန်ခဲ့သည့် နှစ်ပေါင်း၂၀ကျော် စာသင်လာသည့် ကျေးရွာမှ ထွက်ခွာခဲ့ရသည်။ မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်(အေအေ) တို့အကြား တိုက်ပွဲများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျေးလက်ဒေသများရှိ စာသင်ကျောင်းများအားလုံး ပိတ်လိုက်ရသည်။ အဆိုပါဒေသများသည် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမှ ကီလိုမီတာ ၅၀ခန့်သာ ဝေးသည်။
အေအေတပ်ဖွဲ့က ရခိုင်ပြည်နယ် ဒေသအများအပြားကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီးနောက် နိုင်ငံ့ဝန်ထမ်းများကို စစ်ကောင်စီထံမှ အလုပ်ထွက်၍ ၎င်းတို့၏ စင်ပြိုင်အုပ်ချုပ်ရေး ယန္တရားတွင် ပါဝင်လာစေရန် အခွင့်အရေးပေးခဲ့သည်။ အေအေတပ်ဖွဲ့သည် ရခိုင်အများစု၏ ထောက်ခံမှုကို အခိုင်အမာ ရရှိထားသည်။ မိမိကိုယ်တိုင်က ရခိုင်တိုင်းရင်းသူတစ်ဦးဖြစ်သည့်တိုင် စစ်ကောင်စီလက်အောက်တွင် တာဝန်ဆက်လက်ထမ်းဆောင်ခဲ့ရာ အေအေတပ်ဖွဲ့က ၎င်းကို ယုံကြည်လိမ့်မည်မဟုတ်ဟု ဆရာမဒေါ်ကျော့ကျော့ခင်က ယူဆနေသည်။
ထို့ပြင် ဆရာမသည် ၏ သမီးနှစ်ယောက်ကို စစ်ရိပ်စစ်ငွေ့များနှင့် ဝေးရာတွင် ထားလိုသည်။ ထို့ကြောင့်ပင် သူတာဝန်ကျရာ ရပ်ရွာသို့ စစ်မီးလျှံ ကူးစက်လာသောအခါ ပုဏ္ဏားကျွန်းမြို့နယ်မှ မြို့တော်စစ်တွေသို့ တိမ်းရှောင်ထွက်ပြေးခဲ့သည်။ စစ်တွေရောက်သော် စစ်ကောင်စီက ၎င်းကို စာသင်ကျောင်းတစ်ခုတွင် တာဝန်ဆက်လက် ထမ်းဆောင်စေမည်ဟု ဆရာမက မျှော်လင့်ခဲ့သည်။
သို့သော် စစ်တွေရောက်သော် အခြေအနေက သူထင်ထားသလို ဖြစ်မလာခဲ့။ ဒေါ်ကျော့ကျော့ခင်က ပြည်နယ်ပညာရေးမှူးရုံးသို့ ၎င်း၏အခြေအနေကို တင်ပြခဲ့သည်။ နိုင်ငံ့ဝန်ထမ်း ဖြစ်နေသေးသည့်တိုင် ပညာရေးဝန်ကြီးဌာနက ၎င်းကို သင့်လျော်ရာ နေရာတစ်ခုခုတွင် တာဝန်ရွှေ့ပြောင်းချထားခြင်း မရှိခဲ့ပေ။ ပိုဆိုးသည်မှာ လွန်ခဲ့သည့် ရှစ်လ၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ထွက်လာခဲ့ချိန်ကစ၍ ၎င်းရရန် ကျန်ရှိသည့် လုပ်ခလစာများကိုလည်း တစ်ပြားမှ မထောက်ပံ့ခဲ့ပေ။
နိုင်ငံ့ဝန်ထမ်းများ၊ အထူးသဖြင့် ကျောင်းဆရာ၊ ဆရာမများသည် တစ်လလျှင် လစာအဖြစ် ငွေကျပ် နှစ်သိန်းခန့်နှင့် လစဥ်အပိုထောက်ပံ့ကြေးအဖြစ် ငွေကျပ်၆၀,၀၀၀ခန့် ရရှိကြသည်။ ထိုလစာပမာဏသည် မိသားစု စားဝတ်နေရေးအတွက် မလောက်ငပေ။ ထို့ပြင် အခြားနည်းလမ်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရန်မှာလည်း ၂၀၂၁စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံ့စီးပွားရေးပြိုလဲခဲ့ရာ ယခုထက် လစာပိုကောင်းသည့် အလုပ်အကိုင်မှာ အနည်းအကျဉ်းသာရှိသည်။
လစာမရသည့်ကိစ္စကို ပြည်နယ်ပညာရေးမှူးရုံးသို့ စောဒကတက်သည့်အခါ ဌာနများအကြား ဘော်လီဘောပုတ် သကဲ့သို့ တစ်ဘက်နှင့်တစ်ဘက် လွှဲချကြသည်ဟု ဒေါ်ကျော့ကျော့ခင်က ဆိုသည်။
“ပြည်နယ်ပညာရေးမှူးရုံးက မြို့နယ်ပညာရေးမှူးရုံးနဲ့ပဲဆိုင်တာကြောင့် သူတို့ကို ပြောပါလို့ လွှဲချတယ်။ အဲဒါက အဓိပ္ပာယ်မှ မရှိတာ။ ဘာလို့ဆို ပုဏ္ဏားကျွန်း မြို့နယ်ပညာရေးမှူးရုံးက ဖေဖော်ဝါရီကတည်းက ပိတ်လိုက်ပြီးသားမို့ ဘာမှလုပ်မရဘူးလေ”ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်။
နောက်ထပ် ဘာလုပ်ရမည်ကို မသိသောကြောင့် ဒေါ်ကျော့ကျော့ခင်မှာ ရေငုံနှုတ်ပိတ်၍သာ စောင့်ဆိုင်းနေရသည်။
“ဝန်ကြီးဌာနဘက်ကနေ ဘာညွှန်ကြားချက်မှ မရတာ လနဲ့ချီနေပြီ။ စစ်တွေမှာနေရာတာက ရွာမှာထက် စရိတ်စက ပိုကြီးတော့ ကျမတို့မိသားစု အတော်လေးကို ဒုက္ခရောက်တယ်”ဟု ၎င်းက ပြောသည်။
“ကျမယောကျ်ားက အရင်က လယ်လုပ်တယ်။ ဒီမှာတော့ အလုပ်မရှိတော့ဘူး။ အခု လမ်းဘေးစာလေး ဘာလေး ရောင်းနေပေမဲ့ ရတဲ့ဝင်ငွေက မလောက်ဘူး”
စစ်တွေရှိ အထက်တန်းကျောင်းတစ်ခုတွင် တက်ရောက်နေသည့် သမီးများအတွက် ကျောင်းစရိတ်၊ အထူးသဖြင့် ကျောင်းတွင် အပိုကောက်ခံမှုများအတွက် ငွေလိုလာသည့်အခါ ဒေါ်ကျော့ကျော့ခင်သည် နှစ်ရှည်လများ စုဆောင်းလာသည့် လက်ဝတ်ရတနာအချို့ကို ထုခွဲရောင်းချရတော့သည်။
ယခုလို အခြေအနေမျိုး ကြုံနေရသည်မှာ ဒေါ်ကျော့ကျော့ခင် တစ်ယောက်တည်းတော့မဟုတ်ပေ။ စစ်ကောင်စီ၏ မျက်ကွယ်ပြုမှုကြောင့် သောင်မတင်၊ ရေမကျ အခြေအနေ ရင်ဆိုင်နေရသည့် မြန်မာပြည်အတွင်းက နိုင်ငံ့ဝန်ထမ်းခြောက်ဦးကို ဖရွန်တီးယားက ဆက်သွယ်မေးမြန်းခဲ့သည်။ ၎င်းတို့ကလည်း စစ်တပ်နှင့် အာဏာရှင်စနစ်ဆန့်ကျင်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် အခြားဒေသများသို့ တိမ်းရှောင်ရပြီးနောက်ပိုင်း ရရန်ကျန်သည့် လုပ်ခလစာများမရရှိသေးခြင်း၊ ရွှေ့ပြောင်းတာဝန်ချထားမှု မရှိခြင်း စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဆိုသည်။
ထိုပြဿနာများမှာ အထူးသဖြင့် ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ဟု ၎င်းတို့ကဆိုသည်။ ၂၀၂၁မတိုင်ခင် ကမ္ဘာ့ဘဏ်၏ လေ့လာချက်အရ အစိုးရဝန်ကြီးဌာနများအနက် ထိုဌာနနှစ်ခု၏ ဝန်ထမ်းအင်အားမှာ အကြီးဆုံးဖြစ်သည်။ ပညာရေးဝန်ကြီးဌာန လက်အောက်တွင် ဝန်ထမ်းဦးရေ ၄၅၀,၀၀၀ခန့်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ အုပ်ချုပ်မှုအောက်တွင် ဝန်ထမ်းပေါင်း ၈၅,၀၀၀ခန့်ရှိကာ ဌာနနှစ်ခုလုံးသည် ကျေးရွာအဆင့် ဝန်ထမ်းများ ခန့်အပ်ထားသည်အထိ ဖွဲ့စည်းပုံကျယ်ပြန့်သည်။
၂၀၂၁နောက်ပိုင်းတွင် အရေအတွက် သိန်းနှင့်ချီသော ဝန်ထမ်းများသည် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)တွင် ပါဝင်ခဲ့ကြသည်။ ထိုလှုပ်ရှားမှုတွင် ပါဝင်သူအများစုသည် ဖိနှိပ်ညှဉ်းဆဲခံရမှုနှင့် စီးပွားရေးကျပ်တည်းမှုတို့ကြောင့် နောက်ပိုင်းတွင် စစ်ကောင်စီလက်အောက် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။ သို့တိုင် ထိုဝန်ကြီးဌာနနှစ်ခုလုံးမှာ ဝန်ထမ်းမလုံလောက်မှု ပြဿနာ ကြုံတွေ့နေရဆဲဖြစ်သည်။
ဖရွန်းတီးယားက ဆက်သွယ်မေးမြန်းခဲ့သည့် စစ်ကောင်စီလက်အောက်တွင် အလုပ်ဆက်လုပ်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကမူ လုပ်ငန်းခွင်အပေါ် ၎င်းတို့၏ သစ္စာခံမှုအတွက် အကျိုးခံစားခွင့် တစ်စုံတစ်ရာကို မျှော်လင့်နေကြသည်။ အထူးသဖြင့် စစ်တပ်နှင့် ၎င်းကိုတော်လှန်သည့် အင်အားစုများအကြား တိုက်ပွဲများကြောင့် အလုပ်ပျက်၊ အကိုင်ပျက်ဖြစ်ကာ နေရပ်စွန့်ခွာရသည့် ဝန်ထမ်းများတွင် ထိုမျှော်လင့်ချက်က ကြီးမားသည်။
သို့သော် ၎င်းတို့သည် ရုတ်တရက်နေရပ်စွန့်ခွာရခြင်း အပါအဝင် အခြားအရေးပေါ်ကိစ္စရပ်များတွင်ကူညီရန် လိုက်လျောညီထွေစွာ တုံ့ပြန်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပုံသေကားချပ်ဆန်ပြီး စာနာထောက်ထားမှု ကင်းမဲ့သော ဗျူရိုကရေစီယန္တရားတစ်ခု၏ သားကောင်များသာ ဖြစ်သည်ဟု အဆိုပါဝန်ထမ်းများက ဆိုသည်။
ဝင်္ကပါများနှင့် ကြိုးနီစနစ်
နိုင်ငံ့ဝန်ထမ်းများကို လစာပေးချေမှုသည် သပွတ်အူလိုက်သကဲ့သို့ ရှုပ်ထွေးပြီး ဗဟိုမှ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသော လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် စာသင်ကျောင်းများသည် လုပ်ခလစာထုတ်ယူရန်ရည်ရွယ်၍ လစဉ် ၁၅ရက်နေ့နောက်ဆုံးထားပြီး မိမိတို့၏ ဝန်ထမ်းစာရင်းကို မြို့နယ်ပညာရေးမှူးရုံးသို့ ဦးစွာတင်ပြရသည်။ ထိုစာရင်းကို ခရိုင်၊ ထိုမှတစ်ဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံးများသို့ အဆင့်ဆင့်တင်ပြရပြီး နောက်ဆုံးတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနက အတည်ပြု၊ အဆုံးအဖြတ်ပေးရသည်။
ထို့နောက် ကျောင်းအုပ်များသည် မြို့နယ်ပညာရေးမှူးရုံးတွင် လစဉ် ၂၈ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးသို့ မပျက်မကွက် တက်ရောက်ရပြီး ဝန်ထမ်းများအတွက် လစာချက်လက်မှတ်များကို ထုတ်ယူရသည်။
နောက် သုံးရက်ခန့်တွင် နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်ရှိရာ မြို့များသို့ သွားရောက်၍ ထိုချက်လက်မှတ်များဖြင့် ဆရာ၊ ဆရာမများအတွက် လစာထုတ်ယူရသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ ကျေးရွာတစ်ခုရှိ အထက်တန်းကျောင်းအုပ်တစ်ဦးက ပြောသည်။
“လစာတွေကို လတစ်လရဲ့ နောက်ဆုံးရက်မှပဲ ထုတ်လို့ရတယ်။ ဘဏ်ရောက်တော့လည်း တန်းစီရတာ လိုင်းကအရှည်ကြီးပဲ။ အဲဒီတော့ မြို့ကို နှစ်ခါသွားနေရတာ အတော်အဆင်မပြေဘူး”ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် အဆိုပါကျောင်းအုပ်က ရှင်းပြသည်။
ပဋိပက္ခ သို့မဟုတ် အခြားအကြောင်းကြောင်းကြောင့် နှစ်ပတ်ခန့်ကြာမြင့်သည့် လစာထုတ်ယူမှု လုပ်ငန်းစဥ်တွင် မမျှော်လင့်ထားသည့် အဟန့်အတားကိစ္စတစ်ရပ်ရပ် ပေါ်ပေါက်လာပါက ဆရာ၊ ဆရာမများ လုပ်ခလစာ မရကြတော့ပေ။ ဥပမာအားဖြင့် ပဋိပက္ခဖြစ်စဉ်တစ်ခုခု သို့မဟုတ် အခြားအကြောင်းအရာများကြောင့် စာသင်ကျောင်းများ ပိတ်ထားရခြင်း သို့မဟုတ် မြို့နယ်မှအထက် အဆင့်ဆင့်ရှိ ပညာရေးမှူးရုံးတစ်ခုခုသာ ပိတ်ပင်ထားရပြီး ဝန်ထမ်းများ တိမ်းရှောင်ရသည့် အခြေအနေများ ဖြစ်လာလျှင် လစာထုတ်ယူသည့် လုပ်ငန်းစဉ်ထိခိုက်သွားသည်။
ထိုသို့လစာမရသူများတွင် ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကိုမိုးသက်(အမည်လွှဲ)လည်း ပါဝင်သည်။ ယမန်နှစ်၊ နိုဝင်ဘာလတွင် ကျေးရွာအနီး တိုက်ပွဲများဖြစ်ပွားသောအခါ ကိုမိုးသက်သည် မိခင်နှင့် ညီမတို့ကို ခေါ်ဆောင်ကာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
တောင်ကြီးမြို့တွင် ရောက်ရှိနေသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း ဒီမောဆိုမြို့နယ်တွင် အလုပ်လုပ်ခဲ့သည့်လများအတွက် လုပ်ခလစာများ မရရှိသေးသလို စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ၎င်းကို နေရပ်ရွှေ့ပြောင်း တာဝန်ချထားခြင်း မရှိသေးဟု ကိုမိုးသက်က ဆိုသည်။
စစ်ပွဲများသည် ၎င်းတို့ထိန်းချုပ်နိုင်စွမ်းမရှိသည့် အခြေအနေဖြစ်ရာ ယင်းကြောင့် လစာခံစားခွင့် ဆုံးရှုံးနေသည်မှာ တရားမျှတမှုမရှိဟု ၎င်းကဆိုသည်။ “ကျောင်းဖွင့်တုန်းက ကျောင်းမတက်၊ စာမသင်တာမျိုးဆိုရင်တော့ တစ်မျိုးလေ။ တကယ်တော့ ကျောင်းတွေပိတ်ရတယ် ဆိုတာကလည်း စစ်ဖြစ်လို့ပါပဲ။ တိုက်ပွဲတွေကြောင့် နေရာရွှေ့ရတော့ ကိုယ့်အသုံးစရိတ်က အတော်များလာတယ်။ ဒါပေမဲ့ လစာကျတော့ မရပြန်ဘူး။ အစိုးရအနေနဲ့ ဒုက္ခရောက်နေတဲ့ သူ့ဝန်ထမ်းတွေကို သူပြန်ကြည့်သင့်ပါတယ်”ဟု ကိုမိုးသက်က ဖရွန်းတီးယားကို ပြောသည်။
နေရပ်စွန့်ခွာ၍ အလုပ်အကိုင် ဆုံးရှုံးရသည့် ဝန်ထမ်းများ၏ အဖြစ်သနစ်များအပြင် မူလရာထူးတွင် တာဝန်ဆက်လက် ထမ်းဆောင်နေသည့်တိုင် ပဋိပက္ခ၏ ရိုက်ခတ်မှုများကြောင့် တစ်ခါတစ်ရံ လပေါင်းများစွာ လစာမရရှိဘဲ ဒုက္ခရောက်ရသည်ဟု ဝန်ထမ်းအချို့က ဆိုသည်။
ထိုအခြေအနေမျိုးက စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များအကြား စစ်ရေးပဋိပက္ခ ဆက်လက်ဖြစ်ပွားနေသည့် ချင်းပြည်နယ်တွင် ပေါ်ပေါက်နေသည်။ ချင်းပြည်နယ်အတွင်း ဝန်ထမ်းများလစာပေးချေရာတွင် အဓိကကျသည့် မြန်မာ့စီးပွားရေးဘဏ်၏ မြို့နယ်ဘဏ်ခွဲများသို့ လိုအပ်သော ငွေစက္ကူများကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် မကြာခဏ ပို့ဆောင်ဖြည့်တင်းလေ့ ရှိသည်ဟု မြို့တော်ဟားခါးတွင် တာဝန်ကျနေသည့် အမည်မဖော်လိုသော သူနာပြုတစ်ဦးက ပြောသည်။
ထိုသို့ဖြစ်ရခြင်းမှာ စစ်အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများက ချင်းပြည်နယ်၏ ကျေးလက်ဒေသ နေရာအများစုကို သိမ်းပိုက်ထားပြီး အဓိကလမ်းမကြီးများတွင် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားသောကြောင့်ဖြစ်သည်ဟု ၎င်းကဆိုသည်။ လေကြောင်းကတစ်ဆင့် ငွေစက္ကူကို အမြဲပေးပို့ခြင်းမဟုတ်သော်လည်း ပြည်နယ်အတွင်း ငွေစက္ကူ မလုံလောက်မှုကြောင့် အချို့ဒေသများရှိ နိုင်ငံ့ဝန်ထမ်းများမှာ ဇွန်လကတည်းက လစာမရကြသေးဟု ၎င်းကဆိုသည်။
ပြည်နယ်မြို့တော်ဖြစ်သည့်အလျောက် စစ်ကောင်စီက ဟားခါးသို့ အခြားဒေသများထက် ငွေစက္ကူများ ပိုမိုသယ်ယူဖြည့်တင်းပေးသော်လည်း ၎င်းနှင့် လုပ်ဖော်ကိုင်ဖက်များသည် ဇွန်နှင့် ဇူလိုင်လများတွင် လစာငွေ ထုတ်ယူခွင့်မရရှိခဲ့ကြောင်း အဆိုပါသူနာပြုက ပြောသည်။
“သြဂုတ်လထဲမှာ လစာတွေအကုန်ပြန်ရပေမဲ့ ငွေထုတ်လို့မရခဲ့တဲ့လတွေမှာတော့ ကုန်စျေးနှုန်းကလည်း တက်နေတာနဲ့ အတော်လေးကျပ်တည်းခဲ့တယ်။ တိုက်ပွဲတွေကြောင့် အခြေအနေကလည်း မငြိမ်တော့ ဒါမျိုး ဘယ်တော့ထပ်ကြုံရဦးမလဲမသိဘူး”ဟု ၎င်းက စိုးရိမ်မကင်း ပြောသည်။
ဝေးလံခေါင်သီသည့် ကျေးလက်ဒေသရှိ နိုင်ငံ့ဝန်ထမ်းများသည် ထိုပြဿနာများသာမက မိမိ၏ လုံခြုံရေးအတွက်ပါ စိုးရိမ်ပူပန်နေရသည်ဟု ထိုသူနာပြုဆရာမက ဆိုသည်။ “ရွာတွေမှာ ကျောင်းဆရာ၊ ဆရာမတွေ အပါအဝင် အတော်ကြာကြာ မလစာမရသေးတဲ့ ဝန်ထမ်းတွေ အများကြီးရှိတယ်။ ဘာလို့လဲဆိုတော့ မြို့ကို လစာထုတ်ဖို့သွားတဲ့ အစိုးရဝန်ထမ်းတွေကို (စစ်အာဏာရှင် ဆန့်ကျင်ရေး တပ်ဖွဲ့တွေက) ပစ်ခတ်၊ တိုက်ခိုက်တာမျိုး ရှိတတ်တယ်။ ရွာတွေမှာ အင်တာနက်လည်းမရတော့ ဖုန်းထဲကနေတစ်ဆင့် ငွေလွှဲတာမျိုးလည်း လုပ်လို့မရဘူး”ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီသည် ဒိတ်အောက်နေပြီဖြစ်သည့် နိုင်ငံ့ဝန်ထမ်းများအား လစဉ် လစာပေးချေသည့်စနစ်ကို ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းပညာဖြင့် အစားထိုးရန် ယမန်နှစ်က စတင်ကြိုးပမ်းခဲ့သည်။ မြို့ကြီးများတွင် စတင်ခဲ့သည့် ဒစ်ဂျစ်တယ်စနစ်ဖြင့် လစာပေးချေမှုကို ပိုမိုချဲ့ထွင်ရန် စစ်ကောင်စီက စီစဉ်နေကြောင်း သိရသည်။ ထိုမြို့ကြီးများရှိ နိုင်ငံ့ဝန်ထမ်းများသည် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ထားသည့် ဘဏ်နှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် ဒစ်ဂျစ်တယ်ငွေစာရင်းများ ဖွင့်လှစ်ရမည်ဖြစ်ပြီး ထိုငွေစာရင်းများသို့ လစာ အလိုအလျောက် ဝင်ရောက်မည်ဖြစ်သည်။ ယခင်ကလို ဌာနအကြီးအကဲများထံမှ စာအိတ်ဖြင့် လစာထုတ်ယူသည့်ပုံစံမျိုး မဟုတ်တော့ပေ။
မိုဘိုင်းဖုန်းကတစ်ဆင့် ငွေကြေးပေးဆောင်မှုစနစ်များ နိုင်ငံတစ်ဝန်း ကျယ်ပြန့်လာပါက နေရာအနှံ့သို့ စက္ကူငွေသား အလုံးအရင်းပေးပို့ရသည့် လိုအပ်ချက် လျော့နည်းလာနိုင်သည်ဟု စစ်ကောင်စီက မျှော်လင့်ပုံရသည်။ အထူးသဖြင့် ကုန်ပစ္စည်းများ ဝယ်ယူခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ငွေပေးချေရာတွင် မိုဘိုင်းငွေပေးချေမှုစနစ်များ ပိုမိုကျယ်ပြန့်လာစေရန် စစ်ကောင်စီက မျှော်မှန်းထားသည်။
သို့သော် အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်သည် ဟားခါးမြို့က သူနာပြုဆရာမ၏ ပြောဆိုချက်အတိုင်းပင် ဝေးလံခေါင်ဖျား ပဋိပက္ခဒဏ်သင့် ဒေသများတွင်မူ အလုပ်မဖြစ်နိုင်ပေ။ အာဏာရှင်ဆန့်ကျင်ရေးတပ်ဖွဲ့များကို နှိမ်နင်းသည့်သဘောဖြင့် စစ်ကောင်စီက ထိုဒေသများတွင် အင်တာနက်လိုင်းများ ဖြတ်တောက်လေ့ရှိရာ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်သည် အလုပ်မဖြစ်နိုင်ပေ။ ထို့ပြင် ကျေးလက်ဒေသတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ကို လက်ခံအသုံးပြုသူ အနည်းငယ်မျှသာ ရှိသည်။
‘သွေးပွက်လောက်အောင် ဒေါသထွက်မိတယ်’
ကိုမိုးသက်နှင့် ဒေါ်ကျော့ကျော့ခင်တို့ကဲ့သို့ နေရပ်စွန့်ခွာရသည့် နိုင်ငံ့ဝန်ထမ်းများအတွက် သီအိုရီအရ အဖြေတစ်ခုတော့ ရှိသည်။ ရှည်လျားရှုပ်ထွေးသည့် တာဝန်ရွှေ့ပြောင်းမှုလုပ်ငန်းစဉ်ကို ကျော်ဖြတ်ရန် မလိုဘဲ ၎င်းတို့လက်ရှိနေထိုင်ရာ ဒေသများရှိ စာသင်ကျောင်းများတွင် “တွဲဖက်ဆရာ/ဆရာမများ” အဖြစ် လျှောက်ထားခြင်းပင်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ ထိုလျှောက်လွှာများမှာ မကြာခဏ ငြင်းပယ်ခံရလေ့ရှိပြီး အလုပ်ရရန် တာဝန်ရှိသူများကိုလည်း လာဘ်ထိုးရလေ့ရှိသည်။
သမီးငယ်နှင့်အတူ ရန်ကုန်သို့တိမ်းရှောင်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းကစ၍ ရန်ကုန်မြို့ရှိ စာသင်ကျောင်းများတွင် တွဲဖက်ဆရာမအဖြစ် လျှောက်ထားခဲ့သော်လည်း ကြိုးစားသမျှ ငြင်းပယ်ခံခဲ့ရသည်ဟု အသက်၅၀ကျော်ပြီဖြစ်သည့် ဆရာမဒေါ်ဇာခြည်ဝင်း (အမည်လွှဲ)က ပြောသည်။ ၎င်းတို့သည် ယခင်နေရပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ သမီးကြီးနေထိုင်ရာ ရန်ကုန်သို့ စစ်ပွဲများကြောင့် တိမ်းရှောင်လာခဲ့ကြသည်။ ရန်ကုန်ရောက်ပြီး တစ်လအကြာတွင် လားရှိုးမြို့သည် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လက်အောက်သို့ ကျရောက်သွားသည်။
“သူတို့ (ကျောင်းများ)က နေရာလွတ်မရှိဘူးလို့ ကျမကို ပြောတယ်။ ကျောင်းအုပ်တစ်ယောက်ကဆိုရင် အရင်လုပ်ခဲ့တဲ့ပြည်နယ်က ခွင့်ပြုချက်တောင်းရတာ အလုပ်ရှုပ်လို့ သူက တွဲဖက်ဆရာမတွေဆို လက်ကိုမခံချင်တာလို့ကို ပြောတာ” ဟု ဒေါ်ဇာခြည်ဝင်းက ပြောသည်။
စာသင်ကျောင်းအများအပြားက ၎င်း၏အလုပ်လျှောက်လွှာကို ငြင်းပယ်ခဲ့ပြီးနောက်တွင် ဒေါ်ဇာခြည်ဝင်းသည် ရန်ကင်းမြို့နယ်ရှိ ကျောင်းတစ်ကျောင်းတွင် တွဲဖက်ဆရာမအဖြစ် အလုပ်ရခဲ့သည့် မိတ်ဆွေတစ်ဦးထံမှ အကြံပြုချက်တစ်ခု ရရှိခဲ့သည်။ မြို့နယ်ပညာရေးမှူးရုံးမှ ထောက်ခံစာ ရယူခဲ့ရပြီး ထိုထောက်ခံစာအတွက် လာဘ်ထိုးခဲ့ရကြောင်း အဆိုပါမိတ်ဆွေက သူ့အတွေ့အကြုံကို ဆရာမအား ပြောပြခဲ့သည်။
“မြို့နယ်ပညာရေးမှူးဆီကို စာအိတ်လေးနဲ့ သွားတွေ့ရတယ်။ ပိုက်ဆံနှစ်သိန်းပေးတော့ ထောက်ခံစာရေးပေးပြီး သူပြောတဲ့ကျောင်းကို သွားခိုင်းတယ်။ နောက်ရက် အဲဒီကျောင်းကို သွားလည်းသွားရော ကျောင်းအုပ်က ထောက်ခံစာမြင်တော့ ဘာမှမပြောဘဲ လက်ခံလိုက်တယ်”ဟု ဒေါ်ဇာခြည်ဝင်းကပြောသည်။
“မျက်နှာ ပုပ်သိုးသိုးနဲ့သူက။ ကျောင်းက လက်ခံတယ်ဆိုတာ ထောက်ခံစာပါလို့သာ လက်ခံတာ ကျောင်းက ဆရာမလိုနေလို့ လက်ခံတာမဟုတ်ဘူးလို့ ပြောသေးတယ်။ ကျမမှာ ဒေါသထွက်တာ သွေးတွေပါ ပွက်ပွက်ဆူလာသလိုပဲ။ ဒါပေမဲ့ ပါးစပ်ပိတ်နေရတယ်”ဟု စာသင်သက် နှစ်ပေါင်း၃၀ရှိပြီဖြစ်သည့် ဆရာမ ဒေါ်ဇာခြည်ဝင်းက ဆက်ပြောသည်။
သြဂုတ်လလယ်မှစ၍ ကျောင်းတွင် စတင်အလုပ်ဝင်ခဲ့သော်လည်း စက်တင်ဘာလကုန်မှသာ ဝန်ထမ်းလစာ စတင်ရရှိခဲ့ကြောင်းနှင့် ထိုခါမှသာ စိတ်သက်သာရာရခဲ့ကြောင်း ၎င်းက ဆိုသည်။
“လားရှိုးက ကျောင်းကို ဘယ်ချိန်ပြန်သွားရမယ်မသိတော့ ရန်ကုန်က ကျောင်းတစ်ခုခုမှာသာ အလုပ်မရရင် ပင်စင်မရတော့မှာကို အတော်စိတ်ပူခဲ့ရတယ်”ဟု ၎င်းက ပြောသည်။ “စစ်ဘေးရှောင်ရပြီးနောက်ပိုင်း ပညာရေးဝန်ကြီးဌာနက ကျမကို မေ့သွားရင် ဘယ်လိုလုပ်မလဲ။ ဒီအလုပ်ကို ကျမနှစ်တွေအကြာကြီး လုပ်ခဲ့တာဆိုတော့ အလဟဿတော့ အဖြစ်မခံနိုင်ဘူး”ဟု သူက ဆိုသည်။
နိုင်ငံ့ဝန်ထမ်းများသည် ယေဘုယျအားဖြင့် လုပ်သက်နှစ်ပေါင်း၃၀ပြည့်ပါက နှစ်ပြည့်ပင်စင် ယူခွင့်ရှိပြီး အသက်၆၂နှစ်ပြည့်ပါက သက်ပြည့်ပင်စင်ရယူခွင့်ရှိကာ ပင်စင်လစာအဖြစ် တစ်လလျှင် ငွေကျပ်တစ်သိန်းဝန်းကျင် ခံစားခွင့်ရှိသည်။ သို့သော် ဖရွန်တီးယားက မေးမြန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကမူ ဝန်ကြီးဌာနများအနေဖြင့် အသက်၆၂နှစ်ပြည့်ပြီးသူ ဝန်ထမ်းများ၏ ပင်စင်လျှောက်ထားမှုကိုသာ ခွင့်ပြုလေ့ရှိပြီး လုပ်သက်ဖြင့် နှစ်ပြည့်ပင်စင်လျှောက်ထားမှုများကို ငြင်းပယ်လေ့ရှိကြောင်း ဆိုကြသည်။
ဆိုခဲ့ပါ ပင်စင်အကျိုးခံစားခွင့်များရရှိရန် အသက်အရွယ်နှင့် လုပ်သက်များ ပြည့်မီရန် နှစ်ပေါင်းများစွာလိုအပ်နေသေးသည့် ငယ်ရွယ်သော ကျောင်းဆရာ၊ ဆရာမများကမူ စစ်ဘေးရှောင်၍ အလုပ်အကိုင်ဆုံးရှုံးရပြီး ဝန်ထမ်းလစာ မရရှိသည့်အခါမျိုးတွင် စားဝတ်နေရေးအတွက် အခြားနည်းလမ်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျေးရွာတစ်ခုရှိ မူလတန်းကျောင်းတွင် စာသင်ပြသူ ဆရာမဒေါ်သဲမာလွင် (အမည်လွှဲ)သည် ယခုနှစ်၊ ဖေဖော်ဝါရီတွင် ရွာအနီး စစ်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ ပစ်ခတ်တိုက်ခိုက်ကြရာ စစ်ဘေးရှောင်ဘဝသို့ ရောက်ခဲ့ရသည်။ မိဘနှစ်ပါး၊ မောင်ငယ်နှင့်အတူ တောင်ငူမြို့ရှိ ဆွေမျိုးများထံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး တောင်ငူနှင့် အနီးတစ်ဝိုက်မြို့နယ်များရှိ စာသင်ကျောင်းများတွင် အလုပ်လျှောက်ခဲ့သည်။
“တောင်ငူနဲ့ ပဲခူးမြို့ပေါ်က ကျောင်းတွေမှာ တွဲဖက်ကျောင်းဆရာမ လုပ်ဖို့ လျှောက်ခဲ့သေးတယ်။ ဒါပေမဲ့ အထက်လူကြီးကို ငွေပေးမှရမှာဆိုတော့ ဘယ်ကျောင်းမှ ကျမကို လက်မခံကြဘူး။ နေရာရွှေ့ပြောင်း ရတာရယ် ဝင်ငွေမရှိဘဲ လတော်တော်ကြာ နေခဲ့ရတာရယ်ကြောင့် ကျမမှာ တစ်ပြားတစ်ချပ်မှ မရှိတော့ဘူး”ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ရန်ကုန်သို့ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး စာသင်သည့်အလုပ်ကို စွန့်လွှတ်ကာ လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် ရုံးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။ စားဝတ်နေရေး ပြေလည်သွားသည့်တိုင် မိမိနှစ်သက်သည့် စာသင်ရသောအလုပ်ကို စွန့်လွှတ်ခဲ့ရသဖြင့် စိတ်ထဲတွင် တနုံ့နုံ့ဝမ်းနည်းမှုကို ခံစားရကြောင်း သူကဆိုသည်။
“ကျောင်းဆရာမအလုပ်က လစာနည်းပေမဲ့ ကျမက ကလေးတွေကို စာသင်ရပေးတာကြိုက်တယ်”ဟု သူက ပြောသည်။ ရန်ကုန်တွင် သူစိမ်းတစ်ရံဆံသူများနှင့် နွေးထွေးမှုမရှိလှသည့်နေရာတစ်ခုတွင် အလုပ်လုပ်ရသည်မှာ အထီးကျန်လှသည်ဟု သူက ဆိုသည်။
“စစ်ပွဲတွေပြီးလို့ ကျောင်းပြန်ဖွင့်ရင်တော့ ကျမက ကလေးတွေဆီ ချက်ချင်းပြန်သွားမှာ”