ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ဝင်များကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ငြိမ်းချမ်းရေးလမ်းကြောင်း၌ ဆက်လက် လက်တွဲကြရန် ကရင်ပြည်နယ်နေ့တွင် သမ္မတ တိုက်တွန်း

မြန်မာနိုင်ငံက လျှောက်လှမ်းနေတဲ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ်တွင် ကရင်ပြည်နယ်မှ ပြည်သူများက ဆက်လက် လက်တွဲ ကြိုးပမ်းသွားကြဖို့ သမ္မတဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

“ကရင်ပြည်နယ်မှ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံးက အေးချမ်းသာယာလှပပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ကရင်ပြည်နယ်ကြီး ဖြစ်ပေါ်လာစေရေးအတွက် ဆက်လက်ပြီး စုစည်းညီညွတ်စွာ၊ တွဲလက်မြဲမြံစွာ ကြိုးပမ်းအကောင်အထည်ဖော်သွားဖို့” ဆိုပြီး နိုဝင်ဘာ ၇ ရက်နေ့က ကျရောက်တဲ့ ကရင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ဦးဝင်းမြင့်က ပြောကြားထားတာပါ။

ယခင်က ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့ ကရင်ပြည်နယ်မှာ ယခုအခါ သေနတ်သံတွေ တိတ်သလောက်ဖြစ်နေပြီလို့လည်း သူက ပြောပါတယ်။

“ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများနဲ့ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက နိုင်ငံတော်အစိုးရဦးဆောင်မှုနဲ့အတူ ကရင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် သတ္တိရှိရှိ ဆုံးဖြတ်လက်တွဲလာမှုနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အမြှော်အမြင်ရှိရှိ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာမှုများကြောင့် ကရင်ပြည်နယ်ဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အသီးအပွင့်များကို ရရှိခံစားနေရပြီဖြစ်ပါတယ်” လို့ သဝဏ်လွှာထဲမှာ သမ္မတက ပြောကြားထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ အကြောင်းအရာတွေ ဖြေရှင်းနိုင်ဖို့ဆိုပြီး နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲအပြီး နှစ်ပတ်အကြာ အောက်တိုဘာ ၂၈ ရက်နေ့မှာတော့ နောင်ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ယာယီရပ်ဆိုင်းလိုက်တယ်ဆိုပြီး ကရင်ပြည်နယ်က အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က အစိုးရထံ အသိပေးတဲ့ စာတစ်စောင် ပေါ်ထွက်လာပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ KNUရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကိုယ်တိုင် လက်မှတ်ရေးထိုးထားပြီး အောက်တိုဘာ၂၇ ရက်နေ့ ရက်စွဲတပ်ထားတဲ့ အဲဒီစာကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တိုက်ရိုက်လိပ်မူထားတာဖြစ်ပြီး ထိပ်သီး ဆွေးနွေးပွဲက ရလဒ်တွေအပေါ် အဖွဲ့အတွင်း ဆွေးနွေးဖို့ လိုအပ်တာကြောင့်ဖြစ်တယ်လို့ စာထဲမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု အသစ်ဖြစ်တဲ့ ယန္တရား၊ မူဘောင်နဲ့ ဆုံးဖြတ်ချက်ချမယ့် ပုံစံတွေကို အားလုံးနားလည်ဖို့နဲ့ အဲဒီအပေါ် သဘောတူညီမှု ရယူဖို့လည်းရှိတာကြောင့် လတ်တလော ကျင်းပမယ့် အစည်းအဝေးတွေမှာ KNU ရဲ့ ပါဝင်မှုကို ယာယီရပ်ဆိုင်းတာလို့လည်း စာထဲမှာ ဖော်ပြထားပါတယ်။

KNU ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်ကတော့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဖြစ်ပေါ်လာတဲ့ ရလဒ်အခြေအနေကြောင့် အစိုးရနဲ့ ဆွေးနွေးပွဲတွေကို ယာယီရပ်ဆိုင်းထားတာဖြစ်ပြီး ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းတာ ဖြစ်တယ်လို့လည်း Frontier ကို ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံးဟာ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် အစောဆုံး လျှောက်လှမ်းခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့လည်း မကြာခဏ တွေ့လေ့ရှိတဲ့အဖွဲ့ဖြစ်ပါတယ်။

အစိုးရနဲ့ တပ်မတော်တို့ရဲ့ အလေးပေးဆက်ဆံခြင်းကို ခံထားရတဲ့ KNU ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအပြီး နောက်ပိုင်းမှာ အဖွဲ့အတွင်း ဆွေးနွေးပွဲတွေကို ပြုလုပ်လေ့ရှိပေမယ့် အခုလို ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ယာယီရပ်ဆိုင်းတာမျိုး တစ်ကြိမ်မှ မလုပ်ခဲ့ပါဘူး။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ ယာယီရပ်ဆိုင်းတဲ့ KNU ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အပစ်ရပ် လက်နက်ကိုင်အဖွဲ့တွေက စိုးရိမ်မှုတွေရှိနေကြပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ကြောင်းပြန် လှည့်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

အဲဒီလိုစိုးရိမ်မှုတွေ ရှိနေချိန်မှာ သမ္မတရဲ့ တိုက်တွန်းမှု ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.