မောင်တော၊ အောက်တိုဘာ ၁၁
မောင်တောမြို့နယ်တွင် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းက ဘင်္ဂလီများနေထိုင်ရာ ရွာများတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကျေးရွာအတွင်းမှ ပစ်ခတ်မှုများကြောင့် တပ်မတော်က ပြန်လည်ပစ်ခတ်သဖြင့် ဘင်္ဂလီ ခုနစ်ဦးကို အသေဖမ်းဆီးရမိခဲ့သည်ဟု လုံခြံရေးတာဝန်ယူထားသည့် ရဲအုပ်တဦးက Frontier ကို ယနေ့နံနက်တွင် အတည်ပြုပြောကြားသည်။
မောင်တောမြို့သို့အဝင် သုံးမိုင်ခန့်အကွာရှိ မြို့သူကြီးကျေးရွာနှင့် အဆိုပါ ကျေးရွာအုပ်စုအောက်ရှိ သောင်ပိုင်ညာကျေးရွာအုပ်စုတို့တွင် ယမန်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် တပ်မတော်က နယ်မြေရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ရှင်းလင်စဉ် တပ်မတော်စစ်ကြောင်းကို ကျေးရွာအတွင်းမှ ပစ်ခတ်မှုကြောင့် ပြန်လည် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ဘင်္ဂလီ လေးဦးသေဆုံးခဲ့ကာ၊ မြို့သူကြီးအနီးမှ သောင်ပိုင်ညာ ကျေးရွာတွင်လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ဘင်္ဂလီ သုံးဦးသေဆုံးခဲ့သည်။
“နေရာတော်တော်များများကို တပ်က ရှင်းနေပြီ။ ပြန်လည်ပစ်ခတ်တာတွေ ရှိတော့ စစ်တပ်တောင်မှ အလုံးအရင်းနဲ့ ဝင်နေရတယ်” ဟု လုံခြုံရေးယူထားသည့် ရဲအုပ်က ဆိုသည်။
မောင်တောမြို့အဝင်ရှိ အကြီးဆုံးရွာတရွာဖြစ်သည့် မြို့သူကြီးရွာတွင် ဘင်္ဂလီအများဆုံး နေထိုင်ကြပြီး လူဦးရေ ၄,၀၀၀ ကျော်ရှိသည်။ မြို့သူကြီးရွာအုပ်စုအောက်တွင် ဘင်္ဂလီကျေးရွာ အများစုရှိပြီး ရခိုင်ရွာ သုံးရွာခန့်ရှိသည်။
မြို့သူကြီးရွာမှ ဘင်္ဂလီတဦးဖြစ်သူ ရော်ရှီးတာမစ် က “မနေ့က လေးဦးသေတယ်။ ကွမ်းခြံဖက်မှာ။ တဖက်ရွာမှာတော့ သုံးဦးသေတယ်ပြောတယ်” ဟု ဆိုသည်။ ရော်ရှီးတာမစ်နှင့်အတူ သား နှစ်ယောက်တို့မှာ မြို့သူကြီးရွာတွင် အငှားကျောက်ထု လုပ်ကိုင်နေကြသူများဖြစ်သည်။
အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့် ရဲစခန်းများအား လက်နက်ကိုင်ဆောင်ထားသူများက ဝင်ရောက် တိုက်ခိုက်မှုအပြီးတွင် ရဲတပ်သား ကိုးဦးသေဆုံးခဲ့ကာ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် ဘင်္ဂလီ နှစ်ဦးကို အရှင် ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့က အဆိုပါတိုက်ခိုက်မှုကို “ရွာသားများ၏ အကူအညီနှင့် ကြိုတင်ကြံစည်ခဲ့ဖြင်း” ဖြစ်သည်ဟု စစ်တွေတရားရုံးတွင် ရုံးထုတ်ခဲ့စဉ် ဝန်ခံ ထွက်ဆိုထားသည်။
မောင်တောမြို့နယ်တွင် ယမန်နေ့က ရဟတ်ယဉ်များဖြင့် တပ်မတော်သားများ ရောက်ရှိလာကာ နယ်မြေရှင်းလင်းရေး အရှိန်မြှင့် ဆောင်ရွက်နေပြီး မြို့ပေါ်နှင့် နီးစပ်သည့်နေရာများတွင် နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေးယူထားသည်ကို တွေ့ရသည်။
ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း တပ်မတော်က မောင်တောမြို့ တောင်ဖက်ရှိ ဘင်္ဂလီကျေးရွာများတွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်တိုက် ဆောင်ရွက်လျက်ရှိသည်။
သတင်း-မြတ်ကျော်သူ