YBS က မထသ ပြန်ဖြစ်လာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဝေဖန်

ရန်ကုန်၊ ဧပြီ ၅

မထသမှ YBS စနစ်သို့ ပြောင်းလဲလိုက်ခြင်းမှာ အပေါ်ယံ အဝတ်အထည်သာ ပြောင်းလဲခြင်းဖြစ်ပြီး ယခုအခါ YBS ကနေ မထသ ပြန်ဖြစ်လာနေပြီလို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဝေဖန်လိုက်ပါတယ်။

“မထသမှ YBS သို့ ပြောင်းလဲခြင်းသည် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များက မထသအင်္ကျီချွတ်ပြီး YBS အင်္ကျီပြောင်းလဲလိုက်ခြင်းသာ ဖြစ်ပါတယ်” လို့ အင်းစိန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးဝေဖြိုးဟန်က တိုင်းဒေသကြီးလွှတ်တော်မှာ ယနေ့ ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ဦးဆောင်စီစဉ်ဆောင်ရွက်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘတ်စ်ကားစနစ်ကို ဇန်နဝါရီ ၁၅ ရက်နေ့က စတင်ပြောင်းလဲခဲ့ပါတယ်။

အဲဒီလိုပြောင်းလဲရာမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို ကြပ်မတ်နေတဲ့ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မထသ) ကို ဖျက်သိမ်းပြီး Yangon Bus Service လို့ခေါ်တဲ့ YBS နဲ့ ညတွင်းချင်း အစားထိုးခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့နေ ပြည်သူသန်းနဲ့ချီပြီး နေ့စဉ်အသုံးပြုနေတဲ့ ဘတ်စ်ကားစနစ်ကို ပိုမိုကောင်းမွန်စနစ်ကျတဲ့ စနစ်တစ်ခုဖြစ်အောင် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုစနစ်သစ်တစ်ခုကို သုံးရက်အတွင်း စနစ်တကျ ပြောင်းလဲနိုင်ခဲ့တယ်လို့ ဦးဖြိုးသိန်းက ပြောကြားခဲ့ဖူးပေမယ့် လက်တွေ့မှာတော့ ကားအရေအတွက် နည်းပါးနေခြင်းနဲ့ စည်းကမ်းချိုးဖောက်မှုတွေကို နိုင်နိုင်နင်းနင်း မထိန်းချုပ်နိုင်သေးတာတွေကို မြင်တွေ့နေရပါတယ်။

YBS ယဉ်လိုင်းအများအပြားဟာ တစ်လ၊ နှစ်လအကြာမှာ မိတ်ကပ်တွေ ကွာကျလာပြီး အရင် မထသ လို ဖြစ်လာကာ အပြိုင်အဆိုင်မောင်းခြင်းမျိုး ဖြစ်ပေါ်နေသောကြောင့် အစိုးရအနေနဲ့ စနစ်တကျ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အရေးယူဆောင်ရွက်မှုကို ပွင့်လင်းမြင်သာစွာ ချပြဖို့ ဦးဝေဖြိုးဟန်က တောင်းဆိုခဲ့ပါတယ်။

“YBS တွေ တော်တော်များများသည် မထသတွေကြီးပါ” လို့ သူကပြောပါတယ်။

မထသမှ YBS သို့ ပြောင်းလဲပြေးဆွဲစေခြင်းက အကောင်းဘက်သို့ ဦးတည်တယ်လို့ ထင်ရပေမယ့် တကယ်တမ်းတွင်မူ ခရီးသွားပြည်သူများစွာအတွက် အဆင်မပြေမှုများစွာ ဖြစ်ပေါ်ခဲ့ရခြင်းမှာ ကြိုတင်အချိန်ယူမှု နည်းပါးကာ အားချင်း ဇွတ်အတင်း ပြောင်းလဲစေခဲ့သောကြောင့်ဖြစ်တယ်လို့လည်း ဦးဝေဖြိုးဟန်က ပြောပါတယ်။

“အရင်မထသမှ လူကြီးများသည် YBS တစ်ခုလုံး၏ operation (လည်ပတ်မှု) တွင် ပါဝင်နေမှုကြောင့် အံသြရပါတယ်” လို့လည်း သူကပြောပါတယ်။

မထသမှ YBS အဖြစ် ပြောင်းလဲရန်အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်က လွတ်တော်ကိုယ်စားလှယ်ထံ အသိပေးခြင်းမှာလည်း တစ်ပတ်ခန့်အကြာတွင်မှ ဖြစ်သောကြောင့် ပွင့်လင်းမြင်သာမှု နည်းပါးတယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့သိမှ ပြည်သူလူထု သိမှာပါ” လို့ ဦးဝေဖြိုးဟန်က လွတ်တော်ကိုယ်စားလှယ်များအနေဖြင့် YBS ယာဉ်လိုင်းစနစ် ပြောင်းလဲရာမှာ ပါဝင်ဆွေးနွေးမှုမျိုး ပြုလုပ်ခွင့်မရခဲ့ခြင်းအပေါ် တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

“အားလုံးလည်း ကြားနေမှာပေါ့။ YBS အနေဖြင့် သုံးလကြာရင် ကားအသစ်တွေကို ဖြည့်ဆည်းသွားမှာဆိုတော့ အဲဒီအတွက် ကားဝယ်ယူမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ မေးခွန်းထုတ်စရာတွေ အများကြီးပဲလေ။ အဲဒီတော့ အစိုးရအနေနဲ့ ပွင့်လင်းမြင်းသာမှုရှိအောင် လုပ်ပါလို့ ဆိုလိုချင်ပါတယ်” လို့ ဦးဝေဖြိုးဟန်က ပြောပါတယ်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ရဲ့ ဖွဲ့စည်းမှုကိုလည်း သူက ဆက်လက် မေးခွန်းထုတ်ခဲ့ပါတယ်။

YRTA ကို မည်သည့်ပုံစံနဲ့ ဖွဲ့စည်းထားသည်နှင့် ငွေကြေးခွဲဝေမှု၏ ပုံစံများကို ပွင့်ပွင့်လင်းလင်း ချပြသင့်တယ်လို့လည်း သူကပြောပါတယ်။

“အဲဒီလိုမှ မဟုတ်ရင်တော့ အရင် မထသလိုမျိုး ဖြစ်သွားမှာပေါ့” လို့ သူကပြောပါတယ်။

သတင်း-ဆုမြတ်မွန်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar