ကန်တော်ကြီး၊ မြကျွန်းသာနှင့် ပြည်သူ့ရင်ပြင် မြေငှားရမ်းခ တစ်စတုရန်းပေလျှင် ကျပ် ၅၀ ကျော်သာရရှိနေသေးဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင်ဖော်ပြထား
ဟိန်းကိုစိုး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် စတင် အကောင်အထည်ဖော်ခဲ့သည့် ရန်ကုန်ဘတ်စ်ကား စနစ် (YBS) တွင် ရင်းနှီးမြှပ်နံှထားသည့် ဘတ်ဂျတ်ငွေများ အရှုံးပေါ်နေသည့်အပြင် အစိုးရသစ် တာဝန်ယူပြီးနောက်ပိုင်း နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စည်ပင်သာယာရေး လုပ်ငန်းများ ပြီးစီးမှုမရှိကြောင်းကို ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက စိစစ်တွေ့ရှိခဲ့သည်။
စာရင်းစစ်ချုပ်ရုံးက ထုတ်ပြန်သည့် အစီရင်ခံစာအရ မြေငှားရမ်းခများ အလွန်နည်းပါးစွာဖြင့် ငှားရမ်းထားသည့် ကန်တော်ကြီး၊ မြကျွန်းသာ၊ ပြည်သူ့ဥယျာဉ်နှင့် အခြားပန်းခြံ ဥယျာဉ်များ၏ ငှားရမ်းခရရှိငွေမှာ တစ်စတုရန်းပေလျှင် ကျပ် ၅၀ နီးပါးသာ ရရှိနေသေးကြောင်းကိုလည်း ဖော်ပြထားသည်။
အဆိုပါအစီရင်ခံစာကို တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက လက်ရှိ ကျင်းပနေသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ဖြစ်သည့် စက်တင်ဘာ ၁၄ ရက်နေ့တွင် ဖတ်ကြား တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ၂၀၁၆-၁၇ ဘတ်ဂျတ်နှစ်အတွင်း ကျပ် ၇၀ဘီလျံနှင့် ဧရာဝတီဘဏ်မှ ကျပ် ရှစ်ဘီလျံ ချေးယူကာ တရုတ်နိုင်ငံမှ ဘတ်စ်ကားစီးရေ ၁,၀၀၀ ကိုဝယ်ယူခဲ့သည်။ ယင်းကားများသည် အများပြည်သူ လက်ရှိအသုံးပြုနေသည့် အဝါရောင် YBS ဘတ်စ်ကားများဖြစ်သည်။
အဆိုပါဘတ်စ်ကားများကို ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YBPC) နှင့် ရန်ကုန်မြို့ပြအများ ပြည်သူသယ်ယူ ပို့ဆောင်ရေးအများပိုင်ကုမ္ပဏီ (YUPT) တို့သို့ အစီးရေ ၅၀၀ စီ ခွဲဝေအသုံးပြုစေခဲ့သည်။
ကုမ္ပဏီများ စတင်တည်ထောင်ကာ ယင်းကားများကို အသုံးပြုခဲ့ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်သည့် YBPC နှင့် YUPT တို့သည် ၂၀၁၆ ခုနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အထိ စုစုပေါင်း ကျပ်သန်း ၄၇၀၉ ဒသမ ၄၂၃ (၄ ဒသမ ၇ ဘီလျံ) အထိအရှုံးပေါ်နေပြီ ဖြစ်သည်။ YBPC သည် ယခင်အစိုးရလက်ထက်က BRT Lite ကို ပြောင်းလဲ ဖွဲ့စည်းခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် အစိုးရသစ်က ရင်းနှီးမြှပ်နံှခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်၊ မေလအထိစာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘတ်စ်ကားကုမ္ပဏီပေါင်း ၅၂ ခုက ယာဉ်လိုင်းပေါင်း ၁၁၉ လိုင်းတွင် ယာဉ်စီးရေ ၆,၂၇၂ စီးဖြင့် ပြေးဆွဲလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်တက်လာပြီး ကျယ်ကျယ်လောင်လောင် ဖော်ပြခံရသည့် ကန်တော်ကြီး၊ ပြည်သူ့ဥယျာဉ်နှင့် မြကျွန်းသာ မြေနေရာ ငှားရမ်းမှုနှုန်းထားများမှာလည်း လက်ရှိအစီရင်ခံစာအရ ယခင်ကထက် အနည်းငယ်သာ တိုးမြှင့်ရရှိနေသည်ကို တွေ့ရသည်။ ငှားရမ်းခများမှာ တစ်စတုရန်းပေလျှင် ကျပ် ၅၀ နီးပါးသာ ရရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပြည်သူ့ရင်ပြင်အတွင်းရှိ မြေ ၇၆ ဒသမ ၃၆ ဧကအတွက် Natural World Co,Ltd ထံမှ တစ်လလျှင် တစ်စတုရန်းပေအတွက် ယခင် ၆ ဒသမ ၂၆ ကျပ်မှ ယခု ၃၂ ကျပ်အထိသာ တိုးမြှင့် ရရှိသေးသည်။ မြကျွန်းသာအပန်ဖြေဥယျာဉ် မြေဧက ၄၂ ဒသမ ၄၄၀ ဧကအတွက်မူ ၂၀၁၆-၁၇ ခုနှစ်က ငှားရမ်းထားသည့်နှုန်းဖြစ်သည့် တစ်ဧက ကျပ်တစ်သန်းသာ ရရှိနေသည်။ လက်ရှိတွင် ငှားရမ်းခကို ကောက်ခံခြင်းမရှိတော့ပဲ လုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟု အသိပေးထားသည်။ သို့သော် မြကျွန်းသာအတွင်း စားသောက်ဆိုင်လုပ်ငန်းများကို ယခုအချိန်ထိ ဆက်လက် လုပ်ကိုင်နေသည်ဟု စာရင်းစစ်ချုပ်က အစီရင်ခံသည်။
ကန်တော်ကြီး ကရဝိတ်ဥယျာဉ် မြေ ၁၉ ဒသမ ၁၁ ဧကအတွက် ယခင်၂၀၁၀ ပြည့်နှစ်တွင်ရရှိခဲ့သည့် တစ်စတုရန်းပေလျှင် ၆ ဒသမ ၀၁ ကျပ်မှ လက်ရှိတွင် ၄၇ ဒသမ ၄၄၇ ကျပ်အထိသာ ရရှိသေးကြောင်း၊ ယင်းငွေပမာဏသည် ကာလပေါက်ဈေးဖြင့်ဆိုပါက များစွာနည်းပါးနေသည်ဟု အစီရင်ခံစာတွင်ပါရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများ အကျိုးတူ ပူးပေါင်းကာ ဆောင်ရွက်နေသည့် ဈေးဆောက်လုပ်ရေး လုပ်ငန်းများတွင်လည်း အစိုးရသစ် လက်ထက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က စတင်ခဲ့သည့် တာမွေရာပြည့်ဈေး၊ အင်းစိန်း ဒညင်းကုန်းဈေး၊ မြောက်ဥက္ကလာ သီရိရတနာလက်ကားဈေး တို့မှာ သတ်မှတ်ချိန်အတွင်း ပြီးစီးမှု မရှိသေးပဲ ဈေးအချို့မှာ ၃၀ရာခိုင်နှုန်းအထိသာ ပြီးစီးသေးသည်။
ယင်းအပြင် အဆောက်အအုံဌာနက အကျိုးတူဆောင်ရွက်သည့် လုပ်ငန်းများတွင်လည်း ပြီးစီးမှုမရှိခြင်း၊ အကောင်အထည် ဖော်နိုင်မှုမရှိသေးသည့် စီမံကိန်းများလည်း ရှိနေသည်။ ယင်းအတွက် ဒဏ်ကြေးများကို ကောက်ခံရန် တာဝန်ရှိသော်လည်း ကောက်ခံမှုမရှိခြင်း၊ အကျိုးအမြတ်ခွဲဝေရာတွင်လည်း နိုင်ငံပိုင်ရရှိမှု အခြေအနေများမှာ နစ်နာမှုများ ရှိနေသည်ဟု စာရင်းစစ်ချုပ်ရုံးက အစီရင်ခံထားသည်။
အခြားသော စည်ပင်သာယာရေးဌာနများ၏ ဆောင်ရွက်ချက်များမှာလည်း နိုင်ငံတော်မှ ရရှိနိုင်သည့် ဝင်ငွေများထက် လျော့နည်းရရှိကာ ဆောင်ရွက်ထားရှိမှုများသာရှိကြောင်း အစီရင်ခံစာတွင် အကျယ်တဝင့်ဖော်ပြထားသည်။