၂၀၁၅ရွေးကောက်ပွဲကာလက ပြည်ခိုင်ဖြိုးပါတီကျင်းပသည့် မဲဆွယ်စည်းရုံးပွဲတစ်ခုသို့ တက်ရောက်လာသော ထောက်ခံသူတစ်ဦးကို မြင်တွေ့ရစဉ်။ (ရဲအောင်သူ | အေအက်ဖ်ပီ)

အလယ်ပိုင်းဒေသ သစ္စာခံနယ်မြေတွေမှာ ပြည်ခိုင်ဖြိုး ဆက်လက်အောင်ပွဲခံနိုင်မလား

အမျိုးသားရေးရှေ့တန်းတင်လှုပ်ရှားမှုများနှင့် ကျေးလက်မဲဆန္ဒရှင်များကို အဓိကထားမဲဆွယ်မှုများက ပြည်ခိုင်ဖြိုးပါတီ ၂၀၁၅တွင် မန္တလေးတိုင်းအတွင်း ဒေသအချို့တွင် အနိုင်ရရေးအတွက် အဓိကကျခဲ့သည်။ သို့တိုင် ယခုနှစ်နိုဝင်ဘာတွင် ဆက်လက်အနိုင်ရ၊ မရမှာ စိတ်ဝင်စားဖွယ်ကောင်းနေသည်။

ဆွေလဲ့မွန် ရေးသားသည်။

မိတ္ထီလာမြို့၏ စက်တင်ဘာ၂ရက်သည် ယခင်နေ့များနည်းတူ ကွဲပြားမှုမရှိဘဲ ဆူဆူညံညံရှိသည်။ သို့သော် ထူးခြားချက်တစ်ခု ရှိနေသည်။ ဈေးအတွင်းသွားလာလှုပ်ရှားနေသော လူများနှင့် လမ်းမများပေါ်တွင် မောင်းနှင်သွားလာနေသောလူအများစုသည်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ)၏ အမှတ်တံဆိပ် ခွပ်ဒေါင်းနှင့် ငါးထောင့်ကြယ်ပါ အနီရောင်ရှပ်အင်္ကျီများကို ဝတ်ဆင်ထားကြခြင်းဖြစ်သည်။

ထို့ပြင် အင်န်အယ်လ်ဒီတံဆိပ်မျက်နှာဖုံးများကို ဝတ်ဆင်ထားကြပြီး အနီရောင်အလံများလွင့်ထားသော မော်တော်ဆိုင်ကယ်များက ၂၀၁၅က ပြည်ခိုင်ဖြိုးအစိုးရ တည်ဆောက်ခဲ့သော မိတ္ထီလာကန် တံတားသစ်ပေါ်တွင် မကြာခဏဖြတ်သန်းသွားလျက်ရှိသည်။

ထိုမြင်ကွင်းသည် အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် တရားဝင်မဲဆွယ်အခမ်းအနားမကျင်းပမီ ခြောက်ရက်အလိုတွင် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပါတီဝန်းရံသူများကစီစဉ်ခဲ့သော “အနီရောင်လှုပ်ရှားမှု”တွင် မိတ္ထီလာမြို့သူ၊ မြို့သားများ ပါဝင်လှုပ်ရှားနေသော မြင်ကွင်းတစ်ခုဖြစ်သည်။

အနီရောင်လှုပ်ရှားမှုကို တိုင်းရင်းသားဒေသများကလွဲ၍ နေရာအတော်တော်များများတွင် ပြုလုပ်ခဲ့ကြသော်လည်း မိတ္ထီလာမြို့၏ လှုပ်ရှားမှုက ထူးခြားသောအသွင်ဆောင်နေသည်။ အဘယ်ကြောင့်ဆိုသော် အင်န်အယ်လ်ဒီသောင်ပြိုကမ်းပြိုအနိုင်ရခဲ့သော ၂၀၁၅ရွေးကောက်ပွဲတွင် အခြားမြို့နယ်များနှင့်ခြားနားစွာ မိတ္ထီလာမြို့နှင့် ဘေးပတ်ဝန်းကျင်ရှိမြို့နယ် သုံးခုတို့သည် ပြည်ခိုင်ဖြိုးပါတီကိုအမာခံနယ်မြေများအဖြစ် ကျန်ရှိခဲ့ကြခြင်းကြောင့်ဖြစ်သည်။ 

၂၀၁၅တွင် မန္တလေးတိုင်းဒေသကြီးအတွင်း မိတ္ထီလာနှင့်မလှိုင်မြို့နယ်ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁)နှင့် ပျော်ဘွယ်နှင့်ရမည်းသင်းမြို့နယ်တို့ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၈)တို့တွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့သည်။ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့် သာစည်မြို့နယ်လေးခု၏ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် နေရာအားလုံးကိုလည်း ပြည်ခိုင်ဖြိုးက သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ မဲဆန္ဒနယ်များအားလုံးကို ပြည်ခိုင်ဖြိုးပါတီက မဲရလဒ်စုစုပေါင်း၏ ထက်ဝက်ကျော်ပမာဏဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်း၏နောက်တွင် အင်န်အယ်လ်ဒီပါတီက ဒုတိယလိုက်သည်။ မိတ္ထီလာမြို့နယ်၏ ပြည်သူ့လွှတ်တော်နေရာအတွက် အင်န်အယ်လ်ဒီပါတီက ဆန္ဒမဲစုစုပေါင်း၏ ၂၃ရာခိုင်နှုန်းသာရရှိခဲ့သည်။

ယင်းအောင်နိုင်ခဲ့မှုကြောင့် မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့် သာစည်မြို့နယ်များကို ပြည်ခိုင်ဖြိုးမြို့လေးမြို့ဟုပင် ခေါ်လေ့ရှိသည်။ ၂၀၁၅ရွေး‌ကောက်ပွဲရလဒ် မြေပုံကိုကြည့်ပါက မြို့နယ်လေးခုသည် အစိမ်းရောင်းကျွန်းလေးသဖွယ် အနီရောင်ပင်လယ်ပြင်တွင် စုစည်းပေါ်ထွန်းနေဟန်လည်း မြင်တွေ့ရမည်ဖြစ်သည်။

သို့သော် အဆိုပါမြို့နယ်များသို့ ဖရွန်းတီးယားမြန်မာက ဩဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းတွင် နယ်မြေကွင်းဆင်းခဲ့မှုများအရ အတိုက်အခံပြည်ခိုင်ဖြိုးပါတီ၏ အစိမ်းရောင်ကျွန်းလေးသည် လာမည့်နိုဝင်ဘာ၈ရက်လွန်သော် နစ်မြုပ်ပျောက်ကွယ်သွားရတော့မည့် အလားအလာရှိနေသည်။

၂၀၁၅ကပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲအောင်ပွဲများတွင် ဇာတ်ပို့များအဖြစ် အဓိကပါဝင်ခဲ့ကြသည့် အမျိုးသားရေးအဖွဲ့များသည် အင်န်အယ်လ်ဒီအစိုးရ၏ ဖိနှိပ်ထိန်းချုပ်မှုအောက်တွင် တစ်စုတစ်စည်းတည်း မရှိနိုင်ကြတော့ဘဲ ကွဲပြားခဲ့ရပြီဖြစ်သည်။ ထို့ပြင် အင်န်အယ်လ်ဒီပါတီသည် ၂၀၁၅တွင် ၎င်းအာရုံမစိုက်ခဲ့မိသော ကျေးလက်နေမဲဆန္ဒရှင်များကို ယခုနှစ်တွင် ဦးစားပေးမဲဆွယ်လာနေသည်ကို မြင်တွေ့ရသည်။

သို့သော် ဗုဒ္ဓဘာသာဝင်အမည်ခံ အစွန်းရောက်လှုပ်ရှားသူများက ကျေးရွာများတွင် ဆက်လက်လွှမ်းမိုးထားနေသည်ကိုလည်းကောင်း၊ ကြွယ်ဝချမ်းသာသော ပြည်ခိုင်ဖြိုးပါတီက ဆင်းရဲသော ကျေးလက်နေမဲဆန္ဒရှင်များအပေါ် အလှူအတန်း၊ အပေးအကန်းများဖြင့် ဆက်လက်လွှမ်းမိုးထားသည်ကိုလည်းကောင်း ဖရွန်းတီးယားမြန်မာက လေ့လာတွေ့ရှိခဲ့ရသည်။ 

အင်န်အယ်လ်ဒီပါတီက ယခုနှစ်တွင် သောင်ပြိုကမ်းပြိုအနိုင်ရဦးမည်ဟု ခန့်မှန်းနေမှုများအကြားတွင် ထိုမြို့နယ်လေးခုသည် အင်အားကြီးပါတီကြီးနှစ်ခုအကြား အပြင်းအထန်ယှဉ်ပြိုင်ကြမည့် ရှားရှားပါးပါးနေရာများ ဖြစ်လာသည်။

မိတ္ထီလာမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမှတ်တံဆိပ်ပါ တီရှပ်များရောင်းချသည့်ဆိုင်တစ်ခုကို မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

အကြမ်းဖက်မှုများကို ပြန်လည်ခြေရာကောက်ခြင်း

ရွေးကောက်ပွဲတွင် အဆိုပါအစိမ်းရောင်မြို့များ၌ အခြားပါတီများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သော်လည်း အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးပါတီနှစ်ခုသာ ယှဉ်ပြိုင်ရမည့်ပွဲဟု ဒေသခံများကဆိုသည်။

“မိတ္ထီလာမှာ ပါတီနှစ်ခုပဲအားကောင်းတယ်။ တခြားအားကောင်းတဲ့ပါတီ ဒီမှာမရှိသေးဘူး”ဟု မိတ္ထီလာမြို့ခံ ၈၈မျိုးဆက်ကျောင်းသားဟောင်း ဦးခင်နန်းကပြောသည်။

ပါတီကြီးနှစ်ခုအကြား ပြင်းထန်သောပြိုင်ပွဲတစ်ခုဖြစ်သည်ကို စက်တင်ဘာ၂၀ရက်က မိတ္ထီလာမြို့နယ်၊ ညောင်ကိုင်ကျေးရွာတွင် ပါတီဝန်းရံသူများအကြားဖြစ်ပွားခဲ့သော ရန်ပွဲကသက်သေပြနေသည်။ အင်န်အယ်လ်ဒီထောက်ခံသူများက ၎င်းတို့၏မဲဆွယ်နေမှုကို နှောင့်ယှက်သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီဝင်များက နေအိမ်များကို ခဲများဖြင့်ပေါက်ခဲ့ကြသည်။ ယင်းဖြစ်စဉ်ကြောင့် ပြည်ခိုင်ဖြိုးပါတီဝင် အများအပြားဖမ်းဆီးခံခဲ့ရသည်။

မိတ္ထီလာမြို့သည် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီက ခြေကုတ်ရယူနိုင်ခဲ့သော မဲဆန္ဒနယ်မြေတစ်ခုဖြစ်သည်။ ၂၀၁၂တွင် ဒေါ်အောင်ဆန်းစုကြည်၏ လူယုံတစ်ဦးဖြစ်သော ဦးဝင်းထိန်သည် သူ၏မွေးရပ်မြေမိတ္ထီလာတွင် ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ သို့သော်လည်း သုံးနှစ်တာအတွင်း အမျိုးသားရေးလှုပ်ရှားသူများ အခိုင်အမာခြေကုတ်ရယူလာခြင်းကြောင့် ၂၀၁၅ရွေးကောက်ပွဲတွင် ထိုနယ်မြေ၏ လွှတ်တော်နေရာအားလုံးကို အင်န်အယ်လ်ဒီက ပြည်ခိုင်ဖြိုးပါတီသို့ ထိုးအပ်ခဲ့ရသည်။

၂၀၁၃၊ မိတ္ထီလာတွင်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်နှင့် မွတ်စလင်လူ့အဖွဲ့အစည်းအကြား ဘာသာရေးနှင့် လူမျိုးရေးမငြိမ်မသက်မှုများက ၂၀၁၅ရွေးကောက်ပွဲအပေါ် လွှမ်းမိုးခဲ့သည်။ မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် မိတ္ထီလာတွင် လူဦးရေ၄၀ကျော် အသတ်ခံခဲ့ရပြီး လူထောင်ပေါင်းများစွာ၏ နေအိမ်များမီးရှို့ဖျက်ဆီးခံခဲ့ရသည်။ သေဆုံးသူများတွင် အစ္စလာမ်ဘာသာရေးကျောင်းတစ်ခုမှ ကျောင်းသားငယ်၃၆ဦးနှင့်ဆရာများ ပါဝင်ခဲ့သည်။

ဦးဝင်းထိန်သည် ၂၀၁၅ရွေးကောက်ပွဲတွင် ဝင်ရောက်မယှဉ်ပြိုင်ခဲ့သော်လည်း မိတ္ထီလာအရေးအခင်းတွင် သူပြောဆိုခဲ့သည့် “မိတ္ထီလာသားဖြစ်ရတာ ရှက်ဖို့ကောင်းတယ်” ဟူသော မှတ်ချက်စကားသည် အင်န်အယ်လ်ပါတီဒီရှုံးနိမ့်ခဲ့ရသည့် အကြောင်းအရင်းများအနက်မှ တစ်ခုဖြစ်ခဲ့သည်။ မျိုးချစ်လှုပ်ရှားသူများဦးဆောင်သော နယ်မြေခံများက ဦးဝင်းထိန်ကို ကိုယ်စားလှယ်အဖြစ်မှ ပြန်ရုတ်သိမ်းရန် ကြိုးပမ်းခဲ့ကြဖူးသည်။

၂၀၁၃အရေးအခင်းကြောင့် မိတ္ထီလာမြို့နှင့် အနီးတဝိုက်မြို့များရှိ ဗုဒ္ဓဘာသာများနှင့် မွတ်စလင်များအကြား ညီမျှနေသော လူမှုဘဝဟန်ချက်ပျက်ခဲ့သည်။ ထို့ပြင် ယခုဖျက်သိမ်းခံထားပြီးဖြစ်သော အမျိုး၊ ဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကဲ့သို့ ဗုဒ္ဓဘာသာဝင်အမည်ခံ အစွန်းရောက်မျိုးချစ်အဖွဲ့အစည်းများစွာလည်း ပေါ်ပေါက်ခဲ့သည်။

မဘသအဖွဲ့ဝင် သံဃာတော်များဦးဆောင်သော တရားပွဲများက ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအထိ အဓိကနေရာကပါဝင်ခဲ့ပြီး အင်န်အယ်လ်ဒီပါတီကို ပေါ်တင်တိုက်ခိုက်ခဲ့သည်လည်းရှိသလိုနောက်ကွက်က ထိုးနှက်ခဲ့သည်လည်းရှိသည်။

၂၀၁၅တွင် မိတ္ထီလာ၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကို ရှုံးနိမ့်ခဲ့သော အင်န်အယ်လ်ဒီပါတီဝင် ဒေါက်တာခင်စိုးက မဲဆန္ဒရှင် အများအပြား ဘာသာရေးမှိုင်းတိုက်ခြင်းခံခဲ့ရသဖြင့် ၎င်းတို့၏ပါတီရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒါက သိသာပါတယ်။ ဘာကြောင့်ဆို ဦးဝီရသူရဲ့ အနီးကပ်လူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဒေါ်ခင်ဝိုင်းကြည်က ပြည်သူ့လွှတ်တော်နေရာအတွက် မိတ္ထီလာမှာ လာဝင်ပြိုင်တာပဲကြည့်လေ။ မဲတွေကွဲသွားအောင် လုပ်တာပေါ့”ဟု ၎င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် ၂၀၁၀ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သဖြင့် အင်န်အယ်လ်ဒီပါတီမှ ခွဲထွက်ခဲ့သော အင်အားစုများတည်ထောင်ခဲ့ပါတီတစ်ခုဖြစ်သည်။ ယင်းပါတီသည် ဒီမိုကရေစီလှုပ်ရှားမှုနောက်ခံသမိုင်းရှိခဲ့သော်လည်း ပါတီ၏လူသိများသည့်အမတ်တစ်ဦးဖြစ်သော ဒေါ်ခင်ဝိုင်းကြည်သည် မဘသအဖွဲ့ကဦးဆောင်ရေးဆွဲခဲ့သော အငြင်းပွားဖွယ် မျိုးစောင့်ဥပဒေလေးခုကို ထောက်ခံအားပေးခဲ့သူဖြစ်သည်။

သို့သော် ဒေါက်တာခင်စိုးပြောသကဲ့သို့ မဲကွဲမှုများကြောင့် မိတ္ထီလာတွင် အင်န်အယ်လ်ဒီရှုံးခဲ့ရခြင်းမဟုတ်ပေ။ ဒေါ်ခင်ဝိုင်းကြည်သည် စုစုပေါင်းမဲအားလုံး၏ ၃ရာခိုင်နှုန်းသာရရှိခဲ့သည်။ ဒေါ်ခင်ဝိုင်းကြည်ရရှိသည့်မဲဆန္ဒများကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်ပြိုင်သည့် အင်န်အယ်လ်ဒီပါတီဝင် ဒေါက်တာဝင်းစိုးရရှိခဲ့သော ၃၆ရာခိုင်နှုန်းနှင့် ပေါင်းသည့်တိုင်အောင် ပြည်ခိုင်ဖြိုးကပြိုင်သည့် ဒေါက်တာမောင်သင်းရရှိခဲ့သည့် မဲအရေအတွက် ၅၉ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက အပြတ်အသတ်ကွာနေသေးသည်။

သို့သော် ဒေါ်ခင်ဝိုင်းကြည်ကဲ့သို့သော မဘသအမာခံများ၏ မဲဆွယ်စကားလုံးများကြောင့် ကျေးရွာများက အင်န်အယ်လ်ဒီပါတီကို ဆန့်ကျင်ခဲ့ကြသည်ဟု ဒေါက်တာခင်စိုးက ဆိုသည်။ “အင်န်အယ်လ်ဒီသာ အစိုးရဖွဲ့ရင်တိုင်းပြည်က ကုလားတိုင်းပြည်ဖြစ်သွားလိမ့်မယ်”ဟူသော အသုံးအနှုန်းများက ကျေးလက်နေမဲဆန္ဒရှင်များကို လွှမ်းမိုးခဲ့သည်ဟု ၎င်းကဆိုသည်။

အမျိုးသားရေးအမည်ခံလှုပ်ရှားသူများ၏ လူမျိုးရေးမှိုင်းတိုက်မှုများကြောင့် ၂၀၁၅ရွေးကောက်ပွဲတွင် ၎င်းရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်ဟု မိတ္ထီလာမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ဒေါက်တာခင်စိုးကပြောသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

လူမျိုးရေးနှင့် ဘာသာရေးလွှမ်းမိုးမှု

ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိခဲ့သော မိတ္ထီလာအနီးက ပျော်ဘွယ်၊ ရမည်းသင်းနှင့် သာစည်မြို့နယ်များတွင်လည်း မဘသအဖွဲ့အပါအဝင် အမျိုသားရေးလှုပ်ရှားမှုအမည်ခံအဖွဲ့အစည်းများက အခိုင်အမာခြေကုတ်ယူထားခဲ့သည်။

၂၀၁၃၊ မတ်တွင်ဖြစ်ပွားခဲ့သော လူမျိုးရေး အရေးအခင်းသည် မိတ္ထီလာမြို့တွင် ဖြစ်ပွားပြီးမကြာခင်တွင် ရမည်းသင်းအပါအဝင် အခြားမြို့များသို့ ကူးစက်သွားခဲ့သည်။ ရမည်းသင်းမြို့တွင် ဗလီကျောင်းအချို့နှင့် မွတ်စလင်နေအိမ် ဆယ်ဂဏန်းခန့် ဖျက်ဆီးခံခဲ့ရသည်။ ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ဆက်ဆံရေးခက်ခက်ခဲခဲပြန်လည်တည်ဆောက်နေချိန်၊ ၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်ကာလတွင် မဘသအဖွဲ့ကဦးဆောင်၍ ရမည်းသင်းမြို့တွင် မျိုးစောင့်ဥပဒေအောင်ပွဲများကိုကျင်းပခဲ့သည်။

ထိုစဉ်က သီလဝါခန်းမတွင်ပြုလုပ်ခဲ့သည့် ဦးဝီရသူ၏တရားပွဲကို လူသုံးသောင်းခန့်တက်ရောက်ခဲ့သည်ကို မြို့ခံများက အမှတ်ရနေကြသေးသည်။ ကျေးရွာများမှ လာရောက်ခဲ့ကြသော လူအများအပြားသည် ရမည်းသင်းမြို့၊ သီလဝါခန်းမအတွင်းနှင့်အပြင်တို့တွင်ပါ လျှံထွက်သည်အထိ တရားနာခဲ့ကြသည်။

၂၀၁၅ရွေးကောက်ပွဲအပြီးတွင် အင်န်အယ်လ်ဒီပါတီက ရမည်းသင်းမြို့နယ်တွင် အနိုင်ရရှိခဲ့သော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နှစ်ဦးသည် မဲဆွယ်မှုများတွင် ဘာသာရေးကိုအသုံးချခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့သည်။ ခုံရုံးက စစ်ဆေးမှုများပြုလုပ်ပြီးနောက် ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၂)နေရာများကို အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်းများဖြင့် အစားထိုးခန့်အပ်ခဲ့သည်။

ရွေးကောက်ပွဲဥပဒေတွင် မဲဆွယ်မှုများပြုလုပ်ရာ၌ ဘာသာရေးကိုအခြေခံပြီး မဲဆွယ်ခြင်း၊ ဘာသာရေးအမှတ်အသားများ အသုံးပြုခြင်းကိုတားမြစ်ထားသည်။ တိုင်းဒေသကြီးမဲဆန္ဒနယ်(၂)နေရာကို ဆုံးရှုံးခဲ့သော ပြည်ခိုင်ဖြိုးပါတီအမတ်ဟောင်းဦးကျော်မြင့်က မဘသတရားပွဲများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟူသော စွပ်စွဲချက်ကိုငြင်းဆိုခဲ့သည်။ အစိုးရက အလိုရှိနေပြီး ယမန်နှစ်၊ ဇွန်တွင် ဖမ်းဝရမ်းထုတ်ခံထားရသော ဦးဝီရသူနှင့်လည်း လူချင်းတစ်ခါမှမဆုံဖူးကြောင်း ဦးကျော်မြင့်ကပြောသည်။

“ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်တွေက လုံးဝ(လုံးဝ)မတရားဘူး။ သူတို့က ဘာပြောလဲဆိုတော့ ရမည်းသင်းမှာလုပ်တဲ့ မျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းအနားတွေကိုတားမြစ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်လို့ပြောတယ်။ ဒီတရားပွဲတွေက မဘသက လုပ်တာလေ။ ကျွန်တော်တို့ လုပ်တာမှမဟုတ်တာ”ဟု ၎င်းကပြောသည်။

ဘာသာပေါင်းစုံပေါင်းစည်းရေးလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားနေသော ဒေါ်မေဇင်သန့်ခေါ် အမေထွေးကလည်း ဘာသာရေးအစွန်းရောက်လှုပ်ရှားမှုများက ၂၀၁၅တွင် မန္တလေးတိုင်းတောင်ဘက်ခြမ်းရှိ မြို့နယ်လေးခု၌ အင်န်အယ်လ်ဒီရှုံးနိမ့်ခဲ့ရသော အဓိကအကြောင်းအရင်းဖြစ်သည်ကို ထောက်ခံသည်။

ရမည်းသင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသူအများစုတွင် ဘာသာရေးဆိုင်ရာ အသိပညာများကြွယ်ဝမှု အားနည်းနေကြသေးပြီး ထိုအချက်က လာမည့်ရွေးကောက်ပွဲတွင်လည်း အင်န်အယ်လ်ဒီအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်လက်ကျန်ရှိနေမည်ဟု ၎င်းကသုံးသပ်သည်။

“ဘာသာပေါင်းစုံချစ်ကြည်ရေးသင်တန်းတွေကို မြို့ပေါ်မှာလုပ်ခဲ့ပေမဲ့ အခုချိန်ထိ တောရွာတွေကို မရောက်သေးဘူး။ ကျေးရွာတွေမှာ သင်တန်းပေးဖို့အတွက် အာဏာပိုင်တွေရဲ့ ခွင့်ပြုရဖို့က အတော်ခက်ခဲတယ်”ဟု ၎င်းကဆိုသည်။

ယင်းအချက်က ဘာသာရေးကိုအသုံးချ၍ နိုင်ငံရေးအမြတ်ထုတ်မှုများ ပြုလုပ်နိုင်သော အခွင့်အရေးကို ထပ်မံလမ်းဖွင့်ပေးထားလျက်ရှိသည်။ ပြည်ခိုင်ဖြိုးပါတီများသည် ဘာသာရေးကို အသုံးချ၍ ဆက်လက်မဲဆွယ်နေကြောင်း ပျော်ဘွယ်မြို့နယ် အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌဦးအေးချိုက ပြောသည်။

“သူတို့က ရွာတစ်ရွာကိုသွားရင် ဘုန်းကြီးကျောင်းကို အရင်ဝင်တာ။ ဘုန်းကြီးတွေ အလှူခံသမျှကို ပတ်ခနဲလှူတယ်။ သိတဲ့အတိုင်းပဲလေ ရွာတွေမှာက ဘုန်းကြီးက အာဏာအရှိဆုံးပဲ”ဟု ၎င်းကပြောသည်။

နိုင်ငံအတွင်း အမြင့်ဆုံးသံဃာ့အဖွဲ့အစည်းဖြစ်သော သံဃမဟာနာယကအဖွဲ့က မဘသအဖွဲ့ကို ၂၀၁၇တွင် ဖျက်သိမ်းစေခဲ့သည်။ ထို့ပြင် မသဘပုံပြောင်းအဖွဲ့အစည်းဖြစ်သော ဗုဒ္ဓဓမ္မပရဟိတအဖွဲ့ကိုလည်း လွန်ခဲ့သည့်နှစ်က ဖျက်သိမ်းစေခဲ့သည်။ သို့တိုင် မဘသအဖွဲ့ဝင် သံဃာတော်များသည် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျောင်းထိုင်ဘုန်းကြီးများအဖြစ် ဆက်လက်ကျန်ရှိနေသေးကြောင်း ပျော်ဘွယ်မြို့နယ် ငြိမ်းချမ်းရေးဖိုရမ်ကွန်ယက်အဖွဲ့ဝင် ဒေါ်မေဇင်သန့်ကလည်း ဆိုသည်။

လုံခြုံရေးကြောင့် အမည်မဖော်ပြရန်မေတ္တာရပ်ခံသော ပျော်ဘွယ်မြို့နယ်၊ ကျေးရွာတစ်ခုမှ ရွာသားတစ်ဦးက ၎င်းတို့ရွာရှိ ရွာဦးဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီးများသည် အမျိုးသားရေးတရားများကိုသာ အစဉ်အမြဲဟောကြားသဖြင့် ဘုန်းကြီးကျောင်းသို့သွားရောက်ရန် အမြဲဝန်လေးနေသည်ဟု ပြောသည်။

“ဘုန်းကြီးတွေက အမျိုးဘာသာစောင့်ရှောက်ရေးအကြောင်းတွေ၊ နိုင်ငံရေးတွေ အမြဲတမ်းပြောနေတော့ ကျွန်တော်ဘုန်ကြီးကျောင်းကို မသွားချင်တော့ဘူး”ဟု ၎င်းက ဖရွန်းတီးယားမြန်မာကို ပြောသည်။

ပျော်ဘွယ်မြို့ရှိ လူငယ်တက်ကြွလှုပ်ရှားသူများနှင့် အင်န်အယ်လ်ဒီပါတီဝင်များက မဘသအဖွဲ့အပါအဝင် အမျိုးသားရေးအစွန်းရောက်အဖွဲ့များ ဖျက်သိမ်းခြင်းအပေါ်ကြိုဆိုခဲ့ကြသော်လည်း ပြည်ခိုင်ဖြိုးပါတီ၊ ပျော်ဘွယ်ပြည်သူ့လွှတ်တော်အမတ်ဦးသောင်းအေးတွင် ကွဲပြားသောအမြင်တစ်ခုရှိနေသည်။

တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဦးသောင်းအေးက အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ခြင်းက ဗုဒ္ဓဘာသာဝင်တိုင်း၏ တာဝန်ဟုဆိုသည်။ ၂၀၁၅ရွေးကောက်ပွဲတွင် မဘသအထောက်အပံ့ဖြင့် ပြည်ခိုင်ဖြိုးပါတီက ၎င်းတို့ဒေသတွင် မဲနိုင်ခဲ့ဟူသော ယူဆချက်ကို ပယ်ချသည်။

ဘာသာတရားကိုင်းရှိုင်းသော ဒေသခံများက ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်နေသော ပြည်ခိုင်ဖြိုးပါတီကို လှိုက်လှိုက်လှဲလှဲထောက်ခံခဲ့ကြသည်ဟု ဦးသောင်းအေးကဆိုသည်။

“ဒီဘက်မှာက ဘာသာတရားကို ကိုင်းရှိုင်းတဲ့လူတွေများတယ်လို့ပဲ ပြောရမှာပေါ့။ ဘယ်ဘာသာတရားကို ကိုင်းရှိုင်းတာများလဲဆို ဗုဒ္ဓဘာသာပေါ့ကွယ်။ ဒီနယ်မြေမှာ ရှိနေတဲ့သံဃာတော်တွေရဲ့ ဆုံးမဩဝါဒက ရပ်သူရွာသားတွေရဲ့ နှလုံးသားထဲထိ ရောက်နေတောပေါ့” ဟု ၎င်းကပြောသည်။

“ဗုဒ္ဓကလည်းပဲ အမှန်တရားကို သူများပြောတာကို လက်ခံဖို့မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီးမှရတဲ့အမှန်တရားကို လက်ခံဖို့ပြောထားတာ။ အဲ့တာကြောင့် အမှန်အကန်ကို ရွေးချယ်တတ်လို့ ဖြစ်လာတာပဲဖြစ်တယ်”ဟု ဦးသောင်းအေးကဆိုသည်။

ထို့ပြင် သူကပျော်ဘွယ်မြို့နယ်နှင့် အနီးတစ်ဝိုက်ဧရိယာများသည် ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးအလွန်ခေတ်များတွင် သူပုန်နှင့်ဓားပြများ သောင်းကျန်းခဲ့သောနေရာများဖြစ်ပြီး တပ်မတော်က စောင့်ရှောက်ခဲ့ရသည်ဟုဆိုသည်။ ယင်းအတွက်ကြောင့် အဆိုပါဒေသခံများက တပ်မတော်ကို ကျေးဇူးတုံ့ပြန့်သည့်အနေဖြင့် တပ်မတော်ထူထောင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီကို တခဲနက်မဲပေးခဲ့ခြင်းဖြစ်သည်ဟု၎င်းကဆိုသည်။

“ဒီအကြောင်းတရားတွေအပေါ်မှာ ကျေးဇူးသစ္စာတုံ့ပြန်လာတဲ့သဘောပဲ”ဟု ၎င်းကပြောသည်။

မိတ္ထီလာမြို့နယ် မဘသအဖွဲ့ဥက္ကဋ္ဌဟောင်းဆရာတော်ဦးဥတ္တရကလည်း သံဃာတော်များအနေဖြင့် ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ဖို့ဟောကြားပြောဆိုခြင်းမရှိဟု ဆိုသည်။ သို့သော် သူ့အနေဖြင့် အကြံဉာဏ်တောင်းခံသူများကို သာသနာကိုကာကွယ်ပေးမည့်သူများကိုသာ မဲပေးရန် အကြံပြုသည်ဟုဆိုသည်။

“ဘယ်ပါတီကိုမဲထည့်ပါလို့လည်း မညွှန်းလိုဘူး။ လာမေးတဲ့လူတိုင်းတော့ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို စောင့်ရှောက်ပေးမဲ့သူ၊ ကာကွယ်ပေးမဲ့သူ၊ အဖွဲ့အစည်းကိုမဲပေးပါလို့ ပြောတယ်။ ဘယ်ပါတီလို့မပြောဘူးနော်။ ကြံ့ခိုင်ရေးက အနေနီးတယ်လို့ တချို့ကဝေဖန်ကြတယ်။ ဘုန်းဘုန်းတို့က ဘုန်းကြီးတွေလေ။ ဘယ်သူလှူလှူလက်ခံရမှာပဲ”ဟု အရှင်ဦးဥတ္တရက မိန့်သည်။

ကျေးရွာများတွင် ဗုဒ္ဓဘာသာအမည်ခံအစွန်းရောက်လှုပ်ရှားသူများ၏ လွှမ်းမိုးမှုများကျန်ရှိနေသေးသော်လည်း ၎င်းအဖွဲ့အစည်းများ ယခင်ကကဲ့သို့ ပေါ်ပေါ်ထင်ထင်လှုပ်ရှားခွင့်မရှိတော့ခြင်းက အင်န်အယ်လ်ဒီပါတီအတွက် အားသာချက်တစ်ခုဖြစ်လာသည်ဟု ဦးအေးချိုကယုံကြည်နေသည်။

ကျေးရွာများသည် ၂၀၁၅မတိုင်မီ နှစ်များနှင့်နှိုင်းယှဉ်ပါက လျှပ်စစ်မီးများပိုမိုရရှိလာပြီး ရွာသူ၊ ရွာသားများအနေဖြင့် အင်တာနက်ကို လက်လှမ်းမီလာခြင်းကြောင့် ဘာသာရေးအခြေခံ သတင်းတုများနှင့် အမုန်းစကားများကို ခွဲခြားသိမြင်နိုင်မှု ပိုရှိလာသဖြင့် ၂၀၁၅ရွေးကောက်ပွဲအကြိုကာလတွင် ဖြစ်ပွားခဲ့သော အခင်းအကျင်းမျိုးမကြုံရနိုင်တော့ဟု ဦးအေးချိုက အကောင်းဘက်ကရှုမြင်သည်။

သို့သော်လည်း မကြာသေးမီကဖြစ်စဉ်တစ်ခုကြောင့် အမျိုးသားရေးအစွန်းရောက်လှုပ်ရှားမှုများ တစ်ကျော့ပြန်ခေါင်းထောင်လာမည်ကို ဒေသခံအချို့က စိုးရိမ်နေကြသည်။

ဇွန်လကုန်ပိုင်းက အင်န်အယ်လ်ဒီပါတီကို မဲမပေးရန်တိုက်တွန်းထားသော လက်ကမ်းစာဆောင်များနှင့် ဝရမ်းပြေးအဖြစ် အစိုးရကအလိုရှိနေသော အမျိုးသားရေးဆရာတော် ဦးဝီရသူဟောကြားထားသည့် တရားခွေများ၊ လက်ကမ်းစာဆောင်များကို ပျော်ဘွယ်ဈေး၊ ဘူတာရုံနှင့် လမ်းဘေးဓာတ်တိုင်များတွင် အမည်မသိလူတစ်စုက လာရောက်ဖြန့်ဝေခဲ့သည်ဟု ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင် မသီသီမာက ဆိုသည်။

လက်ကမ်းစာရွက်များနှင့် ဗွီစီဒီချပ်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိမ်းဆည်းမှုများပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့သော်လည်း လက်သည်မပေါ်ခဲ့ဟု ၎င်းကဆိုသည်။

မိတ္ထီလာမြို့နယ်၊ မဘသအဖွဲ့ဥက္ကဋ္ဌဟောင်း ဆရာတော်ဦးဥတ္တရက ၎င်းအနေဖြင့် မည်သည့်ပါတီဝင်ကို မဲပေးပါဟု ညွှန်ကြားခြင်းမရှိကြောင်းနှင့် ဗုဒ္ဓဘာသာကို ကာကွယ်မည့်သူကိုသာ မဲပေးရန်တိုက်တွန်းကြောင်း မိန့်ကြားသည်။ (ငြိမ်းဆုဝေကျော်စိုး |​ဖရွန်းတီးယားမြန်မာ)

အရေးပါသည့် ကျေးလက်မဲများ

ဘာသာရေးမှိုင်းတိုက်ခဲ့မှုများပြည့်နှက်ခဲ့သည့် ၂၀၁၅ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီရှုံးနိမ့်ခဲ့ခြင်း၏ အခြားအကြောင်းအရင်းတစ်ခုက ကျေးလက်ဒေသများကို အလေးတထား မဲမဆွယ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၄ပြည်လုံးကျွတ်သန်းခေါင်းစာရင်းအရ မိတ္တီလာမြို့နယ်တွင် လူဦးရေ ၃၁၀,၀၀၀ နီးပါးရှိပြီး ၎င်းတို့အနက်မှ ၆၀ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ ကျေးလက်နေလူထုပမာဏသည် ပျော်ဘွယ်၊ ရမည်းသင်းနှင့် သာစည်တို့တွင် ပိုများပြီး မြို့ပြနေထိုင်သူဦးရေမှာ စုစုပေါင်းလူဦးရေ၏ ၁၀ရာခိုင်နှုန်းဝန်းကျင်ခန့်သာရှိခဲ့သည်။ (ပျော်ဘွယ်တွင် ၁၂ဒသမ၄ ရာခိုင်နှုန်း၊ ရမည်းသင်းတွင် ၁၀ဒသမ၇ရာခိုင်နှုန်းနှင့် သာစည်တွင် ၁၀.၁ရာခိုင်နှုန်းဖြစ်သည်။)

၈၈ မျိုးဆက်ကျောင်းသားဦးခင်နန်းက ၎င်းတို့သည် အင်န်အယ်လ်ဒီပါတီကို ကျေးရွာများတွင် အားစိုက်မဲဆွယ်ရန် အကြံပေးခဲ့သော်လည်း ပါတီကနားမထောင်ခဲ့သဖြင့် ၂၀၁၅တွင် ထိုဒေသများ၌ ရှုံးနှိမ့်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“မြို့ပေါ်က ဘာပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီကိုပဲ မဲပေးကြမှာဆိုတော့ ကျွန်တော်တို့က ကျေးရွာတွေကို အာရုံစိုက်ပြီး မဲဆွယ်ဖို့အကြံပေးတယ်။ ၂၀၁၂တုန်းက ကျွန်တော်တို့စကားကို သူတို့နားထောင်တယ်။ ၂၀၁၅က ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်သွားပြီး ကျွန်တော်တို့စကားကို နားမထောင်တော့ဘူး”ဟု ၎င်းကပြောသည်။

မိတ္ထီလာမှ အင်န်အယ်လ်ဒီပါတီဝင် ဒေါက်တာခင်စိုးကလည်း ၂၀၁၅တွင် ကျေးရွာများကို မဲဆွယ်မှုအားနည်းခဲ့ကြောင်း၊ ယင်းကြောင့် ကျေးရွာမဲရုံများတွင် မရှုမလှရှုံးနိမ့်ခဲ့ရသည်ဟု ဝန်ခံသည်။

“မြို့ပေါ်က မဲရုံအတော်များများမှာ အင်န်အယ်လ်ဒီက နိုင်တယ်။ ကျေးရွာမဲတွေနဲ့ စစ်တပ်မဲတွေကြောင့် ပြည်ခိုင်ဖြိုးကို အပြတ်အသတ်ကျွန်တော်ရှုံးခဲ့တာပေါ့”ဟု ၎င်းကပြောသည်။

မိတ္ထီလာမြို့နယ် ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများ၏အဆိုအရ ယခုနှစ်တွင် မဲပေးခွင့်ရှိသူ ၂၄၀,၀၀၀ကျော်တွင် တပ်မတော်နှင့်ဆယ်နွှယ်သော မဲဆန္ဒရှင်၁၃,၀၀၀ကျော် ပါဝင်ခဲ့သည်။ မြို့နယ်တစ်ခုလုံးအတွက် မဲရုံအရေအတွက်၂၉၁ရုံပြင်ဆင်ထားပြီး ယင်းအထဲတွင် တပ်မတော်မိသားစုများအတွက် သီးသန့်မဲရုံ၁၅ရုံနှင့် အရပ်သားများနှင့် တပ်မတော်သားရောနှောထားသော မဲရုံသုံးရုံပါဝင်သည်ဟု မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးဇော်ဝင်းက ပြောသည်။

၂၀၁၅တွင် ပြည်ခိုင်ဖြိုးပါတီက ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အကူအညီဖြင့် ကျေးလက်နေလူထုကို ပါးနပ်စွာမဲဆွယ်ခဲ့သည်ဟု ဒေါက်တာခင်စိုးကဆိုသည်။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ၂၀၁၈နှောင်းပိုင်းတွင် တပ်မတော်ချုပ်ကိုင်သည့်ပြည်ထဲရေးဝန်ကြီးဌာနမှ အရပ်သားအစိုးရအုပ်လက်အောက်သို့ လွှဲပြောင်းခဲ့ခြင်းကြောင့် ပြည်ခိုင်ဖြိုးပါတီသည် ယခုနှစ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ အကူအညီရယူရန်မဖြစ်နိုင်တော့ပေ။

“ပြည်ခိုင်ဖြိုးက မြို့ပေါ်အသိုင်းအဝိုင်းကို မစည်းရုံးဘူး။ ပစ်ထားလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ မြို့ပေါ်ကလူတွေက ဖုန်းသုံးနိုင်တယ်။ တီဗွီကြည့်နိုင်တယ်။ သတင်းစကားတွေကို အချိန်နဲ့အမျှနားထောင်နိုင်တယ်”ဟု ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း (မိတ္ထီလာ)အဖွဲ့ဝင် ဦးထိန်မင်းခိုင်ကပြောသည်။

ယခုနှစ်တွင် အင်န်အယ်လ်ဒီပါတီအနေဖြင့် ၂၀၁၅ကသင်ခန်းစာများကို အသုံးချ၍ ပြည်ထောင်စုအစိုးရ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကတစ်ဆင့် ရွေးကောက်ပွဲအကျိုးအမြတ်ကို မျှော်လင့်နေသည်။ ဦးအေးချိုက အင်န်အယ်လ်ဒီအစိုးရက ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့် ကျေးလက်ဒေသက မဲဆန္ဒရှင်များ၏ ၎င်းတို့အပေါ် သဘောထားဆက်ဆံမှုမှာ ငါးနှစ်အတွင်း သိသိသာသာတိုးတက်လာခဲ့သည်ဟု ဆိုသည်။

“၂၀၁၅မတိုင်ခင်က ပျော်ဘွယ်မြို့နယ်က ၃၁၇ရွာမှာ ၉၈ရွာပဲ မီးလင်းခဲ့တာ။ အခုအစိုးရလက်ထက်မှာ ရွာ၂၀၀ကျော်လျှပ်စစ်မီးထပ်ရသွားပြီ”ဟု ဦးအေးချိုကပြောသည်။

တစ်ဘက်တွင်လည်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များက ယခင်ကတည်းကရှိနှင့်ပြီးသော ကျေးရွာများနှင့် ဆက်ဆံရေးဆက်လက် ထိန်းသိမ်းတည်ဆောက်နေသည်။ ယခုအစိုးရသက်တမ်းအတွင်း ကျေးရွာများသို့ အစဉ်တစိုက်သွားရောက်လည်ပတ်နေသဖြင့် အထူးတလည်စိုးရိမ်မှုမရှိဟု ပျော်ဘွယ်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)အမတ်ဖြစ်ပြီး ယခုနှစ်တွင် အဆိုပါမဲဆန္ဒနယ်ကို ကာကွယ်ရန် ထပ်မံဝင်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီဝင်ဦးမြင့်စိုးကဆိုသည်။

“ငါးနှစ်အတွင်း ကျွန်တော်မဲဆန္ဒရှင်တွေနဲ့က အမြဲထိတွေ့နေခဲ့တော့ ကျွန်တော်က မဲဆွယ်ကာလမှာ အထူးတလည် မဲတောင်ဆင်းဆွယ်ဖို့ မလိုဘူး။ ဒါကျွန်တော့်ကို ကျွန်တော်ယုံကြည်မှုလွန်ကဲနေလို့ ပြောတာမဟုတ်ဘူးနော်”ဟု ၎င်းကပြောသည်။

ပြည်ခိုင်ဖြိုးက ပြန်လည်ရွေးကောက်ခံမည့် ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးကလည်း ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာ၃၁၇ရွာလုံးတွင် သူ မရောက်ဖူးသည့် ရွာမရှိဟုဆိုသည်။

“လွှတ်တော်တက်နေတာဖြစ်တဲ့အတွက် နေတာတော့ နေပြည်တော်မှာပဲနေတယ်။ စနေ၊တနင်္ဂနွေ ပြန်လာတယ်။ လာနေပြီးတော့ ရွာတွေကို သွားပါတယ်။ တချို့ရွာတွေဆို ထပ်ခါထပ်ခါပေါ့။ ရောက်တဲ့နေရာ ဖုန်းနံပါတ်ပေးထားတာ။ တိုက်ရိုက်ဖုန်းကို ပေးထားတာ” ဟု ၎င်းကဆိုသည်။

သို့သော် ဖရွန်းတီးယားမြန်မာက မေးမြန်းခဲ့သော ပျော်ဘွယ်မြို့ပေါ်နှင့် ကျေးရွာများက ဒေသခံ ၁၅ဦးတွင် နှစ်ဦးကသာ ၎င်းတို့၏မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်ကို သိရှိသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ဒေသခံများက မိမိစီးပွားရေးကိုသာ အာရုံစိုက်နေကြသဖြင့် နိုင်ငံရေးအပေါ်စိတ်မဝင်စားခြင်းဖြစ်ကြောင်း ဦးသောင်းအေးက မှတ်ချက်ပြုသည်။

ရမည်းသင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းဦးကျော်မြင့်က​ ၎င်းတို့သည် မဲဆွယ်ကာလရောက်မှသာ လူထုကြားဆင်းသော ကိုယ်စားလှယ်လောင်းမျိုးမဟုတ်ဟုဆိုသည်။ ၎င်းယှဉ်ပြိုင်မည့် မဲဆန္ဒနယ်(၂) အတွင်းကျရောက်သော ကျေးရွာအားလုံးကို အကြိမ်ကြိမ်သွားရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းကျေးရွာတစ်ခုချင်းစီ၏ လိုအပ်ချက်ကိုလည်း သိရှိပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များက ဝင်ငွေနိမ့်အိမ်ထောင်စုများကို ဆန်အိတ်များ ဩဂုတ်လအတွင်း လှူဒါန်းခဲ့စဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

အလှူအတန်း၊ ဆန္ဒမဲနှင့် ကိုဗစ်-၁၉သက်ရောက်မှု

အင်န်အယ်လ်ဒီပါတီဝင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ပြည်ခိုင်ဖြိုးပါတီသည် ဘုန်းကြီးကျောင်းများနှင့် ကျေးရွာများကို လှူဒါန်းမှုများကတစ်ဆင့် မဲဆန္ဒရှင်များနှင့် နီးကပ်သောဆက်ဆံရေးကို တည်ဆောက်ထားသည်ဟု ဆိုသည်။ 

ငြိမ်းချမ်းရေးဖိုရမ်ကွန်ရက်အဖွဲ့ဝင် မသီသီမာက အချို့ရွာသားများသည် နိုင်ငံရေးပါတီများ၏ မဲဆွယ်မှုများမှ ငွေကြေးရရှိရန် မျှော်လင့်နေကြသည်ဟုဆိုသည်။

“တချို့ဆို မဲပေးမယ် ဘယ်လောက်ပေးမှာလဲလို့ ကိုယ်စားလောင်းတွေကို မေးတာတွေရှိတယ်။ ပြီးတော့ ငွေတို့၊ ပစ္စည်းတို့၊ ပေးတဲ့ပါတီကို မဲပေးမယ်။ ဒါမျိုးတွေပြောတာရှိတယ်”ဟု ၎င်းက ဆိုသည်။

ကိုဗစ်-၁၉ကပ်ရောဂါရိုက်ခတ်မှုတစ်ခုဖြစ်သည့် ပြည်သူများအကြား စီးပွားရေးကျပ်တည်းမှုသည် တရားဝင်မဲဆွယ်ကာလမရောက်ခင်ကတည်းက နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချနိုင်ရန် နိုင်ငံရေးပါတီများအား လမ်းကြောင်းတစ်ခု ဖွင့်ပေးသကဲ့သို့ ဖြစ်ခဲ့သည်။

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းဦးကျော်မြင့်က မြန်မာနိုင်ငံကို ကပ်ရောဂါစတင်ရောက်ရှိခဲ့သည့် မတ်လကတည်းက ကျေးရွာများကို သွားရောက်၍ ဆင်းရဲနွမ်းပါးသောမိသားစုများကို လှူဒါန်းမှုများပြုလုပ်ခဲ့သည်ဟုဆိုသည်။

“ကျွန်တော်တို့ ရွာတွေကိုသွားပြီး ကိုဗစ်-၁၉နဲ့ ပတ်သက်တဲ့ အသိပညာမျှဝေမှုတွေလုပ်တယ်။ ပြီးတော့ မျက်နှာဖုံးတွေ၊ ဆပ်ပြာတွေလည်း ဝေတယ်”ဟု ၎င်းကပြောသည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီက ရမည်းသင်းမြို့နယ်၊ ပါတီရုံးတွင် ဩဂုတ်၂၈ရက်က ရာနှင့်ချီသော ကုန်ထမ်းလုပ်သားများနှင့် ဈေးလုပ်သားမိသားစုဝင်များကို ဆန်အိတ်များလှူဒါန်းနေသည်ကို ဖရွန်းတီးယားမြန်မာတွေ့ရှိခဲ့သည်။

“တစ်ယောက်ကို ဆန်တစ်အိတ်နှုန်း လှူတယ်။ မနေ့ကဆို ရွှေပြည်သာရပ်ကွက်က ရေဘေးသင့်အိမ်ထောင်စု ၆၇စုကိုလည်း ထမင်းတွေ၊ ဟင်းတွေချက်ပြီး သွားလှူခဲ့သေးတယ်”ဟု ဦးကျော်မြင့်ကပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ထောက်ပံ့မှုကို ရယူခဲ့သော ကုန်ထမ်းအလုပ်သမားခေါင်းဆောင် ကိုဝေလင်းက ၎င်းအနေဖြင့် အလုပ်သမားများ၏ ဘဝကို အာရုံစိုက်ဦးစားပေးသူကို မဲပေးမည်ဟုဆိုသည်။ ထို့ပြင်သူက ယခုလက်ရှိ မြို့နယ်အင်န်အယ်လ်ဒီပါတီအမတ်များသည် ယခင်အစိုးရလက်ထက် ပြည်ခိုင်ဖြိုးအမတ်များကဲ့သို့ “လူထုကြားမဆင်း”ဟု မှတ်ချက်ပြုသည်။ အင်န်အယ်လ်ဒီပါတီမှ ဦးအေးချိုက ၎င်းတို့သည် ပြည်ခိုင်ဖြိုးပါတီဝင်များကဲ့သို့ ငွေကြေးအင်အားမတောင့်တင်းခြင်းကြောင့် လှူဒါန်းမှုများမပြုနိုင်ဟုဆိုသည်။

ပြည်ခိုင်ဖြိုးပါတီပျော်ဘွယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ၎င်းတို့ပါတီသည် ငွေကြေးအင်အားတောင့်တင်းသည်မှာ မှန်ကန်သော်လည်း လှူဒါန်းမှုများကတစ်ဆင့် မဲဆန္ဒရှင်များကို လွှမ်းမိုးရန်ကြိုးစားနေခြင်းမဟုတ်ဟု ဆိုသည်။

“အဘတို့က ဗုဒ္ဓဘာသာတွေလေ။ ဆရာတော်တွေဆီကို သွားတယ်ဆိုတာ လက်ကြီးသွားလို့ဘယ်ကောင်းမလဲ။ ကိုယ့်စေတနာစိတ်ထား ကိုယ့်သဒ္ဓါတရားပေါ်မှာပဲ ကိုယ်လုပ်တာ။ ဟိုဟာဖြစ်ချင်လို့၊ ဒီဟာဖြစ်ချင်လို့ လုပ်ပေးရတယ်ဆိုတဲ့စိတ် အဘမှာမရှိဘူး”ဟု ၎င်းကပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ လှူဒါန်းမှုများကို လက်ခံခဲ့သော်လည်း မဲဆန္ဒရှင်များ၏ ဆန္ဒအမှန်ကို မည်သူမျှတားဆီးလို့မရကြောင်းကိုလည်း ကိုယ်စားလှယ်လောင်းများက နားလည်သဘောပေါက်ထားကြသည်။ ဦးကျော်မြင့်က မြန်မာ့ရွေးကောက်ပွဲသမိုင်းတွင် ဖြစ်ပွားခဲ့သောအကြောင်းတစ်ခုကို ရယ်ရယ်မောမော ပြောဆိုသည်။

“ဖဆပလနှစ်ခြမ်းကွဲပြီးနောက် ၆၀ရွေးကောက်ပွဲအကြိုမှာ ဦးကျော်ငြိမ်းက ရမည်းသင်းမှာ အလှူအတန်းတွေ အကြီးအကျယ် ပေးခဲ့ဖူးတယ်။ ဒါပေမဲ့ မဲထည့်တော့ အားလုံးကဦးနုကိုပဲ မဲပေးခဲ့ကြတာလေ”ဟု ဆိုသည်။

တောသူတောင်သားအများစုသည် ရိုးသားကြသဖြင့် ယင်းသို့လှူဒါန်းမှုများက ၎င်းတို့မည်သူ့ကို ဆန္ဒမဲပေးသည်ဆိုသည့်အပေါ် လွှမ်းမိုးနိုင်သည်ကို သတိပြုသင့်ကြောင်း မသီသီမာက ထောက်ပြသည်။

“အများစုက လှူတဲ့ပစ္စည်းယူထားပြီးရင် ဒီပါတီကိုပဲ မဲပေးရမယ်လို့ ထင်ကြတယ်။ ရိုးသားကြသလို တစ်ချို့ကြောက်တာလည်း ပါတယ်။ နိုင်ငံရေးပါတီအတွေအနေနဲ့ တောသူတောင်သားတွေရဲ့ ရိုးသားမှုကို အသုံးမချသင့်ဘူး”ဟု သူကပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar