USDP ပါတီဝင်ဟောင်း ဦးတီခွန်မြတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်

ဉာဏ်လှိုင်လင်း

ဦးဝင်းမြင့် နုတ်ထွက်သွားသောကြောင့် လစ်လပ်နေသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာအား ယနေ့ ရွေးချယ်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) ဝင်ဟောင်း ဦးတီခွန်မြတ်အား ရွေးချယ်ခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုလဲမဲဆန္ဒနယ် အမတ် ဒေါ်ခင်စန်းလှိုင်က ၎င်းအား အဆိုပြုခဲ့ခြင်းဖြစ်သည်။

ဦးတီခွန်မြတ်နှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပျော်ဘွယ်အမတ်ဖြစ်သူ ဦးသောင်းအေးက ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ရာတွင် ပြည်သူ့လွှတ်တော် အမတ် စုစုပေါင်း ၄၁၂ ဦးအနက ်၂၈၀ ဦးက ဦးတီခွန်မြတ်အား ထောက်ခံမဲပေးခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ကွတ်ခိုင်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူ ဦးတီခွန်မြတ်သည် ရှေ့နေချုပ်ရုံးမှ အငြိမ်းစားဥပဒေ ညွှန်ကြားရေးမှူးတစ်ဦး ဖြစ်သည်။ ထို့ပြင် ၎င်းသည် ကွတ်ခိုင်ပြည်သူ့စစ် (တိုက်ခိုက်ရေးရဲတပ်ဖွဲ့) တပ်ဖွဲ့ခေါင်းဆောင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေသလုံခြုံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ထမ်းဆောင်ခဲ့သည်ဟု ပြည်ထောင်စုလွှတ်တော် ဝက်ဘ်ဆိုက်ရှိ ၎င်း၏ ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထားသည်။

ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးတီခွန်မြတ်သည် ယခင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းနှင့် USDP ခေါင်းဆောင်ဟောင်းဖြစ်သူ သူရဦးရွှေမန်းနှင့် နီးစပ်သူတစ်ဦးဖြစ်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းနှင့်လည်း နီးကပ်သည့်ဆက်ဆံရေး ရှိသူတစ်ဦးဖြစ်သည်။ ထို့ကြောင့်လည်း နောက်ပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ထုတ်ပယ်ခံခဲ့ရသည်။

ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ဦးတီခွန်မြတ်က အမျိုးသားအကျိုးစီးပွားကို ဦးစားပေး ထမ်းဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ကိုယ်ကျိုးစီးပွားထက် အမျိုးသားအကျိုးစီးပွားကို ဦးစားပေးကာ ကျရာတာဝန် ထမ်းဆောင်ခြင်းဖြင့် ဂုဏ်သိက္ခာမြင့်မားစေမှာ ဖြစ်ပါတယ်။

“တာဝန်ပေးအပ်တဲ့အတွက် ဒီတာဝန်ကြီးကို ကျွန်တော့်အနေဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စည်းမျဥ်းစည်းကမ်းများနဲ့အညီ အဂတိ ကင်းရှင်းစွာဖြင့် နိုင်ငံသားများရဲ့ အခြေခံ လူ့အခွင့်အရေးများ ပိုမိုရရှိစေရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ကတိပြုပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယခင်က ဦးတီခွန်မြတ်တာဝန်ထမ်းဆောင်ခဲ့ပြီး လစ်လပ်သွားသည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နောင်ချိုအမတ် ဦးထွန်းထွန်းဟိန်အား ဆက်လက်ရွေးချယ်ခဲ့ကြသည်။

အဆိုပါနေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိတ္တီလာအမတ် ဒေါက်တာမောင်သင်းတို့ ယှဉ်ပြိုင်အရွေးချယ်ခံကြရာ ဦးထွန်းထွန်းဟိန်က ထောက်ခံမဲ ၂၇၀ ရရှိပြီး ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

အထက်တန်းရှေ့နေတစ်ဦးဖြစ်သူ ဦးထွန်းထွန်းဟိန်သည် ၁၉၈၈ ခုနှစ် အရေးအခင်းအပြီးတွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်ကျခံခဲ့ရသူဖြစ်သည် နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ပါဝင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ်ကစတင်ကာ ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီတွင် ပါဝင်ဆောင်ရွက်နေသည်။

မတ် ၂၁ ရက်နေ့တွင် သမ္မတအဖြစ်မှ ဦးထင်ကျော် နုတ်ထွက်သွားခဲ့ပြီးနောက် သမ္မတအသစ်အဖြစ် ရွေးချယ်ခံရနိုင်ဖွယ်ရှိသည့် ဦးဝင်းမြင့်ကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar