ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် ပါတီခေါင်းဆောင်များ၏ ငွေကြေးအရှိန်အဝါကြောင့် အချိန်တိုအတွင်း အလျင်အမြန်ကြီးထွားလာခဲ့သည်။ သို့သော် ခေါင်းဆောင်များ၏ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် နောက်ခံသမိုင်းကြောင်းများက မဲဆန္ဒရှင်များ၏ ထောက်ခံမှုရရှိနိုင်ပါ့မလားဟူ၍ သံသယဝင်စရာဖြစ်သည်။
ဆွေလဲ့မွန် ရေးသားသည်။
“ကျွန်တော်က ဗိုလ်ချုပ်ကြီးအတွက် ရန်သူအလောင်း၊ လက်နက် အများဆုံးရအောင်လုပ်ပေးခဲ့တဲ့ တပ်ရင်းမှူးပဲ။ လေးနှစ်ဆက်တိုက် ပထမကြီးပဲရတယ်”
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (ယူဘီပီ)ကို ကိုယ်စားပြု၍ နေပြည်တော်၊ ဒက္ခိဏသီရိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အငြိမ်စားဗိုလ်မှူးကြီး ဦးကြည်ထွဋ်ဝင်းက ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းနှင့် စစ်မြေပြင်တွင် အတူတိုက်ပွဲဝင်ခဲ့ကြသည့် အတိတ်သို့ ပြန်လည်ခရီးနှင်နေခြင်းဖြစ်သည်။
“သူကလည်း ကျွန်တော့်ကိုချစ်တာပေါ့။ ကျွန်တော်ကလည်း သူ့ကိုယုံကြည်အားကိုးတယ်”ဟု ဦးကြည်ထွဋ်ဝင်းကပြောသည်။
ဦးကြည်ထွဋ်ဝင်းသည် ၁၉၉၄ဝန်းကျင်တွင် ဦးရွှေမန်း၏ ဦးဆောင်မှုအောက်၊ ကရင်ပြည်နယ်ရှိ နယ်မြေစစ်ဆင်ရေးများတွင် တပ်ရင်းမှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ကရင်အမျိုးသားအဖွဲ့အစည်းနှင့် တိုက်ခိုက်ခဲ့သော သွေးသံတရဲရဲတိုက်ပွဲများကို ဦးဆောင်ခဲ့သူ တစ်ဦးလည်းဖြစ်သည့် ဦးကြည်ထွဋ်ဝင်းက ယခုအချိန်အထိ ဦးရွှေမန်းကို “ဗိုလ်ချုပ်ကြီး”ဟု တလေးတစားခေါ်နေဆဲပင်။
တပ်မတော်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ပြီးလျှင် အမြင့်ဆုံးဖြစ်သည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးရွှေမန်းနှင့် သူ့အကြားက ဆက်ဆံရေးကို “ရှေ့တန်းသံယောဇဉ်”ဟု ဦးကြည်ထွဋ်ဝင်းက တင်စားသည်။
အရပ်သားများ၏ နိုင်ငံရေးဓလေ့တွင် တွေ့ရလေ့မရှိသော ယင်းနှောင်ဖွဲ့မှုများသည် ယူဘီပီပါတီအတွင်းတွင်တော့ ပုံမှန်အထက်အောက် ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ပါတီသက်တမ်း နှစ်နှစ်ပင်မရှိသေးသော်လည်း ပါတီဝင်အင်အား တစ်သန်းကျော်ရှိခြင်း၊ နိုင်ငံအနှံ့တွင် ပါတီရုံးခွဲပေါင်းများစွာဖွင့်လှစ်ခြင်းနှင့် ရွေးကောက်ပွဲတွင် ပါတီကို ကိုယ်စားပြု၍ ကိုယ်စားလှယ်လောင်းဝန်းကျင် ၉၀၀ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ခြင်းတို့ကြောင့် ယူဘီပီပါတီသည် မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး နိုင်ငံရေးပါတီများအနက် တစ်ခုဖြစ်လာသည်။
ပါတီခေါင်းဆောင်ပိုင်းတွင် ဦးရွှေမန်းအပေါ် သစ္စာစောင့်သိကြသည့် စစ်တပ်အသိုင်းအဝိုင်းက အရာရှိဟောင်းများပါဝင်နေသည်ကို ဖရွန်းတီးယားမြန်မာကပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှုများကတစ်ဆင့် လေ့လာတွေ့ရှိခဲ့ရသည်။
ဒီမိုကရေစီအရေးလှုပ်ရှားမှုများကပေါက်ဖွားလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် စစ်တပ်က အသက်သွင်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ နှစ်ခုစလုံးကို မနှစ်သက်သူများအဖို့ ရွေးချယ်စရာတစ်ခုဖြစ်လာရန် ရည်ရွယ်၍ ဦးရွှေမန်းက ယူဘီပီပါတီကို တည်ထောင်ခဲ့ပုံပေါ်သည်။
ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသော ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့သူ ပါတီဥက္ကဋ္ဌဦးရွှေမန်းက နိုဝင်ဘာရွေးကောက်ပွဲတွင် ယူဘီပီသည် မဲဆန္ဒနယ်အားလုံး၏ ၄၀နှင့်၅၀ရာခိုင်နှုန်းကြား အနိုင်ရရှိလိမ့်မည်ဟု ထုတ်ဖော်ပြောဆိုထားသည်။
နိုဝင်ဘာ၈ရက်တွင် ယူဘီပီကို ကိုယ်စားပြု၍ ကိုယ်စာလှယ်လောင်း ၉၂၇ဦးသည် မဲဆန္ဒနယ်၂၆၁ခုတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ပြီးလျှင် တတိယကိုယ်စားလှယ်လောင်းဦးရေ အများဆုံးပါတီဖြစ်သည်။
ယူဘီပီပါတီသည် ရခိုင်၊ ရှမ်း၊ ကချင်နှင့် ချင်းပြည်နယ်တို့ရှိ စစ်မက်ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ပေ။ ရခိုင်ပြည်နယ်တွင် ဂွမြို့နယ်တစ်ခုတည်းတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြို့ကြီးများတွင် အဝါရောက်နောက်ခံနှင့် အနီရောက်ခြောက်ထောင့်ကြယ်တံဆိပ်အလံကို နေရာအနှံတွင်တွေ့မြင်ရသော်လည်း ဖရွန်းတီးယားမြန်မာက လွန်ခဲ့သည့်လများတွင် သွားရောက်ခဲ့သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပျော်ဘွယ်၊ ရမည်းသင်းနှင့် မိတ္ထီလာမြို့နယ်များတွင် ယူဘီပီပါတီအကြောင်း မသိရှိသေးသူ ကျေးလက်နေမဲဆန္ဒရှင်အများအပြား ရှိနေသေးသည်။
“သူရဦးရွှေမန်းရဲ့ပါတီ ဟုတ်လား။ ကျွန်မတော့ တစ်ခါမှမကြားဖူးဘူး”ဟု ပျော်ဘွယ်မြို့နယ်၊ သီးကုန်းကျေးရွာတွင် နေထိုင်သော မသင်းသင်းခိုင်က ပြောသည်။ ကျူတောဝ၊ မင်းလမ်းနှင့် ကျီနီကျေးရွာများရှိ ဒေသခံများကလည်း မသင်းသင်းခိုင်ကဲ့သို့ ယူဘီပီကို မသိရှိကြောင်း ဆိုသည်။
ထို့အပြင် ယူဘီပီက မဲဆန္ဒနယ်အားလုံးတွင် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင်လည်း အလားတူ ပါတီကိုလုံးဝမသိရှိသေးသူများ ရှိနေသည်။ ဓနုဖြူမြို့နယ်၊ ဆကာကြီးကျေးရွာအုပ်စုက ရွှေပန်းထိမ်လုပ်ငန်းရှင် ကိုထင်အောင်က ကျေးရွာတွင် ယူဘီပီပါတီရုံးခန်းမရှိသကဲ့သို့ ၎င်းကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်လောင်းများကိုလည်း မသိရှိကြောင်းဆိုသည်။
“ကျွန်တော်တို့ ရွာကလူအများစု အင်န်အယ်ဒီနဲ့ ပြည်ခိုင်ဖြိုးနှစ်ခုလောက်ပဲ သိကြတယ်။ ယူဘီပီပါတီအကြောင်း မသိတဲ့လူက အတော်များတယ်”ဟု ၎င်းကပြောသည်။
ယူဘီပီ၏ ရန်ကုန်တိုင်းဒေသကြီးပါတီအဖွဲ့ခွဲဥက္ကဋ္ဌဦးတင်မောင်ဦး (ဗိုလ်မှူးကြီးဟောင်း)က ပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရန် အချိန်တိုအတွင်း ပြင်ဆင်ခဲ့ရသဖြင့် အဘက်ဘက်ကပြည့်စုံသော ကိုယ်စားလှယ်လောင်းများ ရရှိရန်ခက်ခဲခဲ့သည်ဟု ဆိုသည်။
“အချိန်ကာလက အရမ်းတိုတယ်။ ပါတီရဲ့ခေါင်းဆောင်တွေကို စုဖွဲ့ရတယ်။ ရှာရတယ်။ အချိန်တိုတော့ ကွာလီဖိုင်း (အရည်အချင်းပြည့်မီတဲ့) ဖြစ်တဲ့လူတွေတော့ မဟုတ်သေးဘူး။ လွတ်တော်ကိုယ်စားလှယ် ရွေးတဲ့အခါလည်း အချိန်က အရမ်းနည်းတဲ့အခါကျတော့ စိတ်ကြိုက်တော့မဖြစ်ဘူး။ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင်လုပ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်”ဟု ၎င်းက စက်တင်ဘာ၁၅ရက် တွင် ဖရွန်းတီးယားမြန်မာနှင့် ပြုလုပ်ခဲ့သော သီးသန့်အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

ပါတီမှာဘယ်သူတွေပါသလဲ
ဦးတင်မောင်ဦးသည် ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၅၊ ဩဂုတ်တွင် ဦးရွှေမန်းနှင့်အတူ ပါတီတွင်း အာဏာသိမ်းခံရပြီး တာဝန်ကရပ်ဆိုင်းခံခဲ့ရသူတစ်ဦးလည်းဖြစ်သည်။ ယင်းကို “သန်းခေါင်ယံအာဏာသိမ်းပွဲ”ဟု နိုင်ငံရေးအသိုင်းအဝိုင်းက ခေါ်ဝေါ်ကြပြီး သမ္မတဟောင်း ဦးသိန်းစိန်နှင့် ပြည်ထောင်စုလွတ်တော်နာယက ဦးရွှေမန်းတို့အကြားက အာဏာလွန်ဆွဲမှု၏ အကျိုးဆက်တစ်ခုဖြစ်ခဲ့သည်။
ဦးတင်မောင်ဦးသည် ၂၀၁၀အထွေထွေရွေးကောက်ပွဲတွင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ယခုတွင် ယူဘီပီကို ကိုယ်စားပြု၍ ရွှေပြည်သာ၊ တိုင်းဒေသကြီးမဲဆန္ဒနယ်(၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
၂၀၁၅အလွန် အစိုးရဖြစ်လာသောအခါ အင်န်အယ်လ်ဒီပါတီကြီးစိုးသည့် ဥပဒေပြုလွှတ်တော်သည် ဦးရွှေမန်းကို ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင် (အထူးကော်မရှင်)ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။ အဆိုပါကော်မရှင်တွင် ဦးရွှေမန်း၏ သားဖြစ်သူ တိုးနိုင်မန်းနှင့် ဦးတင်မောင်ဦးလည်းပါဝင်ခဲ့သည်။
အထူးကော်မရှင်က ရေးဆွဲခဲ့သော ဥပဒေများနှင့် အကြံပြုသည့် အထူးကိစ္စရပ်များကို အစိုးရက အကောင်အထည်ဖော်မှုမရှိခဲ့ခြင်းကြောင့် ဦးရွှေမန်းက နိုင်ငံရေးပါတီတစ်ရပ်ထူထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဦးတင်မောင်ဦးကဆိုသည်။
“သုံးနှစ်အတွင်းမှာ ဥပဒေပေါင်း ၄၈ခု အသစ်ရေးပေးခဲ့တယ်။ အထူးကိစ္စပေါင်း ၂,၄၀၀ ကျော် ကျွန်တော်တို့ လုပ်ပေးခဲ့တယ်။ ဒါပေမဲ့ လက်ရှိအစိုးရအနေနဲ့ ထိရောက်တဲ့ ပြင်ဆင်ပြောင်းလဲမှုနဲ့ အထူးကိစ္စတွေကို အောင်မြင်အောင် ဖော်ဆောင်နိုင်ခြင်းမရှိတာတော့ ဝမ်းနည်းစွာတွေ့ရတယ်”ဟု ၎င်းကပြောသည်။
ယင်းအခြေအနေက တိုင်းပြည်တွင် နိုင်ငံရေးပါတီသစ်တစ်ရပ်လိုအပ်နေသည်ကို ပြသနေခြင်းဖြစ်ကြောင်း ဦးရွှေမန်းကယူဆခဲ့သည်ဟု ဦးတင်မောင်ဦးကဆိုသည်။ ၂၀၁၉ အစောပိုင်းတွင် ပါတီသစ်တည်ထောင်ရန် ဦးရွှေမန်းက ကြေညာခဲ့ပြီး မကြာမီ အင်န်အယ်ဒီလွှမ်းမိုးသည့် ပြည်ထောင်စုလွှတ်တော်က အထူးကော်မရှင်ကို သက်တမ်းဆက်လက်မတိုးတော့ဘဲ ဖျက်သိမ်းခဲ့သည်။
ယင်းသို့ဖျက်သိမ်းခြင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းအကြား နီးကပ်သော ဆက်ဆံရေးသည် ကတ္တီပါလမ်းခွဲသို့ ရောက်ရှိစေခဲ့သည်။ ဦးရွှေမန်းက ၎င်းဦးဆောင်သည့် ယူဘီပီပါတီသည် အင်န်အယ်ဒီနှင့် မဟာမိတ်ဖွဲ့ရန် အစီအစဉ်မရှိဟု ဖရွန်းတီးယားမြန်မာကို ပြောကြားခဲ့ဖူးသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးရွှေမန်းဦးဆောင်၍ တည်ထောင်သူ၁၉ဦးပါဝင်သည့် ယူဘီပီပါတီကို ၂၀၁၉၊ ဧပြီ၂၅ရက်တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုခဲ့သည်။
တည်ထောင်သူ၁၉ဦးတွင် အဆင့်မြင့်တပ်မတော်အရာရှိဟောင်းခုနစ်ဦးနှင့် အရပ်သား၁၂ ဦးပါဝင်ကြောင်း ယူဘီပီပါတီဗဟိုကော်မတီဝင်ဦးဝင်းဦး၏ ပြောဆိုချက်ကို ယမန်နှစ်၊ ဇန်နဝါရီတွင် မြန်မာတိုင်မ်းသတင်းဌာနက သတင်းတစ်ပုဒ်တွင် ဖော်ပြခဲ့သည်။ ယင်းတပ်မတော်သား ခုနှစ်ဦးတွင် လေးဦး၊ အရပ်သား၁၂ ဦးတွင် ၁၀ဦးတို့က ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်းများဖြစ်သည်ဟု ၎င်းကဆိုသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဝင် ဦးထွန်းကြည်က ယူဘီပီသည် အငြိမ်းစားတပ်မတော် အရာရှိကြီးများ ဦးဆောင်ဖွဲ့စည်းခဲ့သည့်ပါတီဖြစ်သဖြင့် တပ်မတော်က ပေါက်ဖွားလာသည့်ပါတီဟု သတ်မှတ်နိုင်ကြောင်း မှတ်ချက်ပြုသည်။
ယူဘီပီဗဟိုပြန်ကြားရေးတာဝန်ခံနှင့် ရန်ကုန်တိုင်းဒုတိယဥက္ကဋ္ဌဒေါ်စုစုလှိုင်က အတွေ့အကြုံများသော တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်းဟောင်းများပါဝင်နေခြင်းက ပါတီကို မဲဆန္ဒရှင်များ ရွေးချယ်သင့်သည့် အကြောင်းအရင်းတစ်ခုဟု ဆိုသည်။
“ကျွန်မတို့ခေါင်းဆောင်တွေက အစိုးရတစ်ရပ်ကို ခေါင်းဆောင်နိုင်တဲ့အထိ အရည်အချင်းရှိတယ်။ ပြီးတော့ ကျွန်မတို့မှာ အစိုးရဖွဲ့ပြီးရင် လုပ်ဆောင်ဖို့ ကဏ္ဍအသီးသီးအတွက် အကုန်ရေးဆွဲပြီးသား။ ပညာရေး၊ အခွန်၊ စီးပွားရေး စတာတွေအတွက် ကျွန်မတို့ဆီမှာ အကောင်အထည်ဖော်ဖို့ အသင့်ပဲ”ဟု ၎င်းကပြောသည်။
အသက်၄၉နှစ်ရှိပြီဖြစ်သည့် ဒေါ်စုစုလှိုင်သည် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုနှင့် တိုင်းရင်းဆေးဝါးလုပ်ငန်းတစ်ခုကို ဦးဆောင်နေသူဖြစ်သော်လည်း နိုင်ငံရေးအတွေ့အကြုံသိပ်မရှိသေးသူဖြစ်သည်။ နိုဝင်ဘာ၈ရက်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူမဟုတ်ပေ။
၎င်းသည် အထူးကော်မရှင်က ဥပဒေရေးဆွဲရာတွင် အထောက်အကူပြုစေရန် စီးပွားရေးဆိုင်ရာ အတွေ့အကြုံများကို ကော်မရှင်သို့ သွားရောက်ဆွေးနွေးခဲ့ရာကတစ်ဆင့် ဦးရွှေမန်းနှင့် ရင်းနှီးလာသူဖြစ်သည်။
ဦးရွှေမန်းက ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ယူဘီပီပါတီတွင် ဒုတိယဥက္ကဋ္ဌအဖြစ်ဦးဘုန်းဆွေ၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးကိုကိုနိုင်နှင့် တွဲဘက်အထွေထွေအတွင်းရေးမှူးအဖြစ် ဦးစံရွှေအောင်တို့က တာဝန်ယူထားသည်။
အသက်၆၆နှစ်ရှိပြီဖြစ်သည့် ဦးဘုန်းဆွေသည် တပ်မတော်တွင် ဗိုလ်မှူးချုပ်ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်မှုထမ်းသက် နှစ်၃၀ကျော်ရှိသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်ထက်တွင် ပြည်ထဲရေးဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ထိုစဉ်က နိုင်ငံအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဥရောပသမဂ္ဂ၏ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုခံခဲ့ရသူဖြစ်သည်။
၎င်းသည် ၂၀၁၀ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု၍ ကချင်ပြည်နယ်၊ မိုးကောင်း ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။ ယင်းနောက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်
ပါတီအထွေထွေအတွင်းရေးမှူးဦးကိုကိုနိုင်သည် ပြည်ခိုင်ဖြိုးပါတီတွင် ထိပ်ပိုင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် ၂၀၁၀၊ ဩဂုတ်တွင် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးဖြစ်လာသည်။၂၀၁၂တွင် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခဖြစ်ပွားမှုကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့စဉ်တွင် ဦးကိုကိုနိုင်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၅ရွေးကောက်ပွဲတွင် ရမည်းသင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သော်လည်း မဲဆွယ်စည်းရုံးရာတွင် ဘာသာရေးကိုခုတုံးလုပ်သည်ဟုဆိုကာ ပြိုင်ဘက် အင်န်အယ်ဒီပါတီဝင်က ကန့်ကွက်ခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုးလကြာ စစ်ဆေးခဲ့ပြီး ၎င်းနှင့်ပြည်နယ်မဲဆန္ဒနယ်(၂)တွင် အနိုင်ရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင် ဦးကျော်မြင့်တို့ကို ကိုယ်စားလှယ်များအဖြစ်မှ ပယ်ဖျက်ခဲ့သည်။
ဦးဘုန်းဆွေနှင့် ဦးကိုကိုနိုင်တို့သည် ၂၀၁၆တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးရွှေမန်းနှင့်အတူ ထုတ်ပယ်ခံရသော ပါတီဝင်၁၅ဦးထဲတွင် ပါဝင်ခဲ့သူများဖြစ်ကြသည်။
ပါတီတွဲဘက်အထွေထွေအတွင်းရေးမှူးဦးစံရွှေအောင်သည်လည်း တပ်မတော်တွင် ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် ၁၉၈၄မှ၂၀၁၅အထိ နိုင်ငံ့ဝန်ထမ်းအဖြစ် ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ဟိုတယ်နှင့်ခရီးသွား၊ သယ်ယူပို့ဆောင်ရေးစသည့် ဝန်ကြီးဌာနများတွင် လက်ထောက်ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အမြဲတမ်းအတွင်းဝန်စသည့် ရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။
သေနတ်ပြောင်းဝက ရယူခြင်းထက် ရွေးကောက်ပွဲများကတစ်ဆင့် ပြည်သူ့ထံမှ အာဏာကိုရယူရန် ကြိုးပမ်းလာသော စစ်ဗိုလ်ချုပ်များ၏ လုပ်ရပ်ကိုကြိုဆိုရမည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးဝင်းကြည်ကဆိုသည်။
“၁၉၆၂ကနေ အခုချိန်အထိ ဒီအငွေ့အသက်ကရှိသေးတယ်။ စစ်ဘောင်ချဲ့မယ်ဆိုတဲ့ အယူအဆကို ကျောခိုင်းပြီးတော့ အာဏာဆိုတာက သေနတ်ပြောင်းက လာတဲ့ထက်စာရင် ပြည်သူလူထုဆီက ဆင်းသက်တဲ့အာဏာကို ယူမယ်ဆိုတာ၊ နိုင်ငံရေးနယ်ပယ်ထဲကို စစ်ဗိုလ်ချုပ်တွေ ဝင်လာတာကို ကျွန်တော်ကတော့ ဘာပဲပြောပြောကြိုဆိုတယ်”ဟု ၎င်းကပြောသည်။ ဦးဝင်းကြည်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ထောင် ၁၀နှစ်ကျခံခဲ့ဖူးသော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည်။
သို့တိုင် စစ်အာဏာရှင်ဖိနှိပ်မှုအောက်တွင် ဆယ်စုနှစ်များစွာ နေထိုင်လာခဲ့သော မြန်မာပြည်သူများသည် နိုင်ငံရေးနယ်ပယ်တွင် စစ်ဗိုလ်ချုပ်များပါဝင်မှုကို နှစ်မြို့သည့် အလားအလာ မရှိပေ။ ၂၀၁၅ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်များဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီ ခွက်ခွက်လန်အောင် ရှုံးခဲ့သည့်ဖြစ်စဉ်က သာဓကဖြစ်သည်။
သို့သော် ယူဘီပီပါတီဝင် ဒေါ်စုစုလှိုင်ကမူ ပါတီခေါင်းဆောင်ပိုင်းသည် တပ်မတော်က ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးခဲ့သူများဖြစ်သဖြင့် ယင်းက၎င်းတို့ပါတီအတွက် အားသာချက်တစ်ခုဖြစ်သည်ဟု ယုံကြည်နေသည်။
“တပ်မတော်အပေါ် ပြည်သူလူထုတစ်ရပ်လုံးက မုန်းတီးနေတယ်ဆိုတဲ့အမြင်လည်း ပြင်ရမယ်လို့ ထင်ပါတယ်။ ကျွန်မတို့က organization (အဖွဲ့အစည်း) လား စနစ်လားဆိုတာကို ကွဲဖို့လိုပါတယ်။ စနစ်တစ်ခုရဲ့အောက်မှာရှိခဲ့လို့ အဖွဲ့အစည်းရဲ့နာမည်တွေ၊ သိက္ခာတွေ ပျက်ပြားသွားတာပေါ့။ ကောင်းတာတွေရှိသလို ဆိုးတာတွေလည်း ရှိနိုင်တယ်”ဟု ၎င်းကပြောသည်။

ပါတီ၏ ငွေကြေးသုံးစွဲမှုကို ခြေရာကောက်ကြည့်သော်
ယူဘီပီပါတီသည် သက်တမ်းနှစ်နှစ်ပင် မပြည့်သေးသော်လည်း မြို့နယ်ပေါင်း၂၆၁ ခု၊ ကျေးရွာပေါင်း ၁၀,၀၀၀ ကျော်တွင် ပါတီရုံးခန်းများဖွင့်လစ်ထားပြီး ပါတီဝင်အင်အား တစ်သန်းကျော်ရှိနေပြီဖြစ်သည်။
အချိန်တိုအတွင်း ပါတီအင်အားတဟုန်ထိုး တိုးပွားလာခြင်းက ပါတီသည် ငွေကြေးအမြောက်အမြား စိုက်ထုတ်သုံးစွဲခဲ့ရသည့် သဘောဖြစ်သည်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ ယခင်စစ်အစိုးရထိပ်သီးခေါင်းဆောင်တစ်ဦး ခေါင်းဆောင်သော လူကုံထံအသိုင်းအဝိုင်းတစ်ခုအတွက် ပါတီတည်ထောင်ခြင်းသည် ခက်ခဲသောအလုပ်မဟုတ်ဟု သုံးသပ်သည်။
“သူတို့က နိုင်ငံတော်အာဏာ အဝန်းအဝိုင်းထဲမှာ ပါနေတာက ဆယ်စုနှစ် နှစ်ခုလောက်ရှိသွားပြီ။ သူတို့အနေနဲ့ တိုင်းမှူးတွေ၊ တပ်မမှူးတွေ၊ သူတို့ရဲ့အင်အားစုတွေ၊ နောက်တစ်ခုက ခရိုနီတွေနဲ့ အကျိုးစီးပွားလည်း ဆက်စပ်နေတဲ့လူတွေက အများကြီးရှိနိုင်တယ်။ ဦးရွှေမန်းကိုယ်တိုင်လည်း အင်အားကြီးပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးမှာဥက္ကဋ္ဌလုပ်ခဲ့တာ။ သူ့ရဲ့ဖြတ်သန်းမှု၊ သူရောက်ရှိခဲ့တဲ့ ရာထူးအဆင့်တွေ၊ သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ သူ့ရဲ့အဆက်အသွယ်တွေကြောင့် ပါတီကြီးတစ်ခု ထောင်ဖို့ဆိုတာ မခက်ပါဘူး”ဟု ၎င်းကပြောသည်။
တပ်မတော်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ပြီးလျှင် တတိယအမြင့်ဆုံးဗိုလ်ချုပ်ကြီးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သော ဦးရွှေမန်းသည် ငွေကြေးကြွယ်ဝချမ်းသာသူလည်းဖြစ်သည်။ ၎င်း၏ သားနှစ်ဦးသည် မြန်မာပြည်၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည်။ သားနှစ်ဦးဖြစ်သော ဦးအောင်သက်မန်း (၄၃နှစ်)သည် ဧရာရွှေဝါကုမ္ပဏီလုပ်ငန်းစုကို ဦးဆောင်နေပြီး ဦးတိုးနိုင်မန်း (၄၂နှစ်)သည် ပြည်ခိုင်ဖြိုးပါတီဝင် ခရိုနီတစ်ဦးဖြစ်သည့် ဇေကမ္ဘာလုပ်ငန်းစုပိုင်ရှင် ဦးခင်ရွှေ၏ သားမတ်ဖြစ်သည်။
၁၉၉၈ကတည်းက တည်ထောင်ထားသော ဧရာရွှေဝါလုပ်ငန်းစုသည် စိုက်ပျိုးရေး၊ စားသောက်ကုန်၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်နှင့် ခရီးသွား၊ စက်သုံးဆီနှင့် ဓာတ်ငွေ့ဖြန့်ဖြူးခြင်း၊ ဆေးဝါးတင်သွင်းခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုနှင့် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခြင်းစသည့် လုပ်ငန်းအရပ်ရပ်တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြောင်း ကုမ္ပဏီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့အပြင် ဧရာရွှေဝါတွင် သတ္ထုတူးဖော်ရေးလုပ်ငန်းတစ်ခုလည်းရှိပြီး ရင်းနှီမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနစာရင်းများအရ ယင်းလုပ်ငန်းကို ဦးအောင်သက်မန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်နှင်းသန္တာ၏အမည်ဖြင့် ၂၀၀၉ကတည်းက မှတ်ပုံတင်ထားသည်။
အင်တာနက်သူဌေးဟု လူသိများသည် ဦးတိုးနိုင်မန်းသည် ယခင်က မြန်မာ့အင်တာနက် ဈေးကွက်တွင် ရှေ့ပြေးကုမ္ပဏီတစ်ခုဖြစ်ခဲ့သော Red Link Communications ကို ပူးတွဲတည်ထောင်သူဖြစ်သည်။ ၎င်းသည် ယခုအချိန်တွင် Cherry FM ရေဒီယိုအစီအစဉ်ကို စီမံခန့်ခွဲနေသည့် Myanmar Album Media Services ကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦးအဖြစ် ပါဝင်နေကြောင်း ကုမ္ပဏီမှတ်ပုံတင်စာရင်းတွင် ဖော်ပြထားသည်။
ယူဘီပီပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်စုစုလှိုင်ကမူ ဦးရွှေမန်း၏ သားများ ပါတီနှင့် ပတ်သက်မှုမရှိကြောင်း ဆိုသည်။
“ဥက္ကဋ္ဌကြီးရဲ့ သားတွေနဲ့ ပတ်သက်ပြီး စီးပွားရေးတွေနဲ့ လုံးဝအဆက်အစပ်မရှိပါဘူး။ အဆက်အဆံမရှိဘူး။ ပါတီက ပါတီမူအတိုင်းသွားနေတာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေတော့ လုံးဝဆက်ဆံမှုမရှိဘူး”ဟု ၎င်းကပြောသည်။
ပါတီကို ဦးရွှေမန်း၏ဇနီးဒေါ်ခင်လေးသက်ပိုင်ဆိုင်သော လက်ဝတ်ရတနာများကို ရောင်းချ၍ တည်ထောင်ထားခြင်းဖြစ်ပြီး လှူဒါန်းငွေများဖြင့်လည်း ပါတီကိုလည်ပတ်နေကြောင်း ဒေါ်စုစုလှိုင်ကဆိုသည်။
ယူဘီပီပါတီသည် ခေါင်းဆောင်တစ်ဦးထံက ကနဦးငွေကြေးစိုက်ထုတ်၍ ထူထောင်ထားသော မြန်မာပြည်၏ ပထမဦးဆုံးပါတီဖြစ်ပြီး ယင်းအချက်က ဦးရွှေမန်း၏ ပြည်သူများအပေါ်ထားရှိသော စေတနာကို ပြသခြင်းဖြစ်ကြောင်း ယူဘီပီပါတီရန်ကုန်တိုင်းဥက္ကဋ္ဌဦးတင်မောင်ဦးက ပြောသည်။
“မြေကွက်နှစ်ကွက်ရှိတယ်လို့ ပြောပါတယ်။ သူ့မြေကွက်ကတော့ တခြားသူရတာထက် ပိုရမှာပေါ့။ ဘာကရလဲတော့မသိပါဘူး။ ရောင်းပြီး (ပါတီအတွက်) အရင်းအနှီးလုပ်တာပေါ့။ သူ့အတွက်လည်း မလွယ်ပါဘူး”ဟု ၎င်းကပြောသည်။
ယခင်က ပါတီနှင့် ရင်းနှီးသူမိတ်ဆွေများက ငွေကြေးလှူဒါန်းခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် စီးပွားရေးလုပ်ငန်းများ ရုန်းကန်ရသဖြင့် ပါတီကို ထည့်ဝင်လှူဒါန်းငွေများ လျော့နည်းသွားသည်ဟု ၎င်းကဆိုသည်။
“ကိုဗစ်မဖြစ်ခင်ကတော့ (သိန်း) ၁၀၀လှူတယ်။ ၂၀၀ လှူတယ် ရှိတာပေါ့။ အခုကျ သူတို့ကိုယ်တိုင်တောင် ရုန်းကန်နေရတော့ အလှူရှင်ကမရှိဘူး”ဟု ၎င်းကပြောသည်။
သို့သော်ဖရွန်းတီးယားမြန်မာ၏တွက်ချက်မှုအရ ယူဘီပီပါတီသည် အချိန်တိုအတွင်း အလုံးအရင်းတိုးချဲ့ရန် ရန်ပုံငွေ မြန်မာ ငွေကျပ်နှစ်ဘီလီယံကျော် သုံးစွဲထားပြီးဖြစ်သည်ဟု ခန့်မှန်းရသည်။
ပါတီရုံးချုပ်က မြို့နယ်ရုံးများကို အခြေခံအသုံးစရိတ်အတွက် လစဉ်တစ်ရုံးလျှင် ငွေကျပ် သုံးသိန်းစီထောက်ပံ့ပေးပြီး စက်တင်ဘာလမှ စတင်၍ ငါးသိန်းစီ တိုးမြှင့်ထောက်ပံ့ခဲ့ကြောင်း ဦးတင်မောင်ဦးကဆိုသည်။
ထို့ပြင် ပါတီဆိုင်းဘုတ်စိုက်ထူခြင်းလုပ်ငန်းများအတွက် တစ်မြို့နယ်လျှင် ကျပ်၁၀သိန်းစီ ထောက်ပံ့ခဲ့ပြီး ကိုယ်စားလှယ်များအတွက် မဲဆွယ်စရိတ်အဖြစ် ငွေကျပ်၁၀သိန်းဆီ ထောက်ပံ့ထားသည်ဟု ၎င်းကဆိုသည်။
သို့သော် ယူဘီပီ၏ လျင်မြန်စွာကြီးထွားလာမှုသည် ငွေကြေးတစ်ခုတည်းကြောင့်မဟုတ်ဘဲ အနယ်နယ်၊ အရပ်ရပ်က ဦးရွှေမန်းကို လေးစားချစ်ခင်သူများ၏ အကူအညီကြောင့်ဖြစ်သည်ဟု ဦးတင်မောင်ဦးကဆိုသည်။
၎င်းတို့၏ ဖိတ်ကြားမှုကြောင့်ပင် ပါတီရုံးခန်းအများအပြားဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး ပါတီရုံးခန်းအများစုသည် အခကြေးငွေပေးစရာမလိုဘဲ ပါတီဝင်များ၏ နေအိမ်များတွင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
သို့သော် ဖရွန်းတီးယားမြန်မာက ကယားပြည်နယ်ခရီးစဉ်တစ်ခုအတွင်း ယူဘီပီသည် ပါတီဆိုင်းဘုတ် စိုက်ထူရန် ဒေသခံများကို အခကြေးငွေပေးအပ်ခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။ ရှားတောမြို့နယ်၊ တောင်ပိုင်းစုစည်းကျေးရွာတွင်နေထိုင်သူ ကယန်းအမျိုးသမီး ဒေါ်မာလုသည် ၎င်းပိုင်ခြံဝင်းအတွင်း ဆိုင်းဘုတ်စိုက်ထူရန် ယူဘီပီပါတီထံက ကျပ် ၆၀,၀၀၀ လက်ခံရရှိခဲ့သည်။ ကျပ်၃၀,၀၀၀ကို ဆိုင်းဘုတ်ထူခအဖြစ်ပေးခြင်းဖြစ်ပြီး ကျန် ကျပ်၃၀,၀၀၀ကိုမူ ကလေးမုန့်ဖိုးအတွက် ပေးခြင်းဖြစ်သည်ဟု ယူဘီပီပါတီဝင်များကဆိုကြောင်း ဒေါ်မာလုကပြောသည်။
ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်စုစုလှိုင်ကမူ ယင်းသို့သော ထောက်ပံ့ငွေများသည် ပါတီရုံးချုပ်က ပေးခြင်းမဟုတ်ဘဲ ကယားပြည်နယ်ပါတီဥက္ကဋ္ဌအနေဖြင့် ဆင်းရဲနွမ်းပါးသော ဒေသခံများကို ဂရုဏာသက်၍ ကူညီခြင်းသာဖြစ်နိုင်သည်ဟု ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၁၄မြို့နယ်အတွက် အောင်နိုင်ရေးတာဝန်ယူထားသော ၎င်းသည်လည်း အလားတူပင် ဆင်ရဲနွမ်းပါးသူများကို ကိုယ်ပိုင်ငွေမှ သိန်းရာနှင့်ချီ၍ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ၎င်းကဆိုသည်။
“ကျွန်မကိုယ်ပိုင်ငွေနဲ့လှူတာ။ ကိုယ့်ဒေသက အခက်အခဲကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းတာပေါ့” ဟု ဒေါ်စုစုလှိုင်ကပြောသည်။
ရွှေပြည်သာမြို့နယ်တွင် စိမ်းလဲ့ဝေအထူးကုဆေးရုံ ဖွင့်လှစ်ထားပြီး နေပြည်တော်၊ ကလောနှင့် ဟဲဟိုးမြို့များတွင် ဟိုတယ်များပိုင်ဆိုင်ထားသော ဦးတင်မောင်ဦးကလည်း ပါတီ၏လိုအပ်ချက် အတော်တော်များများအတွက် ဌာနချုပ်ထံမှ တောင်းခံခြင်းမပြုဘဲ ကိုယ်ပိုင်ငွေမှ စိုက်ထုတ်သုံးစွဲလေ့ရှိသည်ဟု ဆိုသည်။
“ကျွန်တော်က ခရိုနီမဟုတ်ဘူးနော်”ဟု ၎င်းက ရယ်ရယ်မောမောပြောသည်။ “ပါတီရဲ့လိုအပ်ချက်ကို တက်နိုင်သလောက် ကိုယ်နိုင်တဲ့ဘက်က ဖြည့်ဆည်းပေးတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ပါတီက ငွေကို ရေလိုသုံးနေတဲ့ ပါတီတော့မဟုတ်ဘူး”ဟု သူကပြောသည်။

ယူဘီပီပါတီ ရေရှည်ရပ်တည်နိုင်ပါ့မလား
ယူဘီပီသည် ပါတီဝင်အင်အားများပြား၍ ငွေကြေးအင်အားတောင့်တင်းသော ပါတီတစ်ခုဖြစ်သည့်တိုင် အနာဂတ်မြန်မာ့နိုင်ငံရေးတွင် မည်သည့်အချိန်အထိ ရပ်တည်နိုင်မည်နည်းဆိုသည်က စိတ်ဝင်စားဖွယ် ကောင်းလှသည်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ ယူဘီပီ၏ ရှေ့အလားအလာအပေါ် အကောင်းသိပ်မမြင်ပေ။
“၂၀၁၅မှာ သူ (ဦးရွှေမန်း) ရဲ့ဇာတိကနေ အရွေးခံတဲ့အခါမှာ ရွေးကောက်မခံရဘဲ လူထုကနေ ငြင်းပယ်ခံရတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့မှာကောင်းမွန်တဲ့ အဆက်အသွယ်တွေနဲ့ အင်အားတွေ၊ လူအင်အား၊ ပညာအင်အား၊ ဓနအင်အားတွေ ရှိသော်ငြားလည်း သူ့ဒေသက သူ့လူထုကတောင် သူ့ကိုမကြိုက်တဲ့အခါကျတော့ (လူထုထောက်ခံမှု) များများစားစား ရနိုင်မယ်လို့တော့ ကျွန်တော်မထင်ဘူး”ဟု ၎င်းကပြောသည်။
ဦးရွှေမန်းသည် ၂၀၁၅တွင် ပဲခူးတိုင်းဒေသကြီးရှိ ၎င်း၏ဇာတိမြို့နယ်ဖြစ်သော ဖြူးပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်းကို မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ပြည်သူလူထုကိုဖိနှိပ်သည့် စစ်အစိုးရတွင်ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သော ဦးရွှေမန်း၏ အတိတ်သမိုင်းရှိသည့်အပြင် သက်တမ်းနုနယ်သေးသဖြင့် ယူဘီပီ၏ ရွေးကောက်ပွဲသတင်းစကားများသည် အခြေခံလူတန်းစားထံရောက်ရှိရန် ခက်ခဲနေသည်ဟု သုံးသပ်ကြောင်း ဦးထွန်းကြည်ကဆိုသည်။
ပါတီပြန်ကြားရေးတာဝန်ခံ ဒေါ်စုစုလှိုင်ကမူ ယူဘီပီသည် ရွေးကောက်ပွဲကို အကောင်းဆုံးယှဉ်ပြိုင်သွားမည့်အပြင် ရွေးကောက်ပွဲတွင် ရလဒ်မကောင်းပါကလည်း နောင်တရမည်မဟုတ်ဟုဆိုသည်။
“ကျွန်မတို့အကောင်းဆုံးယှဉ်ပြိုင်မယ်။ အတွေ့အကြုံတစ်ခု ရမှာပေါ့နော်။ ရေရှည်သွားဖို့ ကျွန်မတို့ခေါင်းဆောင်က နိုင်ငံအတွက် အင်အားကြီးပါတီတစ်ခုလိုတယ်လို့ သုံးသပ်ပြီးတော့မှ တည်ထောင်ခဲ့တာဖြစ်တယ်”ဟု၎င်းကပြောသည်။
ဦးတင်မောင်ဦးကလည်း ပါတီ၏ ရေရှည်ရပ်တည်နိုင်ရေး အမြော်အမြင်ရှိရှိဖြင့် လူငယ်များကို ပြုစုပျိုးထောင်နေကြောင်းဆိုသည်။
“ဒီရွေးကောက်ပွဲပြီးရင်တော့ ဒီထက်ပိုအားကောင်းအောင် လုပ်မှာပါ။ ရေရှည်တည်တံ့ခိုင်မြဲနိုင်မဲ့ ပါတီမဖြစ်မနေလိုတယ်။ ပါတီနှစ်ခုရှိရင် ပိုကောင်းတာပေါ့။ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအနာဂတ်ကို ဦးဆောင်မယ့်ပါတီလိုလို့ ကျွန်တော်တို့က ပါတီထောင်တာ”ဟု ၎င်းကပြောသည်။
၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင် ဦးမြအေးက ယူဘီပီကဲ့သို့ မျက်နှာသစ်ပါတီများသည် ၎င်းတို့၏မူဝါဒများကို အများပြည်သူသို့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်သင့်သည်ဟု ဆိုသည်။
“အကုန်လုံးက ဒီမိုကရေစီဆိုတော့ ဒီမိုကရေစီပဲပြောနေတာပဲလေ။ ဘယ်လိုဒီမိုကရေစီလဲဆိုတာ တိတိကျကျပြောတာမျိုး၊ ဒီမိုကရေစီရအောင် ဘယ်လိုသွားမယ်ဆိုတာကို မဟာဗျူဟာ၊ နည်းဗျူဟာပိုင်းမှာက နည်းနည်းအားနည်းကြသေးတယ်”ဟု ၎င်းကပြောသည်။
ဒီမိုကရေစီသက်တမ်းနုနယ်သေးချိန်တွင် နိုင်ငံရေးပါတီအများအပြား ပေါ်ပေါက်လာသည်က ဖြစ်ရိုးထုံးစံဖြစ်ပြီး ဒီမိုကရေစီသက်တမ်းရင့်လာသည်နှင့်အမျှ ပါတီအရေအတွက် တဖြည်းဖြည်း လျော့နည်းလာလိမ့်မည်ဟု ဦးသန်းစိုးနိုင်ကဆိုသည်။
ပါတီတာဝန်ရှိသူများက ယူဘီပီတွင် ရေရှည်ရပ်တည်နိုင်မည့် စီမံကိန်းများရှိသည်ဟုဆိုသည့်တိုင် ဦးသန်းစိုးနိုင်ကမူ ယင်းသို့မထင်ပေ။
“တစ်ဖြည်းဖြည်းနဲ့ ခြေကုန်လက်ပန်းကျလာပြီး အင်အားကြီးတဲ့ပါတီတွေပဲ ရေရှည်မှာ ရပ်တည်နိုင်မှာပါ။ တချို့ကျ အင်အားကြီးပါတီတွေနဲ့ ပူးပေါင်းတာ၊ ဖျက်သိမ်းတာ စသဖြင့်ပေါ့။ ရွေးကောက်ပွဲတွေ များလာတာနဲ့အမျှ အဲဒီ လိုအင်အားစုတွေ တဖြည်းဖြည်းလျော့သွားမယ်လို့ မြင်တယ်”