‘ကုလား’ ဆိုသည့် အသုံးအနှုန်းကို ရင်းနှီးသော အနေဖြင့် ခေါ်ဆိုသည်ဟု ခုခံပြောဆိုနေခြင်းဖြင့် မြန်မာနိုင်ငံရှိ လူမှုမီဒီယာအသုံးပြုသူများသည် လေးစားသမှုဖြင့်ဆက်ဆံပေးရန် တောင်းဆိုနေသူများ၏ပြောဆိုမှုများကို နားထောင်ရန် ပျက်ကွက်နေကြပြီဖြစ်သည်။
ဝေနှင်းပွင့်သုန်
ကျွန်မကို ‘ကုလားမ’ သို့မဟုတ် လူခေါ်များသည့် အာရဘီနာမည် ‘အမီနာ’ ဟု ခေါ်ဆိုခဲ့ဖူးသည့် သူငယ်ချင်းတစ်ဦးရှိခဲ့ဖူးသည်။ သူပြောသည့် ဟာသကို လက်မခံကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပြီးဖြစ်သော်လည်း သူက ခေါ်မြဲခေါ်ဆဲ ဖြစ်ခဲ့သည်။ ကျွန်မသည် ‘ကုလားမလေး’ဖြစ်သောကြောင့် နာမည်ပြောင် ‘အမီနာ’ နှင့် လိုက်ဖက်ကြောင်းကိုပင် သူက ရှင်းပြခဲ့သေးသည်။
သူ့ကိုယ်သူ ဟာသဆန်သည် သို့မဟုတ် ချစ်ကြောင်းခင်ကြောင်းပြသည်ဟု ထင်နေသော်လည်း ကျွန်မကိုးကွယ်ယုံကြည်သော ဘာသာအပေါ်အခြေခံပြီး ခေါ်ဝေါ်ခံရခြင်းကို လေးစားသမှုမရှိသည့် အပြုအမူအဖြစ် မှတ်ယူခဲ့သည်။ ကျွန်မသာ မွတ်စလင်တစ်ယောက်မဟုတ်ခဲ့လျှင်၊ ကျွန်မ၌ ထူထဲသော မျက်ခုံးမွေး သို့မဟုတ် တောင်အာရှသွေးပါသည့် လူများတွင်ရှိတတ်သည့် အခြားကြင်အင်လက္ခဏာများမရှိခဲ့လျှင် သူသည် ကျွန်ကို ယင်းကဲ့သို့ ခေါ်ဆိုမည်မဟုတ်ချေ။
မြန်မာလူ့အဖွဲ့အစည်းရှိ လူများ တစ်ဦးနှင့်တစ်ဦး မည်ကဲ့သို့ မကြာခဏဆက်ဆံပုံကို ယခုဖြစ်ရပ်လေးက ပြသနေသည်။ ဘာသာတရား၊ လူမျိုးနှင့် ပုံပန်းသဏ္ဌာန်အပေါ်မူတည်ပြီး လူများကို နာမည်ပြောင်ပေးတတ်မှုနှင့်အသားကျပြီး ကျွန်မတို့ ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့်လည်း ကျွန်မတို့စိတ်ထဲတွင် စော်ကားသည်ဟု မှတ်ယူသည် လူမှုရေးနှုန်းစံများကို ပြောင်းလဲရန်အတွက် ယခုလတွင် ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် “ကျွန်တော်/ ကျွန်မကို ကုလားလို့မခေါ်ပါနဲ့” ဆိုသည့် လှုပ်ရှားမှုကို စတင်လုပ်ဆောင်သည့် လှုပ်ရှားသူများကို တကယ်တမ်းလေးစားမိခြင်းဖြစ်သည်။
တောင်အာရှသွေးပါသူများနှင့် ပြောကြသည့် မြန်မာရှိတိုင်းရင်းသားမျိုးနွယ်များကြား ခွဲခြားလိုသည့်အတွက် သုံးနှုန်းနေသည့် လူမျိုးရေးအသုံးအနှုန်း ‘ကုလား’ ဆိုသည့် စကားလုံးနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြန်လည်ရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းပြီး အခြားနိုင်ငံဆိုသည်မှာမရှိသူများအတွက် ‘ကုလား’ ဟုခေါ်ဆိုခံရခြင်းသည် သူတို့ကို အပြင်လူများအဖြစ် ကောင်းကောင်းကြီး တံဆိပ်ခပ်နှိပ်လိုက်ခြင်းသာဖြစ်သည်။
လှုပ်ရှားသူများ၏ ကြိုးပမ်းမှုကို မြန်မာနိုင်ငံရှိ လူမှုမီဒီယာအသုံးပြုသူများက လှောင်ပြောင်ခဲ့ကြသည်။ ‘ကုလား’ ဟုခေါ်ဆိုမှုကို ခုခံပြောဆိုခဲ့ကြသည်။ ‘ကုလား’ ဟုခေါ်ခြင်းအတွက် နစ်နာစရာမရှိကြောင်း သူတို့ကပြောကြသည်။ ‘ကုလား’ အသုံးနှင့်ပတ်သက်၍ ကျွန်မတို့ကပြောဆိုသည့်အခါတိုင်း ‘ပရိဘောဂ’ နှင့် ‘ပဲ’ တို့ကိုလည်း ယင်းကဲ့သို့ခေါ်ဆိုတတ်ပုံကို ထည့်သွင်းပြောဆိုလာတတ်သည်။
ထိုင်ခုံကို ‘ကုလားထိုင်’ ၊ ပဲတစ်မျိုးကို ‘ကုလားပဲ’ ဟုလည်း ခေါ်ဆိုနေကြောင်း ဥပမာများပေးကြရင်း လူမျိုးရေးခွဲခြားသုံးနှုန်းမှုကို ပုံမှန်အခြေအနေတစ်ခုလိုဖြစ်အောင် လုပ်နေကြသည်။ ‘ကုလားထိုင်’၊ ‘ကုလားပဲ’ တို့ကို အခေါ်ပြောင်းခိုင်းခြင်းမဟုတ်ဘဲ ‘ကုလား’ ဟု ခေါ်သည်ကို မကြိုက်သူများအား ‘ကုလား’ ဟု မခေါ်ရန်သာ လူများကို တိုက်တွန်းနေရခြင်းဖြစ်သည်။ အဆိုပါပစ္စည်းများနှင့်ပတ်သက်၍ မြန်မာလိုအခေါ်များနှင့်ပတ်သက်၍ ငြင်းခုန်ဆွေးနွေးနေခြင်းမဟုတ်ပါ။
‘ကုလား’ ဆိုသည့် အခေါ်ကို ခုခံပြောဆိုပြီး လှုပ်ရှားသူများ၏ဆောင်ရွက်ချက်ကို ကန့်ကွက်နေကြသူများသည် လေးစားသမှုဖြင့် ဆက်ဆံရန်တောင်းဆိုသည့် ကျွန်မလိုလူများ၏ဆိုလိုရင်းကို နားထောင်ရန် ပျက်ကွက်ခဲ့ကြသည်။ အပြောင်းအလဲကို ယခုလိုခြေကန်ငြင်းပယ်နေကြသူများကို တွေ့မြင်ရသည်မှာ စိတ်ပျက်စရာကောင်းလှသည်။
နာမည်ကျော် နိုင်ငံရေးသမား ဦးကိုကိုကြီးသည်လည်း ဇွန် ၁၀ ရက်တွင် ဖေ့စ်ဘွတ်ခ်ပို့စ်နှစ်ခုတင်ပြီး ‘ကုလား’ ခေါ်သင့်မသင့် ငြင်းခုန်မှု၌ ပါဝင်လာခဲ့သည်။ ဝေါဟာရဆိုသည်မှာ အရေးမပါဘဲ စကားလုံးများကို ပြောင်းလဲခြင်းဖြင့် ခွဲခြားဆက်ဆံခြင်း၏အကြောင်းအရင်းခံကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဦးကိုကိုကြီးက ရေသားခဲ့သည်။ ထို့ပြင် ‘ကုလား’ ဆိုသည့် အသုံးအနှုန်းကို လူမျိုးရေးခွဲခြားလိုသည့် ရည်ရွယ်ချက်ဖြင့် သုံးနှုန်းသည်ဟုလည်း မထင်မိကြောင်း သူကပြောဆိုခဲ့သည်။
“ခုအချိန်မှာ ဘယ်သူကမှ ဘယ်သူ့ကို ဒီအသုံးအနှုံးနဲ့နှိမ်ချဆက်ဆံလို့ ပြဿနာဖြစ်တယ်လည်း မကြားမိပါ။” ဟု သူက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ဇွန်လ ၁၀ ရက်က ရေးသားခဲ့သည်။
ဦးကိုကိုကြီးသည် လှုပ်ရှားဆောင်ရွက်မှုများအတွက် အကျဉ်းထောင်တွင် ဆယ်စုနှစ်စုနီးပါးနေထိုင်ခဲ့ရသည့်အတွက်သာမက ကျွန်မ၏ဖခင် ၈၈ မျိုးဆက်အဖွဲ့ဝင် ဦးမြအေး၏အရင်းနှီးဆုံးမိတ်ဆွေဖြစ်နေသည့်အတွက်ကြောင့် ဦးလေးလိုဖြစ်နေကာ နှစ်ပေါင်းများစွာ အကြံကောင်းများပေးခဲ့သောကြောင့်လည်း သူ့အပေါ် အလေးစားကြီးလေးစားခဲ့သည်။ သို့သော် ‘ကုလား’ ဆိုသည့် အသုံးအနှုန်းနှင့်ပတ်သက်၍ သူ့အမြင်ကိုသိလိုက်ရသည့်အခါ ဝမ်းနည်းသွားမိသည်။
ဦးဆုံးအနေဖြင့် ပြောရလျှင် စကားလုံးရွေးချယ်မှုသည် လေးစားမှုရှိစေရေးအတွက် အရေးပါပါသည်။ အထူးသဖြင့် လေးစားသမှု၊ ယဉ်ကျေးသမှုပြလိုသည့်ရည်ရွယ်ချက်ဖြင့် စကားလုံးကိုရွေးချယ်သုံးနှုန်းတတ်သည့် မြန်မာ့လူ့အဖွဲ့အစည်းလိုမျိုးတွင် စကားလုံးရွေးချယ်မှုသည် ပဓာနကျသည်။
ဒုတိယအနေဖြင့် ခွဲခြားဆက်ဆံရန် ရည်ရွယ်ချက်ဖြင့် ‘ကုလား’ ဟုခေါ်ဆိုမှုမရှိခဲ့ဆိုသည့် ပြောဆိုမှုသည်လည်း မှားကိုမှားနေပါသည်။ အမျိုးသားရေးစိတ်ဓာတ်ကိုဆွပေးပြီး လူမျိုးရေးခွဲခြားသူများက အန္တရာယ်ရှိသော အပြင်လူများအဖြစ် သတ်မှတ်ပြီး သတ်ဖြတ်မှုများကို မှန်ကန်သည်ဟု သက်သေပြရန်အတွက် ‘ကုလား’ ဆိုသည့် စကားလုံးကို သုံးစွဲခဲ့ကြပြီးဖြစ်ကြောင်း အထောက်အထားခိုင်ခိုင်မာမာရှိနေပါသည်။
နောက်ဆုံးအနေဖြင့် လူများသုံးသည့် စကားလုံး နှင့် သူတို့ဖော်ပြသည့် အမြင်များမှာ ပြဿနာမဟုတ်လျှင် မွတ်စလင်အဖြစ်မွေးဖွားလာသူ သို့မဟုတ် အသားမည်းသူများဖြစ်နေခြင်းကိုယ်၌ က ပြဿနာဖြစ်နေပြီလားဟု မေးစရာရှိလာသည်။ မြန်မာနိုင်ငံရှိ လူများစွာတို့က နိုင်ငံတွင်းရှိ မွတ်စလင်များကို တရားမဝင်ရွှေ့ပြောင်းများသို့မဟုတ် ပြဿနာရှာသူများ အချုပ်ပြောရလျှင် ပြဿနာဖြစ်စေသည့်အတွက် မိမိတို့လုပ်ထားသည့်အရာအတွက် အကျိုးဆက်ကိုခံထိုက်သူများအဖြစ် ရှုမြင်ထားကြသည်။
သာမန်အပြောင်အပျက်ပြောလိုသည့်ရည်ရွယ်ချက်ဖြင့် ‘ကုလား’ ဟု ခေါ်တတ်ကြပါသလား။ ဟုတ်ပါသည်။ ကျွန်မမိခင်နှင့် စကားပြောသည့်အခါတိုင်း ကျွန်မကိုယ်ကျွန်မ ယင်းကဲ့သို့ ခေါ်တတ်ပါသည်။ ဥပမာပေးရလျှင် ဘောလီးဝုဒ်ဂီတနှင့် ဒန်ပေါက်တို့ကို ကြိုက်လွန်းသောကြောင့် ကျွန်မသည် ‘ကုလားမ’ ဖြစ်ကြောင်း မကြာခဏ နောက်နောက်ပြောင်ပြောင်နှင့်ပြောတတ်သည်။
သို့သော် နောက်ခံအကြောင်းအရင်းက အရေးကြီးပါသည်။ ကိုယ့်ကို ချိုးနှိမ်လို၍ဖြစ်စေ၊ ပထုတ်လို၍ဖြစ်စေ ရည်ရွယ်ချက်မျိုးဖြင့် ပုံမှန်သုံးတတ်သည့် လူ့အဖွဲ့အစည်းတွင် ကြီးပြင်းလာဆိုသည်ပါက ‘ကုလား’ ဆိုသည့် အသုံးအနှုန်းကို ချစ်စရာကောင်းသည့် နာမည်ပြောင်အဖြစ် လွယ်လင့်တကူလက်ခံမည်မဟုတ်ချေ။
ကျွန်မတို့သည် အခြားလူများကဲ့သို့ပင် မြန်မာနိုင်ငံမှာပင် မွေးပြီး မြန်မာရေကိုသောက်ခဲ့ကြသော်လည်း ကျွန်မတို့သည် မြန်မာစစ်စစ်များမဟုတ်ကြောင်း မြန်မာလူ့အဖွဲ့အစည်းက တစ်ချိန်လုံး သတိပေးနေခဲ့သည်။ နိုင်ငံသားမှတ်ပုံကတ်လျှောက်ထားရာတွင်လည်း မျိုးဆက်သုံးဆက်ကို မဖြစ်မနေခြေရာခံတင်ပြရတတ်ပြီး ကျွန်မတို့ မှတ်ပုံတင်ကတ်တစ်ခု ရသင့်မသင့်မှာ ကျွန်မတို့ ဘိုးဘေးများ မည်သည့်နေရာကလာသည်က အရေးကြီးနေသည်။
ကျွန်မသည် ကျွန်မ၏ဘိုးဘေးဘီဘင်များနှင့် တစ်ကြိမ်မျှမတွေ့ဖူးသလို သူတို့မွေးဖွားခဲ့သည့် နိုင်ငံများသို့ မရောက်ခဲ့ဖူးပါ။ သို့သော် ကိုင်ဆောင်သူ၏ လူမျိုးနှင့် ဘာသာကိုဖော်ပြထားသည့် ကျွန်မ၏နိုင်ငံသားမှတ်ပုံတင်ကတ်၌မူ ကျွန်မသည် ပါကစ္စတန်၊ အိန္ဒိယ၊ မဲမွန်၊ စွန္နီ၊ အစ္စလာမ်နှင့် ဗမာအဖြစ် ဖော်ပြခံထားရသည်။
၁၀ နှစ်သမီးအရွယ်တွင်ရခါစ မှတ်ပုံတင်ပေါ်ရှိ မျိုးစုံလှသော လူမျိုးများကြောင့် စိတ်ရှုပ်ခဲ့ရသော်လည်း တစ်ချိန်တည်းမှာပင် ကျွန်မသည် သူငယ်ချင်းများနှင့် ကွဲပြားသူအဖြစ် သတ်မှတ်ခံထားရကြောင်းကိုလည်း သိနားလည်ခဲ့သည်။ နိုင်ငံကူးလက်မှတ်လျှောက်ရာတွင် အခြားလူများနှင့်မတူ သီးခြားတန်းစီရပြီး စစ်ဆေးမှုများလွန်းသဖြင့် ကြာမြင့်လှသည့် လူတန်းရှည်ကြီးတွင် ရပ်နေရကာ ဝန်ထမ်းများကလည်း စစ်စစ်ပေါက်ပေါက်မေးမြန်းမှုများကို ပြုလုပ်ခဲ့ကြသည်။ ပြောရလျှင် အများကြီးရှိနေပါသေးသည်။
‘ကျွန်တော်/ ကျွန်မတို့ကို ကုလား လို့မခေါ်ပါနဲ့’ ဆိုသည့် လှုပ်ရှားမှုသည် အမေရိကန်ပြည်ထောင်စု၌ လူမျိုးရေးခွဲခြားမှုအတွက် တရားမျှတမှုရရေးလှုပ်ရှားမှုများကို သံယောင်လိုက်ပြီး ပေါ်ပင်လုပ်နေသည်ဟု ပြောဆိုမှုများသည် အဓိပါ္ပယ်မရှိလှချေ။ ‘ကုလား’ ဆိုသည့် စကားလုံးနှင့် အမေရိကန်ပြည်ထောင်စုရှိ နီဂရိုးဆိုသည့် စကားလုံးတို့ကြား ထူးထူးထွေထွေမစဉ်းစားဘဲ နှိုင်းယှဉ်ခြင်းကြောင့် လိုရာမရောက်ဘဲ လမ်းလွဲသွားနိုင်သော်လည်း အဆိုပါစကားလုံးကို အုပ်စုတစ်စုကို ခွဲခြားဆက်ဆံပထုတ်ရန် သုံးနှုန်းတာမဟုတ်ကြောင်း ငြင်းပယ်ခြင်းကလည်း နားထောင်ရန်နှင့် သင်ခန်းစာယူရန် ပျက်ကွက်သည်ကို ဖော်ပြနေပြန်သည်။
အခြားလူများကို ခွဲခြားဆက်ဆံလိုသည့်အတွက် ‘ကုလား’ ဆိုသည့် အသုံးအနှုန်းကို အကြိမ်ကြိမ်သုံးနှုန်းနေပြီး စော်ကားလိုသည့် အဓိပါ္ပယ်မရှိဟု ပြောဆိုနေခြင်းကလည်း မလေးစားကြောင်းကို ပြသနေပြန်သည်။
လူများကို ‘ကုလား’ ဟု ဆက်မခေါ်ခြင်းကြောင့် မြန်မာ့လူ့အဖွဲ့အစည်းရှိ အရိုးစွဲနေသည့် ပြဿနာကိုဖြေရှင်းနိုင်မည်မဟုတ်ချေ။ သို့သော် ကုလားဟု ဆက်မခေါ်ခြင်းကိုယ်တိုင်က အရေးပါသည့် ပထမဆုံးအဆင့်ဖြစ်လာနိုင်သည်။ လူများသည် အခြားလူများကို ချိုးနှိမ်ခေါ်ဝေါ်သည့် အကျင့်ကိုဖျောက်ရန် တွန့်ဆုတ်နေမည်ဆိုပါက တိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုဝင်များအား လေးစားမှုရှိရှိ ဂုဏ်သိက္ခာအပြည့်ဖြင့် ဆက်ဆံသည့် နိုင်ငံဖြစ်လာရန် မျှော်လင့်နိုင်တော့မည်မဟုတ်ချေ။
သက်အေး ဘာသာပြန်သည်။