မြန်မာနိုင်ငံတွင် shop.com.mm အား လုပ်ကိုင်နေပြီး ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် နီပေါနိုင်ငံများရှိ E-commerce နယ်ပယ်တွင် ဦးဆောင်နေသည့် Daraz Group အား တရုတ်နိုင်ငံမှ Alibaba က ဝယ်ယူလိုက်ပြီဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Daraz သည် ဝက်ဘ်ဆိုက်ပေါ်မှ ပစ္စည်းများ ဝယ်ယူနိုင်သည့် အွန်လိုင်းဈေးဝယ်မှု နယ်ပယ်၌ အောင်မြင်နေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မြန်မာနှင့် နီပေါနိုင်ငံများတွင် online marketplace အဖြစ် ရပ်တည်နေသည်။
“အခုလို လုပ်ငန်းအပြောင်းအလဲကနေ Daraz က Alibaba ရဲ့ မိသားစုဝင် ဖြစ်လာပါပြီ။ ကျွန်တော်တို့ အားလုံးလဲ ‘make it easy to do business anywhere’ ဆိုတဲ့အတိုင်း ရည်မှန်းချက်တွေကို ဂုဏ်ယူစွာနဲ့ ဆက်လက်လုပ်ဆောင်ကြမှာပါ။ ကျွန်တော်တို့ e-commerce ခရီးလမ်းကို ကြိုးကြိုးစားစားနဲ့ စတင်လျှောက်လှမ်းခဲ့ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ပုံပေါ်လာအောင် ရေးဆွဲနေဆဲဖြစ်ပါတယ်” ဟု Daraz ၏ ပူးတွဲစီအီးအိုဖြစ်သူ Bjarke Mikkelsen က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
ယနေ့ ထုတ်ပြန်ကြေငြာချက်အရ Daraz Group သည် တရုတ်အခြေစိုက် နိုင်ငံတကာ Online Marketplace အဖြစ် အောင်မြင်ကျော်ကြားနေသည့် Alibaba ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီဖြစ်သည်။
ထို့ကြောင့် Daraz Group သည် Alibaba ၏ ဦးဆောင်မှု၊ နည်းပညာ၊ အွန်လိုင်းကူးသန်းရောင်းဝယ်ရေး၊ ငွေပေးချေမှုစနစ် နှင့် သယ်ယူပို့ဆောင်ခြင်း နည်းလမ်းများနှင့်အတူ လူဦးရေ သန်း ၄၆၀ ကျော်ရှိသော တောင်အာရှဈေးကွက်ထဲသို့ ပိုမိုထိုးဖောက် ဝင်ရောက်နိုင်မည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“Alibaba နဲ့အတူ ဒေသတွင်းရှိ စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့် အခွင့်အလမ်းပိုမို ဖန်တီးပေးနိုင်ရန်နှင့် ကျွန်တော်တို့ရဲ့ ကတိစကားအတိုင်း ဈေးဝယ်သူများကို အကောင်းဆုံး အရည်အသွေးမြင့်ပစ္စည်းများ၊ လွယ်ကူလျှင်မြန်သော နည်းလမ်းများနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အကောင်းမွန်ဆုံး နည်းပညာပလက်ဖောင်း၊ ကြီးမားတဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွန်ယက်၊ ကျယ်ပြန့်သော ecosystem တွင် တက်ကြွစွာ ပါဝင် လုပ်ဆောင်နေသူများ၊ အားလုံးစုပေါင်းပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ကြိုးစားလုပ်ဆောင်ကြမှာ ဖြစ်ပါတယ်” ဟု Daraz ၏ ပူးတွဲစီအီးအိုတစ်ဦးဖြစ်သူ Dr. Jonathan Doerr က ပြောကြားသည်။
Daraz သည် တောင်အာရှတွင် ရောင်းချသူ ၃၀,၀၀၀၊ ကုန်ပစ္စည်းအမှတ်တံဆိပ် ၅၀၀၊ ဈေးဝယ်သူ ငါးသန်းတို့အား ဝန်ဆောင်မှုပေးလျှက်ရှိပြီး ပစ္စည်းအမျိုးပေါင်း နှစ်သန်း ရရှိနိုင်သည်ဟုဆိုသည်။